Saturday, November 30, 2013 By: ဘ၀ဇာတ်ခုံ

ဟိသစ္စံ ဤစကားမှန်၏

သူငယ်ချင်း တရားပြောလေးကို မှတ်သားထားမိတယ်၊ ဆီမီးထွန်းတယ် သို့မဟုတ် အလင်းပေးတယ်ဆိုတာ မျက်စိကောင်းသူအတွက် ဖြစ်တယ်၊ မျက်စိကန်းနေသူအတွက် ဘယ်လောက် ဆီမီးထွန်းထွန်း အလင်းပေးပေး အချည်းနှီးပါပဲ၊ ဘာဖြစ်လို့လဲ၊ သူ့မှာ မြင်နိုင်တဲ့စွမ်းအား မရှိတော့လို့ပဲ၊ ကန်းနေသူအတွက် အလင်းရောင်မီးဟာ အသုံးမ၀င်တော့ပါဘူး။

ကန်းတယ်ပြောလာရင် အသိဉာဏ်ကန်းတာလောက် အန္တရာယ်ပိုများတာ မရှိတော့ဘူးထင်ပါတယ်၊ ပကတိမျက်လုံးကန်းသူအတွက် ဟုတ်တယ် မဟုတ်ဘူး ဖြစ်သင့်တယ် မဖြစ်သင့်ဘူး ကြောင်းကျိုးယုတ္တိနဲ့ပြောပြရင် အကျိုးဖြစ်နိုင်သေးတယ်၊ ဘာဖြစ်လို့လဲ၊ သူမှာ ဆင်ခြင်နိုင်တဲ့ မွေးရာပါ ပါရမီထူးဉာဏ်ရှိနေသေးလို့ပါ၊ ဒါပေမဲ့ အသိဉာဏ်ကန်းသူအတွက် အမှန်တရားဟာ မျက်လုံးကောင်းခဲ့ရင်တောင် ကမ်းမမြင် လမ်းမမြင် မိုးနဲ့မြေ ဝေးကွာလွန်းလှပါတယ်။

ပြောရရင် အသိဉာဏ်ကန်းသူရှေ့ အမှန်တရား လောကသစ္စာ ဓမ္မသစ္စာ မီးတွေ အလင်းတွေ အတိုင်တစ်ရာမက ရာချီထောင်ချီသောင်းချီ ထွန်းပြ လင်းပြလဲ မြင်လာတော့မှာမဟုတ်လို့ပဲ၊ အမှန်တရားဟာ အားလုံးအတွက် ဆေးဖြစ်လာနိုင်တယ်ဆိုတာ မျက်စိကောင်းသူတွေ တတ်အပ် သိနေပေမဲ့ အသိဉာဏ်ကန်းသူအတွက် ပုံဖော်လို့ ရနိုင်မှာမဟုတ်တော့ပါဘူး၊ နေမင်းလို့ သစ္စာအလင်းတွေ တောက်ပစေဦးတော့ သူအတွက် ဒါဟာ အ၀ိဇ္ဇာလမိုက်ညမှောင်လောက် မက်မောတော့မှာလဲ မဟုတ်ပါဘူး။

အကန်းတွေ ရှေ့ကပြေးနေသရွေ့ လမ်းတွေလဲ အလင်းတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ နောက်လိုက်တွေ လမ်းကြမ်းတယ်ဆိုတာ ဘာဆန်းလဲ၊ အကန်းတွေ ဦးဆောင်ရာ ကရာကို ပါသွားလို့ပဲ ဖြစ်ရမယ်၊ ဘ၀မှာ ပန်းခင်းတဲ့လမ်းဆိုတာ အသိဉာဏ်နဲ့ လျှောက်လှမ်းတာကို ပြောတာပါ၊ အကန်းလမ်း အလင်းလမ်း ဘယ်လမ်းက ဘယ်သူဦးဆောင်နေတယ်ဆိုတာ ဘယ်သူက ဘာကို ဖန်တီးနေတယ် ဒီလို သိနိုင်တာဟာ အသိဉာဏ်ပဲ မဟုတ်လား။

အသိဉာဏ်ရှိပြီး မှန်မှန်ကန်ကန် ရွေးချယ်တတ်ရင် ရွေးချယ်မှုနောက်က စနစ်တကျ ပုံဖော်တတ်ရင် ဒီလူသား အလင်းလမ်းကို လျှောက်တတ်သူ မကန်းသူပေါ့၊ သူငယ်ချင်းကတော့ အလင်းဆိုတာ မျက်စိကောင်းသူတို့အတွက်တဲ့၊ ဟိသစ္စံ - ဤစကားမှန်၏လို့ပဲ ဒုတိယမ္ပိ ထောက်ခံလိုက်မိတယ်။

28/11/2013

0 အကြံပြုစာ: