Monday, January 2, 2012 0 အကြံပြုစာ By: ဘ၀ဇာတ်ခုံ

အတွေးဥဒက

ပါဠိစာပေကို ငါသင်ဘူးသည်။ ငါနှစ်သက်မိခဲ့သော ပါဠိစကားလုံးလေးတွေ မြောက်များစွာရှိသည်၊ ပါဠိစာပေမှာ အချို့စကားလုံးတွေက စိတ်ဝင်စားစရာကောင်းသည်။ အချို့ ပါဠိစကားလုံးတွေကို မြန်မာစာပေမှာ တိုက်ရိုက်သုံးသည်။ ဥပမာ သဒ္ဓါ၊ စေတနာ၊ မေတ္တာ၊ ကရုဏာတို့ဖြစ်သည်။ အချို့စကားတွေကို မြန်မာသတ်ပြုထားသည်။ ဥပမာ ဘုန်းကံ၊ ကုသိုလ်၊ အကုသိုလ်တို့ဖြစ်သည်။ တစ်ချို့ပါဠိတွေကို မြန်မာမှုပြန်နေမည့်အစား တိုက်ရိုက်ယူသုံးခြင်းက ပိုကောင်းသည်။ အဓိပ္ပါယ်ထိမိသည်။ ငုံမိသည်။ ဆိုလိုရင်းကို တိုက်ရိုက်ရောက်သည်။ စကားကိုလဲ ပိုလေးနက်စေသည်။

ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ မြမာစကားများ၌ ပါဠိစာပေနဲ့ နှီးနွယ်ခြင်း ရောစပ်ခြင်း ပါရှိခြင်းဖြစ်သည်။ ပါဠိများကို နေ့စဉ်သုံး အမည်နာမသတ်မှတ်ရာ၌ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံထက် ပိုများသည်ဟု ထင်မိသည်။ သူတို့လမ်းအမည် နေရာဒေသ စသည်များကို လေ့လာကြည့်ရင်း သတိထားမိခြင်းဖြစ်သည်။ သူတို့လဲ တိုက်ရိုက်သုံးခြင်း ပါဠိသတ်သုံးခြင်းများရှိသည်။ အချို့ပါဠိပုဒ်များတွင် အက္ခရာကို ရှေ့မှ ဖြစ်စေ နောက်မှ ဖြစ်စေ တစ်လုံးဖြုတ်လိုက်သော်လည်း အဓိပ္ပါယ်ပျက်မသွား။ ကျန်သည့်အက္ခရာပုဒ်တွေက အဓိပ္ပါယ်ကို ဖော်ဆောင်ပေးနိုင်စွမ်းရှိသည်။ ဤကဲ့သို့ ပုဒ်တွေက များများစားစား ရှိသည်တော့မဟုတ်၊ သတိထားရင်တော့ တွေ့နိုင်သည်။ ပါဠိစာကို သင်ရင်း ထိုပုဒ်တွေကို သတိထားမိခဲ့သည်။ စိတ်လဲဝင်စားမိသည်။ 

ပါဠိစကားတွင် ထိုကဲ့သို့ စိတ်ဝင်စားစရာ အကောင်းဆုံး စကားတလုံးကို ထုပ်ပြပါဆိုလျှင် ငါသည် "ဥဒက" ပုဒ်ကိုပြမည်။ ဥဒက-ကိုရှေ့ဆုံး (ဥ) ကိုဖြုတ်လိုက်လျှင် ဒက-ရသည်။ ဒက-သည်လည်း ရေကိုပြောသည်။ ဟောသည်။ နောက်ဆုံး (က) ကိုဖြုတ်လိုက်လျှင်လည်း ဥဒ-ရသည်။ ဥဒသည်လည်း ရေကိုပင်ဟောသည်။ ပြောသည်။ ရသည်။ သုံးခုပေါင်း ဥဒက-သည်လည်း ရေကိုပင်ဟောသည်။ ထိုကဲ့သို့ စိတ်ဝင်စားစရာတွေ ပါဠိစကားတွင်ရှိသည်။ ထို့ကဲ့သို့ အခြားနမူနာပြစရာ နှစ်ခုရှိသေးသည်။ ပါဠိစာပေကို သင်ဘူးရင် သိမည်ဟု ယုံကြည်မိသည်။ ထိုပါဠိစာပေ စကားများကို မြန်မာနိုင်ငံ၌ ကိုရင် ဦးဇင်းမြောက်များစွာသင်ယူနေကြသည်။ သင်ယူခြင်းဖြင့် ဘုရားဟောကို ထိထိမိမိ တိတိကျကျ မိမိရရ အဓိပ္ပါယ်သိနိုင်သည်။ ပြန်နိုင်သည်။ ပြောနိုင်သည်။ သင်ပြနိုင်စွမ်းရှိသည်။ လမ်းမချော်နိုင်၊ မဂ္ဂင်လမ်းမ ဧကာယနကို ဖြောင့်တန်းစွာလျှောက်နိုင်သည်။ သင်ယူခြင်း ပို့ချခြင်း ဟောပြောခြင်း ကျင့်သုံးခြင်း ရှိနေသရွေ့ မြတ်ဗုဒ္ဓသာသနာနဲ့ အဆုံးအမ ငါတို့ဘ၀ထဲမှာ အမြဲရှိနေမည်။ ဘ၀လမ်းညွန်မပြောက်တော့ပေ။

ပါဠိစာပေကို သင်ယူပို့ချခြင်း ရပ်ခဲ့လျှင်တော့ ရေသောက်မြစ်ရပ်စဲတော့သည်။ ဘ၀ရသ ၀ိမုတ္တိရသကို ဓမ္မဖြင့်မပေးနိုင်ပဲ လမ်းလွဲသွားနိုင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ စာသင်တိုက်အသီးသီးကို အကြိမ်ကြိမ် ဦးချမိသည်။ ကျေးဇူးတင်မိသည်။ ကူညီပံ့ပို့သင့်သည်။ ကူညီမည်ဟုလည်ဆုံးဖြတ်ထားသည်။ သာသနာ၏ ခံတပ်များသည် စာသင်တိုက်များပင်ဖြစ်သည်။ ထင်ရှားကျော်ကြားသည့် သာသနာ့ခေါင်းဆောင်များအားလုံး စာသင်တိုက်မှမွေးထုတ်လိုက်သည်ကို သိထားသင့်သည်။ အကယ်၍ စာသင်တိုက်များမရှိလျှင် သာသနာသည် ရေမရှိတဲ့ပန်း နေထိနွမ်းသလိုဖြစ်မှာ သေချာသည်။ ငါသည်လည်း ငါသင်ခဲ့သော ပါဠိစာပေ စာသင်တိုက်ကြီးတွေ ရှိရာကို နေ့စဉ် ဦးတိုက်နေမိသည်။ အနာဂတ်အတွက် မျှော်လင့်နေမိသည်။ လက်ရှိမြန်မာနိုင်ငံ ပါဠိစာပေသင်ယူမှုကို ဂုဏ်ယူနေမိသလို အားနည်းသွားမည်ကိုပါ စိုးရိမ်စိတ်တွေ ၀င်နေမိသည်။ စာသင်တိုက်များသည် သာသနာတော်၏ မိခင်များပင်ဖြစ်သည်။ 

ငါစိတ်ဝင်စားခဲ့တဲ့ ပါဠိစကား ဥဒက-ကို ရှေ့နောက် တစ်လုံးစီကို ဖြုတ်သော် ရေဆိုသည့် အဓိပ္ပါယ်မပျက်ပေမဲ့ သာသနာတော်ရဲ့ရေသောက်မြစ် ပြည်မြန်မာရှိ ပါဠိစာပေ စာသင်တိုက်ကြီးတွေကို ခေတ်နောက်ကျတယ်ဆိုပြီး ဖြုတ်လိုက်ရင်တော့ အဓိပ္ပါယ်က လုံးဝလုံးဝ ပြောင်းသွားတော့မည်။ စာတတ်ပေတတ် ဓမ္မကို အမတထိပေးစွမ်းနိုင်တဲ့ "ရဟန်းပညာတတ်" တွေလဲဖူးခွင့် မြင်ခွင့် ကြားနာခွင့်ပါ ဆုံးရှုံးတော့မည်။ ဤသို့ဆိုလျှင် ဥဒကကို စိတ်ဝင်စားမိသော ငါသည်လည်း အိပ်ပျာ်တော့မည်မဟုတ်။ ငါတကယ်ခံစားရမည်မှာ သေချာသည်။ ပါဠိစာပေကို တန်ဘိုးထားတတ်ကြပါစေဟုသာ ။
Sunday, January 1, 2012 0 အကြံပြုစာ By: ဘ၀ဇာတ်ခုံ

2012

နှစ်ဟောင်းကို ကလာကာချ
နှစ်သစ်ကို စိတ်သစ်ကိုယ်သစ်နဲ့
မွေးဖွါးပေးလိုက်တော့
ပြန်ကြည့်ရင် အထိအတွေ့က
အတိတ်မှာ
ခက်ကောင်းခက်မယ်
ကွေ့ကောက်ကောင်း ကွေ့ကောက်မယ်
အလှည့်အပြောင်း ဘ၀လမ်းကြောင်းတွေက
အနိမ့်အမြင့် အရှိုက်အပင့်တွေနဲ့
ရသတွေက တူချင်မှတူမယ်
ဘ၀အရသာက
စပ်တတ်ရင်
ကော်ဖီတခွက်လိုပဲ
အချိုးကျဖို့တော့ လိုတာပေါ့
၂၀၁၂ မှာတော့
"အိမ်မက်ကို ရေးချ
ဘ၀ကို ထုဆစ်
မျှော်လင့်ချက်ကို အသက်သွင်း
ရိုက်ချက်ပြင်းပြင်းနဲ့
တန်ဘိုးမြင့်အောင် ဖန်ဆင်းလိုက်"
အဲဒါ မင်းအတွက်
Happy new year to you! ပဲ။
Saturday, December 31, 2011 0 အကြံပြုစာ By: ဘ၀ဇာတ်ခုံ

နှစ်သစ်ဆုတောင်း


အင်း ၂၀၁၁-နှစ်ဟောင်းက အသက်ထွက်လုဆဲဆဲ ငါဘာလုပ်ရမလဲ မသိဖြစ်နေတယ်။ မကြာခင်မှာ ၂၀၁၂ -နှစ်သစ်က မွေးဖွါးတော့မယ်။ နောက်ပြန်ကြည့်တော့လဲ အခက်အခဲ ခံစားချက် လောကဓံရိုက်ချက်က မသက်သာ၊ လတ်တလောခံစားချက်က မီးဘေးသင့်သူတွေ သေဆုံးသူတွေ အသက်ပေးသွားသူတွေကို တွေးနေမိတယ်။ ကိုယ်နဲ့ဝေးပေမဲ့ ငါကမြန်မာသွေးဆိုတော့ ပူသည် ဆူသည် ခံစားရသည်ပဲလေ၊

ဘုရားရှင်ရှေ့မှာထိုင် ဆီမီး ပန်း နံ့သား အစုံစုံတင်လိုက်တယ်၊ ကြည်ညိုဖွယ် စိတ်ကြည်လင်အောင်အရင်ဖန်တီးယူလိုက်တယ်၊ ပရိတ် ပဌာန်း မဟာသမယ ဓမ္မစင်္ကြာ အနတ္တလက္ခဏာသုတ်တွေကို ပူဇော်လိုက်တယ်၊ အချိန်အကန့်အသတ်နဲ့ စိတ်တွေကို သတိနဲ့ မိတ်ဆက်ပေးထားလိုက်တယ်။ စိတ်လက်ကြည်သာဖြစ်နေလို့ စိတ်စွမ်းအား စေတနာ ကောင်းမူအဟုန်တွေကို စိတ်နဲ့ နှုတ်နဲ့ တိုင်းတည်ပြီး အမျှ အမျှ အမျှ ဆိုပြီး ပေးဝေနေမိတော့တယ်။

နှစ်ဟောင်းမှာ ကျွေလွင့်ခဲ့ကြတဲ့ ပြည်မြန်မာက ရှင်လူအများအားလုံးနဲ့ မီးဘေးကြောင့် အသက်ဆုံးရှုံးသူတွေ အသက်ပေးသွားတဲ့ မီးသတ်ရဲဘော်တွေကို အထူးရည်စူးပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် လုပ်နေတာပါ။ဒီနေ့နှစ်ဟောင်းကုန်တော့မည့်ဆဲဆဲမှာ ငါအလုပ်ချင်ဆုံးဟာ သူတို့အတွက်လေ၊ နှစ်ဟောင်းပျောက်သွားသလို သူတို့လဲ အသက်တွေပျောက်ကုန်ခဲ့ပြီ၊ ၂၀၁၂-နှစ်မွေးဖွါးလာသလို သူတို့အားလုံးလဲ ဘ၀သစ်မှာ မွေးဖွါးနေရောမည်၊ ဘယ်လိုအခြေမျိုးတွေနဲ့ ဆိုင်ရာဘ၀တွေကို ဖြတ်သန်းနေသည်ကိုတော့ ငါလဲတိကျမသိ၊ သောက ဒုက္ခ ကိုယ်စိတ်နှစ်ပါး ဆင်းရဲမှ လွတ်မြောက်ကြပါစေလို့ အမျှဝေရင် တောင်ဆုချွေနေမိတယ်။ မြင့်မြတ်တဲ့ဘ၀တွေကို ကိုယ်စီပိုင်ဆိုင်နိုင်ပါစေလို့လဲ ထပ်မံဆုတောင်းပေးမိတယ်။

ဘာပဲဖြစ်ဖြစ် ငါလဲ နှစ်ဟောင်း ပုံရိပ်အမျိုးမျိုးကို လှမ်းမျှော်ကြည့်ရင်း နှုတ်ဆက်လိုက်မိတော့တယ်။ နှစ်သစ်ကို စိတ်သစ်ကိုယ်သစ်နဲ့ ကြိုလိုက်မိတယ်။ ငါချစ်တဲ့ ပြည်မြန်မာသည် နှစ်ဟောင်းက ခါးသီးလှတဲ့အဖြစ်အပျက်မျိုးတွေ ၂၀၁၂-မှာ မကြုံမတွေပါရစေနဲ့။ ပြည့်သူတွေဖြစ်ချင်တဲ့ စိတ်ပိုင်း ရုပ်ပိုင်း အသိဉာဏ်ပိုင်း ပညာရေး ကျန်းမာရေး လူမူရေး ကိုယ်ကျင့်တရား အားလုံး တိုးတက်မြင့်မားပါစေ။ စည်းလုံးမူ ညီညွတ်မှုတွေ မေတ္တာ ကရုဏာ ခန္တိမြေပေါ်မှာ ရှင်သန်ပေါက်ဖွါးပေးနိုင်ပါစေ။ အသိအကျင့် ပန်းတိုင် ဟန်ချက်ညီညီ ရှောက်လှန်းနိုင်ပါစေ၊ ရောက်ရှိနိုင်ပါစေ၊ အားလုံးကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ အေးပါစေ၊ ငြိမ်းပါစေ၊ လန်းပါစေလို့ နှစ်သစ်ဆုတောင်း တောင်းပေးလိုက်ပါတယ်။
Tuesday, December 27, 2011 2 အကြံပြုစာ By: ဘ၀ဇာတ်ခုံ

ယုံကြည်ရာ ယစ်မူးတဲ့ခေတ်

အရိယာနယ်ပယ်မှာ ---
နိုင်ငံရေး ကစားတာ မရှိဘူး
လွတ်တော်ထဲလို ငြင်းကြ ခုန်ကြတာမျိုး မရှိဘူး
လှည်းတန်းလို ဗုံးခွဲတာ မရှိဘူး
စင်္ကာပူ ရွှေရတနာဆိုင်လို စောရကြီးတွေ မရှိဘူး
တရားပွဲတွေ ပိတ်ပင်တာလဲ မရှိဘူး
ဒုဗ္ဗစပြောဆိုခက်ဆိုတဲ့ စကားတွေ မရှိဘူး
ရုပ်သေးပွဲတွေ မရှိဘူး
ဟိုလူပြောသလို dog eat dog ဇတ်တူသားစားတာမျိုး မရှိဘူး
ကိုယ့်ကိုယ်ချီးမြှောက် သူကိုကဲ့ရဲ့တဲ့
အတ္တုက္ကံသန ပရ၀မ္ဘနဆိုတာ မရှိဘူး
အရိယာတွေမှာ ယထာဝါဒီ တထာကာရီ ရှိတယ်
အပြောနဲ့ အလုပ်အတွက် ပေတံဝယ်စရာမလိုဘူး
အရိယာတွေရဲ့ criterion က ဓမ္မအပေါ်မှာတည်ဆောက်တဲ့သစ္စာ
သူတို့ သစ္စာနိုင်ငံက
တည်တယ် ငြိမ်တယ် ငြိမ်းတယ်
အေးတယ် ခိုင်ခန့်တယ်
မြှောက်လဲ မြောက်မှာမဟုတ်ဘူး
ခြောက်လဲ ကြောက်မှာမဟုတ်ဘူး
နို့နဲ့ရေ ရောထားသလို 
ဂုဏ်နဲ့ဂုဏေး ခန္ဓာနဲ့သစ္စာ
တူညီစွာ စီးဆင်းနေတယ်
မကွဲပြားဘူး တစ်သားတည်း၊
ငါတို့နေထိုင်ရာ လောက နိုင်ငံက
တုန်တယ် လှုပ်တယ်
ယိမ်းတယ် ယိုင်တယ်
ပူတယ် ကြောက်တယ်
လိမ်တယ် ၀ှက်တယ်
ကိုယ်မွေးထားတဲ့ ကရုဏာ မေတ္တာကိုမှ
ချချ နင်းတတ်တယ်
ဧည့်သည် လောဘ ဒေါသ မာနကို ဘုရားထက်ကိုးကွယ်တယ်
ကိုယ်ပြောတဲ့စကားလုံး ကိုယ်ပြန်ဦးမချရဲဘူး
ယုံကြည်ဖို့ဆိုတာ ဘာနဲ့တိုင်းတာမလဲ
ယုံကြည်ရာ ယစ်မူးကြတဲ့ ခေတ်မှာ
အစာမကြေကြတာ ခဏခဏ။

Friday, October 21, 2011 0 အကြံပြုစာ By: ဘ၀ဇာတ်ခုံ

စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မော်ကွန်းထိန်းဆရာတော် ဒေါက်တာပဏ္ဍိတ၀ရာဘိဝံသ၏ သြ၀ါဒ။

ပါမောက္ခချုပ်ဆရာတော်အမိန့်ရှိသွားတာ အလွန်ပြည်စုံပါပြီးဘုရား၊ မပြောမဖြစ်လို့ပြောရမယ်ဆိုရင် တပည့်တော်အချက်လေးတချက်ပဲပြောပါမယ်ဘုရား၊ အဲဒီအချက်လေးတစ်ချက်ဆိုတာက ဥပသမော ဓနဿလို့ နီတိမှာရှိပါတယ်ဘုရား၊ တိုင်းပြည်ဖြစ်စေ လူထုဖြစ်စေ ကြီးပွားလိုလျင် ငြိမ်းချမ်းမှုရှိရမယ်၊ ငြိမ်းချမ်းရေးရရမယ် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်မှုရုပ်သိမ်းပြီးတော့ ကြည်ကြည်ဖြူဖြူနဲ့ အတူလက်တွဲပြီးတော့သွားရတယ် နီတိက အဲသလိုဆိုတယ်၊ ဘုရားတပည့်တော်အဲဒါလေး တက္ကသိုလ်နဲ့လိုက်အောင် ပြင်ခြင်ပါတယ်ဘုရား၊ တပုဒ်ကို ဓနဿနေရမှာ ဓမ္မဿ၊ ဓမ္မဿက တပည့်တော်တို့သင်ကြားနေတဲ့ ဒီပရိယတ္တိ စာပေကိုရည်ညွန်းပါတယ်ဘုရား၊ ပရိယတ္တိစာပေ တနည်းတက္ကသိုလ်ကြီးလုပ်ငန်း တပည့်တော်တို့တက္ကသိုလ်လုပ်ငန်းဆိုတာ စာပေလုပ်ငန်းက အဓိကပါပဲဘုရား၊ ကျန်တာတွေကတော့ စာပေလုပ်ငန်းကို အထောက်အပံ့ဖြစ်တဲ့ လုပ်ငန်းကိုလုပ်တာပါ၊

အဓိကကတော့ စာပေလုပ်ငန်းတိုးတင်လာရင် ပါမောက္ခချုပ်ကဆရာတော်လဲ သြဝါဒတိုင်း ပါလေရှိတယ်ပါတယ်ဘုရား၊ စာပေကိုလုပ်ကြပါလို့ဆိုတဲ့စကားလေး အဲဒီစာပေလုပ်ငန်း တနည်းတက္ကသိုလ်လုပ်ငန်း တနည်းတက္ကသိုလ်ကြီးပွားရေးလုပ်ငန်း အတွက်ဆိုရင် ကောင်းမွန်းတဲ့ အစောင့်အဆောက် တံတိုင်းအကာအရန်ဆိုတာ ဥပသမော ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် လက်တွဲ၍လုပ်ကိုင်ခြင်းပဲ အဲသလိုဆိုလိုပါတယ်၊

ဒါကြောင့်တပည့်တော်တို့ တက္ကသိုလ်ကြီးတိုးတက်ဘို့ဆိုလိုရှိရင် အားလုံးဥပသမဖြစ်ဘို့လိုပါတယ်၊ ငြိမ်းငြိမ်းချမ်းချမ်း ဥပသမ အေးမြတဲ့မျက်စိလေးတွေနဲ့ ကြည့်ပြီးတော့ ညီးရင်းအကိုလို၊ ကြီးရင်လဲအကို ငယ်ရင်လဲညီ၊ ညီရင်းအကို မျက်စိနဲ့ကြည့်ပြီးတော့ တနည်းငြိမ်းချမ်းအေးမြတဲ့ မျက်စိနဲ့ကြည့်ပြီးတော့ တစ်ဦးနဲ့တစ်ဦး ညီညီညွတ်ညွတ်နဲ့ လုပ်သွားရင် နေသွားရင် ထိုင်းသွားရင် တပည့်တော်တို့ တက္ကသိုလ်ကြီးဟာ အောင်မြင်လိမ့်မယ်လို့ တပည့်တော် ထင်ပါတယ်ဘုရား၊ ဒါကြောင့် ဥပသမဖြစ်အောင် တပည့်တော်လဲကြိုးစားခိုင်း အရှင်ဘုရားတို့လဲ ကြိုးစားပါလို့ပြောရင် တပည့်တော် သြဝါဒနိဂုံး ချုပ်ပါတယ်ဘုရား။

မှတ်ချက်။ (မေလ်ဖြင့်ပေးပို့လာသော သူငယ်ချင်းအား အထူးကျေးဇူးတင်ပါသည်)
အောက်တိုဘာ (၇) ရက်