Thursday, November 21, 2013 By: ဘ၀ဇာတ်ခုံ

ဂုဏ်နဲ့ဂုဏေး

ကောင်းသတင်းကျော်စောတာကို famous လို့နားလည်ရင်
မကောင်းသတင်းနဲ့ကျော်စောတာကို notorious လို့နားလည်ရင်
ကိုယ့်ဘ၀ကိုယ့်အပြုအမူဟာ famous ပဲဖြစ်သင့်ပါတယ်။ ကိုယ့်လုပ်ရပ်က ကိုယ့်အတွက် famous နဲ့ notorious ဒီနှစ်ခု တခုခုကို ထုတ်လုပ်ပေးနိုင်ပါတယ်။

ဂုဏ်ယူသင့်တာကိုမှ ဂုဏ်ယူတာပဲ ကောင်းပါတယ်။ ကောင်းဂုဏ်က ကောင်းသတင်း famous ဖြစ်တော့ ကိုယ်လဲဂုဏ်ရှိတယ်၊ ကိုယ့်သိုင်းဝိုင်းလဲ ဂုဏ်ရှိတယ်၊ ကိုယ့်လူမျိုးလဲ ဂုဏ်ရှိတယ်၊ ကိုယ့်နိုင်ငံလဲ ဂုဏ်ရှိတယ်၊ ပြောင်းပြန်ပြောရင် မကောင်းတဲ့ notorious ကတော့ အားလဲမကျစေချင်ပါဘူး၊ နားလည်မှုလဲ မမှားစေချင်ပါဘူး၊ ဂုဏ်ယူမှားရင် ဆေးစွန်းတဲ့ အ၀တ်ထည်လိုပဲ မလိုချင်လို့ ခွါရပြုရ ရှင်းရလဲ ခက်လာတတ်တယ်၊

ပြောရရင် နာမည်ပြောင်းလိုက်လို့ ဂုဏ်က ကောင်းသွားတာမျိုး မဟုတ်ပါဘူး။ စိတ်နေစိတ်ထား ကောင်းမှ ဂုဏ်ကကောင်းတာပါ၊ အတွေးမှား အပြုမူမှားရင် အဲဒီကိုယ့်အတွေး ကိုယ့်အမှားကပဲ ကိုယ့်အတွက် ရန်သူ ထိခိုက်စရာ ဂုဏ်ပျက်စရာဖြစ်လာတတ်တယ်၊ ၀က်က မစင်ကို စားရမှာ မရှက်သလို ပိုးဖလံကလဲ မီးပူပူကို တိုးရမှာ မကြောက်တတ်ပါဘူး၊ ရှက်သင့်တာကို ရှက်ပြီး ကြောက်သင့်တာကို ကြောက်ရင် ကောင်းဂုဏ်ရောက်လာသလို ဆိုးဂုဏ်လဲ ရောက်မလာတော့ပါဘူး၊ တကယ်တော့ famous နဲ့ notorious ကအကျိုးအာနိသင်ချင်းလဲ မတူပါဘူး။

ဂုဏ်ဆိုတာ မြတ်နိုးသင့်တဲ့ အရာဖြစ်တော့ ချီးမွန်းခံတဲ့ ဂုဏ်ပဲ ပြုမူတာ အားကျတာ ကောင်းပါတယ်။ ဒါဟာ ကိုယ့်ဘ၀ရဲ့ ကောင်းမြတ်တဲ့ အဆင့်အတန်း စိတ်နေစိတ်ထား တစ်ခုလဲ ဖြစ်ပါတယ်။ ကောင်းဂုဏ်နဲ့ အများအတွက် လူငယ် လူရွယ်တွေအတွက် စံပြပြုမူပြတာ အလှဆုံးပါ၊ လိုအပ်နေတဲ့ အရာပါ၊ ဒါဟာ ဘယ်သူမှ မသိရင်တောင် အရေးမကြီးလှပါဘူး၊ ဒါပေမဲ့ ကိုယ့်ဟာ တကယ့်အဆင့်အတန်းရှိတဲ့ မြတ်နိုးဖွယ်ရာ လူသားဖြစ်နေတယ်ဆိုတာတော့ သူမပြောလဲ သိစေချင်ပါတယ်၊ နောက်ဆုံး ကိုယ့်ကိုယ် လေးစားမြတ်နိုးပြီး တန်ဘိုးထားရင်ပဲ လုံလောက်ပါတယ်လို့ ပြောချင်ပါတယ်။

0 အကြံပြုစာ: