Saturday, November 23, 2013 By: ဘ၀ဇာတ်ခုံ

သူခိုးမိခင်

ငယ်က ဖတ်ဖူးတဲ့ အကြောင်းအရာ အဖြစ်အပျက်ကလေးက စိတ်ထဲစွဲနေသည်။ အဖေမရှိတော့တဲ့ သားအမိနှစ်ယောက် အကြောင်းလေးဖြစ်သည်။ တစ်နေ့ သားက အပြစ်ကြီးတဲ့ ဥပဒေကို ကျူးလွန်မိလို့ သေဒဏ်ကျခံနေရသည်။ သူအပြစ်က ခိုးမှုကြီးဖြစ်သည်။ ပြစ်မှုတွေ တဖြေးဖြေး ကြီးလာတော့လဲ ဥပဒေကြောင်းအရ မဖြစ်မနေ အရေးယူလိုက်ရခြင်းဖြစ်သည်။ ငယ်က ခိုးတော့ သူခိုးလေး ဖြစ်ခဲ့သည်။ တဖြေးဖြေးခိုးရင်းက ကြီးတော့ သူခိုးကြီးဖြစ်လာခဲ့သည်။ သူ့အတွက် မကောင်းမှုကို ဘေးက ထိန်းပေးသူ ဆုံးမသွင်သင်မဲ့သူ မရှိခဲ့ မရရှိခဲ့သူလည်း ဖြစ်သည်။

နောင်ဆုံး ဘယ်လိုမှ ခွင့်မလွတ်နိုင်သည့် ခိုးမှုကနေ သေဒဏ်ထိ အပြစ်ဖြစ်သွားသည်။ သေဒဏ်မကျခင် နောင်ဆုံးအခွင့်အရေးအဖြစ် ဘာဖြစ်ချင်သလဲ တာဝန်ရှိသူတွေက မေးသည်။ ဘာတွေမှာချင်လဲ မေးသည်။ ဘယ်သူတွေနဲ့ တွေ့ချင်သေးလဲ မေးသည်။ အပြစ်ဒဏ်ကျခံရသူက သူ့မိခင်ရင်းနဲ့ပဲ မသေခင်တွေ့ချင်သည်ဟု ဖြေသည်။ တောင်းဆိုချက်အတိုင်း သေဒဏ်ပေးမည့်သူတွေက စီစဉ်းပေးသည်။ အပြစ်ဒဏ်ပေးလိုက်ရပေမဲ့ အားလုံးက စိတ်မကောင်းကြီးစွာတော့ ဖြစ်နေကြသည်။ ကရုဏာသက်စွာ မိခင်ကို ခေါ်ပေးသည်။ မိခင်နဲ့သား ကြိုစင်ရှေ့တွေ့တော့ ဖြေမဆည်းနိုင်အောင် မျက်ရည်ကျရသူက မိခင်ရင်းဖြစ်သည်။

တာဝန်ရှိသူတွေက ကဲပြောပါ မှာပါ ကန်တော့ပါဆိုလာတော့ သားဖြစ်သူက ထပ်တောင်းဆိုသည်။ သူ့မိခင်ကို နီးနီးကပ်ကပ် ပြောချင်လှသည်။ သူများမကြားတဲ့ စကားကိုပြောမှာဖြစ်လို့ မိခင်ကို နားနားကပ်၍ ပြောချင်သည်ဟုဆိုသည်။ အများမြင်ကွင်းရှေ့မှာပဲ မိခင်ကိုသား၏ အနားသို့ သွားခွင့်ကပ်ခွင့်ပေးလိုက်သည်။ အနားရောက်လာတော့ သားဖြစ်သူက မိခင်၏ နားနားကပ်လို့ စကားပြောဟန်ပြုကာ မိခင်နားရွက်ကို ပြတ်အောင် သွားနဲ့ ကိုက်ပစ်လိုက်သည်။ သွေးတွေလဲ ဖြာကျလာသည်။ ရိုင်းလိုင်းသည့် မြင်ကွင်း ကြမ်းတမ်းသည့်မြင်ကွင်း ရက်စက်သည့်မြင်ကွင်း ဖြစ်သွားခဲ့သည်။ အားလုံးက အံ့သြတကြီး ဆဲသူဆဲသည်၊ ဒီလိုသားမိုက် ဒီလိုဖြစ်တာ နည်းသေးတယ်ဟု မှတ်ချက်ပြုသူပြုသည်။ မနေနိုင်သူ တစ်ယောက်က မေးသည်။ ဘာဖြစ်လို့ ဒီလို အပြုအမူကို လုပ်လိုက်ရတာလဲ။ မေးမှ သားဖြစ်သူက ပြန်ဖြေသွားသည်။

 “တကယ်တော့ ဒီလို မလုပ်သင့်ဘူးဆိုတာ ကျန်တော်သိပါတယ်။ ကျန်တော် ဒီလိုသူခိုးလေးဘ၀နေ သူခိုးကြီးဘ၀ထိ ဖြစ်လာရတာ အမေမဆုံးမခဲ့လို့ပဲ။ ခိုးလာမိသမျှ ပစ္စည်းတွေကို မတာမြစ်ပဲ အားပေးအားမြှောက်လုပ်တယ်။ သူခိုးလေးဘ၀နေ သူခိုးကြီးဖြစ်သွားရင် သေဒဏ်ထိပြစ်မှုတွေ ဖြစ်နိုင်တယ်ဆိုတာ အမေကြိုသိပြီး ဆုံးမနိုင်ခဲ့ရင် အခုလိုအဖြစ်ဆိုး ဖြစ်စရာအကြောင်းမရှိဘူး၊ ဒါကြောင့် အမေလဲ ခိုးမှုအားပေးသလို ဖြစ်ခဲ့လို့ အခုလို လုပ်မိတာပါ” ဟု ဖြေသွားခဲ့သည်။

သားဖြစ်သူလဲ သူ့ပြစ်မှုအတိုင်း ဖြစ်သွားရသည်။ မိခင်ရင်းလဲ စိတ်မကောင်းလဲဖြစ် စိတ်လဲထိခိုက် ဖြစ်သွားသည်။ ရှက်လဲ ရှက်ရသည်။ သားကိုက်လို့ နားရွက်လဲ ပြတ်သွားခဲ့ရသည်။ မိခင်ရင်းနဲ့သားကို  လာရောက်ကြည့်ကြသူတွေလည်း ဒီအဖြစ်အပျက်ကို သိလိုက်ရတော့ အတွေးကိုယ်စီ အဖြေထုတ်သွားကြသည်။
------------------------------------------------------


ခိုးမှုဆိုတာ ငါးပါးသီလမှာ မလုပ်သင့်ကြောင်း ပါပြီးသားပါ။ ခိုးမှုက ကိုယ်တိုင်လုပ်မှ မဟုတ်ပါဘူး။ ခိုးမှုဖြစ်လာအောင် တိုက်တွန်းပေးတာ အဲဒီအကြောင်းကို ချီးကျူး ချီးမွန်းပေးတာ သူလုပ်ရပ်တွေအတွက် စိတ်ထဲက ပေါ်ပေါ်ထင်ထင်ပဲ ဖြစ်ဖြစ် မပေါ်မထင်ပဲဖြစ်ဖြစ် သဘောတူတာ ခိုးမှုမှာပါပါတယ်။ ကိုယ်တိုင် တိုက်တွန်း ချီးမွန်း စိတ်တူဟာ အတူတူပါပဲ။ မိခင်ပဲ ဖြစ်ဖြစ် ဖခင်ပဲ ဖြစ်ဖြစ် ကိုယ့်သားသမီး မကောင်းတာမြင်ရင် ကြားရင် အကျိုးအကြောင်းနဲ့ အပြစ်မဖြစ်အောင် တားမြစ်ပေးရမယ်၊ ပတ္တမြားစတဲ့ ကျောက်ရိုင်းလေးတွေ တန်ဘိုးတက် အရောင်အသွေးတက်လာအောင် သွေးပေးရသလိုပဲ၊ မေတ္တာ ကရုဏာနဲ့ အေးစေနွေးစေ စောင့်ရှောက်ကာကွယ်ပေးရမယ်။

ပစ္စည်းဥစ္စာ ရှာပေးရုံ ကျောင်းလေးထားပေးရုံနဲ့ မလုံလောက်ပါဘူး၊ အိမ်မှာပဲ ဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် ရုံးလုပ်ငန်းတွေမှာပဲ ဖြစ်ဖြစ် အစိုးရဌါနတွေမှာပဲ ဖြစ်ဖြစ် သူခိုးမိခင်တွေ သို့မဟုတ် ဖခင်တွေ မဖြစ်စေချင်ပါဘူး။ ဖြစ်ခဲ့ရင်လဲ ကိုယ့်ကိုယ် ရိုသေလေးစားမှုနည်းလို့ လူဂုဏ်သိက္ခာကျဆင်းပါတယ်၊ အနေချောင်သည်ထား ဘ၀မပြောင်တဲ့အနေအထားဟာ ခိုးမှုတွေပါပဲ။ ချမ်းသာလာရင်လဲ ရဲရဲဝံ့ဝံ့ မကြွားဝံ ဂုဏ်မယူဝံ့တာလဲ ခိုးမှုပါပဲ။ ကိုယ့်ကိုယ် စွပ်စွဲခံရလို့ အနေမငြိမ်းတဲ့ဘ၀တွေဟာလဲ ခိုးမှုတွေပါပဲ။ မိဘလဲကောင်း သားသမီးလဲကောင်းရင် တန်ဘိုးရှိ အသုံးဝင်သူ အားကိုးရသူတွေ အားလုံးအတွက် ဖြစ်လာမှာပါ။ အဆုံးအမကင်းတဲ့ ဘ၀ဟာ အရိုင်းစိတ်ဓာတ်ဝင်ပြီး အပြစ်ဖြစ်တတ်ပါတယ်။ သတိထားစရာပါ။

မိသားစုမိခင်ပဲဖြစ်ဖြစ် တိုင်းပြည်အုပ်ချုပ်နေတဲ့ မိခင် သို့မဟုတ် ဖခင်ပဲ ဖြစ်ဖြစ် ကိုယ့်အရိပ်အောက်က ကိုယ့်ရင်းသွေး အားလုံးကို သားကောင်းသမီးကောင်းလေးတွေ ဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ကြပါစေဟု …။

0 အကြံပြုစာ: