Thursday, November 21, 2013 By: ဘ၀ဇာတ်ခုံ

လွတ်ငြိမ်းချမ်းသာခွင့်

တစ်ခါက နွားကျောင်းသားတစ်ယောက်က အညာတောမှာ နွားကျောင်းရင်း ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတယ်။ သူက မကြာမကြာ အညာဘုန်းကြီးကျောင်းကိုလဲ ရောက်တတ်တာမို့ အဆုံးအမနဲ့ သိပ်တော့ မဝေးပါဘူး၊ ဒါပေမဲ့ သူမှာ မွေးရာပါ မရိုးသားတဲ့ မလိမ့်တပတ် လုပ်တတ်တဲ့ အကျင့်က ၀သီပါနေတော့ ဆုံးမတွေကောင်းပေမဲ့ သူမကြာခဏ အဆုံးအမက လိမ့်လိမ့်ကျပါတယ်။ ဒါကြောင့်လဲ နွားကျောင်းသားပဲ ဖြစ်နေတာထင်ပါတယ်။

ဒီနေ့လဲ သူက လယ်တောမှာ နွားကျောင်းရင်း မိုးရွာစ မိုးဦးကာလမှာ လယ်ပုဇွန် (ဂဏန်း) တွေဖမ်းမိလာပါတယ်။ ဖမ်းမိတော့လဲ ဘုန်းဘုန်းပြောတဲ့ စကားကို အမှတ်ရတော့ ပါဏာတိပါတ (သူ့သက်သတ်မှု) ကိုရှောင်ဖို့ တိမ်းဖို့ ခက်နေတယ်။
ဝိနည်းတတ် ကြက်သတ်ဆိုသလို သူက အကြံထုတ်တယ်။ ဂဏန်းကလဲ အကြီးတစ်ကောင် အသေးတစ်ကောင် မိထားတော့ သူက ပြောတယ်။

ကဲ ငါလဲ မင်းတို့ကို မသတ်ချင်ဘူး။ သတ္တ၀ါဆိုတာ ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးရတာ၊ အဲဒီတော့ အခုငါ့လက်ထဲ မင်းတို့ရောက်နေတယ်၊ မင်းတို့ကို အကြောင်းမဲ့တော့ ပြန်မလွတ်နိုင်ဘူး၊ ကိုယ့်နည်း ကိုယ်ဟန်နဲ့ လွတ်အောင် ပြေးရုန်းကြ ရွေးချယ်ခွင့်ပေးမယ်ဆိုပြီး မီးဖိုပါတယ်။

မီးဖိုဆိုတာ မီးမွှေးတာကိုပြောတာပါ။ ပြီးတော့မှ တုတ်တစ်ချောင်း အလယ်မှာတင်ထားတယ်၊ အောက်ကမီးတောက်နေတယ်။ ပြီးတော့မှ ဒီတုတ်ပေါ်ကနေ ဟိုဖက် ရောက်အောင်လျှောက်ပြ၊ အောက်ပြုတ်မကျပဲ ရောက်အောင်သွားနိုင်ရင် မင်းတို့ ငါ့လက်က လွတ်တယ်၊ အကယ်လို့ မီးထဲပြုတ်ကျရင်တော့ မင်းတို့ကံပဲ၊ ငါနဲ့မဆိုင်ဘူးဆိုပြီး ဂဏန်းအငယ်ကောင်ကို အရင် မီးတောက်ပေါ်က တုတ်ပေါ်တင်လိုက်တယ်၊ ပူလွန်တော့ ဟိုဖက်မရောက်ခင် မီးထဲပြုတ်ကျသေပါလေရော။

ဒီတော့လဲ မင်းကံပေါ့ကွာဆိုပြီး ကောက်ယူစားလိုက်ပါတယ်၊
နောက်အကြီးကောင်အလှည့်ရောက်တော့ ဒီတစ်ခါ မင်းအလှည့်ဆိုပြီး အကူးခိုင်းပြန်တယ်။ အံ့သြစရာ မထင်မှတ်ပဲ မီးထဲမကျဘူး၊ ဟိုဖက်ရောက်သွားတယ်၊ ကူးနိုင်တာကို နွားကျောင်းသားက ဘ၀င်မကျဘူး၊ ကောက်ကိုင်ပြီး မင်းကကြီးတဲ့ အကောင် မရဘူး နှစ်ခါပြန်လျှောက်တဲ့။ အစကနေ ပြန်တင်တော့ ဂဏန်းကြီးလဲ မီးထဲပဲ ထိုးဆင်းကျသွားပါတော့တယ်။ နွားကျောင်းသား အစာဖြစ်သွားခဲ့ရတယ်။

သူ့မာယာစက်ကွင်းက မလွတ်နိုင်ခဲ့ဘူးလေ၊ ပြီးမှ နွားကျောင်းသားက ထပ်ပြောလိုက်သေးတယ်။ ငါက မင်းတို့ကို သနားလွန်းလို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်နော်။ မင်းတို့ကိုက ငါ့စေတနာနဲ့ မထိုက်တန်တာ။ ငါလဲ မတတ်နိုင်တော့ဘူးတဲ့။ ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ပါ။

0 အကြံပြုစာ: