Thursday, November 21, 2013 By: ဘ၀ဇာတ်ခုံ

အလျှော့အတင်း

စိတ်ထဲမှာ ကြိုက်ရင် စားတယ်၊ မကြိုက်ရင် မစားဘူး၊ ကျန်းမာရေးနှင့်ညီတာမညီတာ အရေးမကြီးဘူး။

စိတ်ထဲမှာ ကြိုက်ရင် ပေါင်းတယ်၊ မကြိုက်ရင် မပေါင်းဘူး၊ လူကောင်းလူဆိုး ခွဲခြားမနေဘူး။

စိတ်ထဲမှာ လုပ်ချင်ရင် လုပ်တယ်၊ မလုပ်ချင်ရင် မလုပ်ဘူး၊ လုပ်သင့်တာ မလုပ်သင့်တာ ကြည့်မနေဘူး။

စိတ်ထဲမှာ မုန်းချင်ရင် မုန်းပစ်လိုက်တယ်၊ ချစ်ချင်ရင်လဲ ချစ်ပစ်လိုက်တယ်၊ စိတ်ထဲဒဏ်ရာ အနာတရ ရမှာမရမှာ မစဉ်းစားဘူး။

စိတ်ထဲမှာ လိုချင်တာရှိရင် ရအောင်လုပ်ပစ်လိုက်တယ်၊ မလိုချင်ရင် လွင့်ပစ်လိုက်တယ်၊ တရားတာတွေ မတရားတာတွေ နားမလည်ဘူး။
အဓိကက စိတ်ထဲလွတ်လပ်နေဖို့ပဲ။
-----------

အဲလိုအဲလိုတွေ တွေ့ရင် ဘယ်လိုဆွေးနွေးမလဲ။ မှန်တယ် မှားတယ်ဆိုတာ ကိုယ်ကြိုက်မကြိုက်ပေါ်မှာ မူတည်တာလား၊ အကျိုးတရား ခါးတယ် ချိုတယ်ပေါ်မှာ မူတည်တာလား၊ အကျိုးရှိတယ် မရှိဘူးဆိုတာလဲ ကိုယ်လုပ်ချင်တာကို လုပ်လိုက်ရလို့ အမြတ်ထွက်သွားတာကို ပြောတာလား၊ အများလေးစားခံရပြီး စိတ်ထဲ ကျေနပ်မှုရစေတာကို ပြောတာလား။

ရှင်သန်မှု အဓိပ္ပါယ်ဆိုတာ ဘာလဲ၊ ကိုယ့်အပြုမူတိုင်းဟာ ဘယ်သူ့မှာတာဝန် အပြည့်ရှိသလဲ၊ ကိုယ့်စိတ်နဲ့ကိုယ် စားပိုင်ခွင့်ရှိတယ်၊ ပေါင်းပိုင်ခွင့်ရှိတယ်၊ လုပ်ပိုင်ခွင့်ရှိတယ်၊ မုန်းပိုင်ခွင့်ရှိသလို ချစ်ပိုင်ခွင့်လဲ ရှိတယ်၊ ရအောင်ယူပိုင်ခွင့်ရှိသလို စွန့်ပစ်ပိုင်ခွင့်လဲ ရှိတယ်။

option တွေရှိပါတယ်၊ ကောင်းသောရွေးချယ်မှုတိုင်းမှ ကောင်းသောရလာဒ် ဖြစ်လာမှာပါ၊ တကယ်တော့ ဘ၀က သင်ယူစရာများတယ်၊ မျှော်မြင်တတ်ဖို့ လိုမယ်၊ မပြီးသေးတဲ့ နေ့ရက်တွေမှာ ကောင်းစွာ ပြင်ဆင်ထားဖို့ လိုမယ်၊ မှားရင်တော့ ကိုယ်ခံရမယ်၊ အသိဉာဏ်ဟာ ကိုယ့်အတွက် အကောင်းဆုံး လမ်းညွန်ပဲလို့ မြင်တယ်။

မျှမျှတတ စဉ်းစားတွေးခေါ်ပြုမူတာ အသင့်တော်ဆုံးပါ၊ မဇ္ဈိမပဋိပဒါ ဆိုတာ နေရာတိုင်းမှာ အသုံးဝင်လှပါတယ်။ အလျှော့အတင်း ညီမျှရင်တော့ သံစဉ်ကောင်း တစ်ခု ထွက်လာမှာပါ။ တင်းရင်လဲပြတ် လျှော့ရင်လဲရပ် မလျှော့မတင်း စိတ်ဓာတ်အရည်အချင်းတက်အောင် ကျန်းမာအောင် နေတာ အကောင်းဆုံးပါ။ ကိုယ့်ကိုယ်ကိုတော့ အသိဆုံးပါလေ။

0 အကြံပြုစာ: