Thursday, November 21, 2013 By: ဘ၀ဇာတ်ခုံ

နေရူး၏သမီးထံပေးစာ

မြို့ထဲသွားရင် ဘယ်ဟာက အလှဆုံးလဲ မေးရင် ကိုယ့်အတွက်တော့ စာအုပ်ဆိုင်တွေပဲလို့ ဖြေမိမှာပဲ။ စာအုပ်ဆိုင်မြင်ရင် ဂနာမငြိမ် ဖြစ်နေတတ်တဲ့ ကိုယ့်အတွက်တော့ ရောဂါတစ်မျိုးပဲ၊ စာအုပ်ဝယ်ရတာကို ပိုနှစ်သက်တယ်၊ ကိုရင်ဘ၀က မစားမသောက်ပဲ စုကာ စာအုပ်တွေ ၀ယ်ခဲ့တာတွေလဲ မှတ်မိနေသေးတယ်၊ ၀ယ်ပြီးရင် ပေးဖတ်တယ်၊ များသောအားဖြင့် ပြန်မရတာလဲ များတယ်၊ ပြန်မရလဲ အရေးတော့ မကြီးပါဘူး၊ ကိုယ်ပြန်မရလဲ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေ စာဖတ်သူကို စာအုပ်က ကိုယ့်အစားပြောပြနေမှာပဲလို့ သိနေလို့ပဲ။

လက်ဆောင်ပေးရင်လဲ စာအုပ်လက်ဆောင်ပေးရတာကို ပိုသဘောကျတယ်၊ နှစ်သက်တယ်၊ ကိုယ်ကြိုက်ရင် သူများလဲ ကြိုက်မလားလို့ပါ၊ တကယ်တော့ ဒါက မမှန်နိုင်ပါဘူး၊ ကိုယ့်အတ္တနောမတိနဲ့ကိုယ် ပြောမိတာပါ၊ အိန္ဒိယား သီတဂူဆရာတော်နဲ့ ဘုရားဖူးသွားတုန်းကလဲ ဆရာတော်ပေးသမျှ မုန့်ဖိုး စာအုပ်တွေပဲ ၀ယ်မိတယ်၊ ကျန်တာ ဘာမှမ၀ယ်ဖြစ်ခဲ့လိုက်ဘူး၊ စာအုပ်တွေကလဲပေါ လိုချင်တာကများ ရသလောက်လေးပဲ ၀ယ်ဖြစ်ခဲ့တာပါ။

ဒီနေ့ ရှင်နတ္ထိ စာအုပ်ဈေးရောင်းပွဲသွားသတဲ့။ ဖိုတိုတွေတက်လာတယ်၊ တစ်ပုံခြင်း ကလစ်လို့ အားပေးလိုက်တယ်၊ အလိုလို ကိုယ်တောင် ဈေးပွဲတော် ရောက်သွားသလားပဲ၊ ဘာလိုချင်လဲတဲ့ စကားစပ်လို့မေးတော့ မရှက်နိုင်ဘူး၊ အော်တိုထွက်လာတဲ့ စကားတွေက နေရူးရဲ့သမီးထံပေးစာ လိုချင်တယ်လို့ ဖြေမိတယ်၊ ဒီစာအုပ်က တကယ်ကောင်းပါတယ်၊ နေရူးက သူထောင်ကျတော့ မတွေ့ရ မမြင်ရတဲ့ သမီးလေးကို ထောင်ထဲကနေ စာတွေရေးရေးပို့တယ် ပြောတာပဲ။ နောက်တော့ စာအုပ်ထူကြီး ဖြစ်လာတယ်၊ ဖတ်လို့ကောင်းသလို မှတ်သားစရာတွေလဲ အများကြီးပဲ၊ ဒီစာအုပ် သီတဂူ စစ်ကိုင်း စာကြည့်တိုက်မှာ ဖတ်ဘူးတယ်။

အင်္ဂလိပ်စာသင်တော့ စာအုပ်ပါ သမီးထံပေးစာထဲမှ the book of nature ဆိုတာလေး မှတ်မိနေဆဲပဲ၊ ဖခင်တစ်ယောက်ရဲ့ သမီးပေါ်ထားတဲ့ မေတ္တာ စေတနာပါ နားလည်ခွင့်ရတော့ ဝေးနေတဲ့ ကိုယ့်ဖခင်ကိုတောင် ပြေးဖက်ချင်စိတ်တွေ ပေါက်မိခဲ့တာပါ၊ အများကလဲ ပြောကြတယ် တကယ်တော့ စာအုပ်ဆိုတာ မိတ်ဆွေကောင်းကြီးပါတဲ့။

0 အကြံပြုစာ: