Thursday, November 21, 2013 By: ဘ၀ဇာတ်ခုံ

ကျင်လည်ရာ

တော်သူတွေကို မြင်ရတော့လဲ အားကျပါတယ်၊ သူလိုဖြစ်ချင်ပေမဲ့ သူကသူ ကိုယ်ကကိုယ်ပဲလေ၊ ကိုယ်မူနဲ့ကိုယ် ကိုယ့်စတိုင်နဲ့ကိုယ် ကိုယ်နိုင်သလောက်ပေါ့၊ ဒါက ဖြေတွေးနဲ့ဖြေဆေးလေးပါ။

အောက်ကျနောက်ကျသူတွေမြင်ရင်လဲ အထင်မသေးမိခဲ့ပါဘူး၊ ဆွဲတင်ဖေးမ တတ်နိုင်ရာက ကူညီပါတယ်။ မကူညီနိုင်ရင်တောင် ကောင်းတဲ့အားပေးစကားပြောမိပါတယ်။ သီဆိုသူမဖြစ်ရင်တောင် တေးရေးသူတော့ ဖြစ်နိုင်တယ်ဆိုတဲ့ ပုံစံမျိုးပါ။

ကိုယ့်ထက်သာလို့ မနာလိုတာ သူလိုမဖြစ်ရလို့ စိတ်ပျက်သွားတာမျိုးတော့ မဖြစ်ခဲ့ပါဘူး၊ ကောင်းကွက်ကိုကြည့်လို့ ငါသူ့လိုဖြစ်ရင် ကောင်းမယ်၊ လေးစားစိတ်နဲ့ ကြိုးစားမယ်လို့သာ သမ္မာဆန္ဒကို ထားမိတယ်။

ကိုယ့်အောက်ကလူတွေ အဆင်မပြေးတာ ကြိုးစားသလောက် ခရီးမရောက်ကြတာ အခြေအနေမပေးလို့ ဖြစ်မလားတာတွေ တွေ့ကြုံဆုံဆည်းရတဲ့အခါမှာလဲ မပြောပလောက်တဲ့ ရှေ့ရောက်မှုလေးကို မာနတွေ မ၀င်ခဲ့ပါဘူး၊ အာလုံး အချိန်အခါအခွင့်အရေးကောင်းတွေ ရရင်ပေးရင်ကောင်းမယ်လို့ စိတ်ထဲပေါ်လာမိတယ်။ လမ်းဆုံးမရောက်မချင်း ဘ၀တူတွေပဲလို့ မြင်ပါတယ်။

အဆင်မပြေတာတွေတွေ့တိုင်း ကိုယ်ကူညီနိုင်ခဲ့တာရှိသလို မကူညီနိုင်ခဲ့တာတွေလဲ ရှိခဲ့ပါတယ်၊ မကူညီနိုင်ခဲ့တာတွေကိုလဲ တာဝန်မကျေသလိုတော့ ခံစားမိတယ်။

အများရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သူ ကူညီပေးနိုင်သူသာ ဖြစ်ချင်လှတယ်၊ ဖြည့်ဆည်းပေးနေသူ ကူညီပေးနိုင်သူတွေကို မြင်တိုင်း အားကျမိတယ်၊ လောကကို အလှဆင်နေတဲ့သူတွေပဲလို့ တရိုတသေ လေးစားမိတာ အမှန်ပါပဲ။

0 အကြံပြုစာ: