Thursday, November 21, 2013 By: ဘ၀ဇာတ်ခုံ

အမေသည် ရန်ဖြစ်တာကို မကြိုက်ပါ

ငယ်က အမေက ညီအစ်ကိုတွေ ရန်ဖြစ်ရင် အမြဲပြောတယ်။ နင်တို့က သူများနဲ့မှ ကောင်းကြတာ တည့်ကြတာ၊ ညီအစ်ကိုချင်းချင်း အမြဲရန်ဖြစ်ကြနဲ့ တည့်အောင်ကိုး မနေနိုင်ကြဘူး၊ မပေါင်းနိုင်ကြဘူးတဲ့။ အမေ့စေတနာက တစိမ်းပေါ်တောင် ကောင်းနိုင်သေးရင် ညီအစ်ကို ချင်းချင်းဘာလို့ မကောင်းနိုင်ရမှာလဲ၊ သူများအပေါ်မှာတောင် ချစ်ခင်နိုင်သေးရင် ညီအစ်ကိုချင်းချင်းပေါ် ဘာလို့ မချစ်နိုင်ရမှာလဲ၊ သူများအပေါ် အထင်ကြီးလေးစား ဆက်ဆံနိုင်သေးရင် ကိုယ့်ညီအစ်ကိုရင်းချာတွေပေါ်မှာ ဘာဖြစ်လို့ မလေးစားနိုင်ရမှာလဲ၊ သူများအပေါ် ရှိတာကျွေးတည်ခင်း ဧည့်ခံနိုင်သေးရင် ညီအစ်ကိုချင်းချင်း ဘာဖြစ်လို့ မကျွေးချင် မပေးချင်ရမှာလဲ၊ သူများအပေါ် ကူညီနိုင်တဲ့ စေတနာ ထားနိုင်သေးရင် ကိုယ့်ညီအစ်ကိုချင်းပေါ်မှာ ဘာဖြစ်လို့ မကူညီချင်မှာလဲဆိုတာမျိုးပါ။

ပြန်တွေးရင်လဲ အမေပြောတာ ဟုတ်တယ်၊ အစပထမှာတော့ ညီအစ်ကိုတွေက အစ်ကိုသွားတဲ့လမ်းဆို ညီကမသွားဘူး၊ ညီသွားတဲ့လမ်းဆို အစ်ကိုက မလိုက်ချင်ဘူး၊ အချင်းချင်း အထင်ကိုး မကြီးတဲ့ သဘောပဲ၊ ထမင်းလက်ဆုံစားရင်တောင် အမေအဖေက ဒိုင်လူကြီးလုပ်ရတယ်၊ ကိုယ်ကတော့ အဖေ့ကို ပိုကြောက်တယ်၊ အမေ့ကို ပိုချစ်တယ်၊ အဖေက သားသမီးကို ချစ်ပေမဲ့ ချစ်ရာက နှစ်ရာ မရောက်အောင် နေတတ်ပြောပြတတ်တယ်၊ အပြစ်တွေလုပ်မိရင် အားမနာတမ်းရိုက်တယ်၊ သားတွေ ဆိုးရင် မိဘတွေ ရင်ကျိုးမျက်နှာပျက်ရမှာကို အဖေကလဲ မလိုလားပါဘူး၊ အမေကတော့ သားတွေပေါ်မှာ အမြဲဖာထေးပြီး အဖေမရိုက်ဖြစ်အောင် ပြောတယ်၊ အဖေရိုက်ရင်လဲ သူကငေးကြည့်သနားနေတတ်လေ့ရှိတယ်၊ အမေ့မျက်နှာမှာတော့ အဓိပ္ပါယ်များစွာနဲ့ပါ၊ သူလဲနာကျင်သလိုခံစားမိမှာပါ၊

တကယ်တော့ အဖေဆုံးမတာလဲ မလွန်ဘူးလေ၊ စရိုက်တွေစုံတဲ့ သားတွေကြားမှာ မိဘဖြစ်ရတာလဲ ရင်မောစရာပဲလို့ ပြန်တွေးရင် စိတ်မကောင်းတောင် ဖြစ်မိတယ်၊ ထမင်းဝိုင်းမှာ စကားများ ရန်ဖြစ်တာက ရိုင်းပါတယ်၊ ဖြစ်ဆို လူစုံတဲ့အချိန်ကလဲ အဲဒီအချိန်လေးရှိတာ၊ မိသာစု ငါးယောက်ဆုံတွေ့တဲ့အချိန်ဟာ ထမင်းစားတဲ့အချိန်ပဲလေ၊ ထမင်းကိုတော့ ဘာပဲဖြစ်ဖြစ် စုံညီမှ အတူတူစားကြတာပါ၊ ဒါကတော့ တကယ်ချစ်စရာကောင်းတဲ့ မိသားစုထမင်းဝိုင်းလေးပါ၊ ထမင်းစာရင် စားဦးစားဖျားကိုတော့ အဖေအမေပန်းကန်ထဲ သူ့ထက်ငါ အရင်ဦးချပြီးမှ စားကြပါတယ်၊ ဒါကတော့ လိမ္မာတယ်ပြောရမှာပဲ။

ဒါပေမဲ့ မတည့်အတူနေ ဖြစ်ခဲ့ရတဲ့ ညီအစ်ကိုတွေပါ၊ တစ်ယောက်အပြစ် မကျေနပ်ချက်ကို အဖေ အမေကို ၀ိုင်းကြီးပတ်လည် ထမင်းစားရင်း တိုင်ကြတာဆိုတော့ အဖေ အမေက ဒါကိုလုံးဝ မကြိုက်ပါဘူး၊ ချစ်ခင်စဖွယ် လိမ္မာယဉ်ကျေးဖြစ်စေချင်တာပါ၊ ပြောစေချင် နေစေချင် စားစေချင်တာပါ၊ အမေက သိမ်သိမ်မွေ့မွေ့ဆိုဆုံးမတတ်တယ်၊ အကျိုးသင့်အကြောင်းသင့် ပြောပြတယ်၊ စကားလုံးကိုပဲ ထိရောက်တဲ့ လက်နက်အဖြစ် အသုံးပြုတယ်၊ နောက်ကွယ်မှာတော့ အကျိုးလိုလားတဲ့ မေတ္တာတွေနဲ့ပါ၊ ဒုက္ခမရောက်စေချင်တဲ့ ကရုဏာတွေနဲပါ။ အမေက အသုံးဝင်သူတွေ ဖြစ်စေချင်တယ်လေ။

ဝေးနေရတဲ့ အချိန်တွေမှာ မိခင်မေတ္တာစကားတွေကို နားထဲကြားယောင်မိတိုင်း ဟုတ်မှန်ကြောင်း သက်သေထူမိတယ်၊ နောက်ပိုင်းမှာ အမေခဏခဏပြောဆို ဆုံးမတော့လဲ ညီအစ်ကိုပေါ်မှာလဲ မေတ္တာတွေထားတတ်လာတယ်၊ အများပေါ်လဲ မေတ္တာထားတတ်လာတယ်၊ ကိုယ်ယုံကြည်ရာ ရှင်သန်ကြ ရုန်းကန်ကြ လုပ်ကိုင်ကြရလဲ ဝေးနေတဲ့ ညီအစ်ကိုတွေကိုတော့ ဖုန်းဆက်လို့ မေးမိပါတယ်၊ ညီအစ်ကိုတွေကြားမှာ မေတ္တာတွေ မပျက်ခဲ့တော့ပါဘူး၊ ဒါလဲ အမေပြောသလိုပါပဲ၊ ကျင်လည်ရာလူ့ပတ်ဝန်းကျင်မှာ တစိမ်းတွေနဲ့တောင် ညီအစ်ကိုရင်းချာ နေနိုင်မှတော့ ကိုယ့်ညီအစ်ကိုရင်းချာတွေ တ၀မ်းတည်းဖွါးတွေပေါ်မှာ မေတ္တာ ကရုဏာဆက်သွယ်ထားနိုင်တဲ့ သဘောပါ။

ဟုတ်ပါတယ် သူများအပေါ်မှာတောင် ကောင်းနိုင်သေးရင် မိသာစု ညီအစ်ကို မောင်နှစ်မတွေပေါ်မှာလဲ ကောင်းနိုင်ရမှာပါ၊ ဘယ်လိုအခြေမျိုးမှာပဲ ဖြစ်ဖြစ် အစ်ကို ညီမောင်နှစ်မစတာတွေဟာ မကင်းစကောင်း မမုန်းစကောင်းတဲ့ မိခင်ဖခင်တို့ မေတ္တာလက်ဆောင်တွေပါ။ ဝေးဝေးနီးနီး ချစ်ချစ်ခင်ခင် မေတ္တာမျှမျှ နေတတ် ဆက်ဆံကြ ပြောဆိုကြရင် တကယ်ပျော်စရာ ကောင်းသလို ကျေနပ်စရာလဲ ကောင်းပါတယ်၊ မကျေနပ်တဲ့ မာန အတ္တ ဒေါသတွေကို ဆရာတင်မှားကြလို့ ချစ်စရာညီအစ်ကို မောင်နှစ်မကြားမှာ အဟန့်အတား ဖြစ်နေရတာပါ၊ ကိုယ့်စိတ် ကိုယ်ပြင်ပြီး ဖြေးဖြေးချင်းလျှော့ချလိုက်ရင် မေတ္တာကြောင့်ပဲ peace ကရလာမှာပါ။

ဒီနေ့တော့ အမေပြောတဲ့ နင်တို့က သူများနဲ့မှ ကောင်းကြတာ တည့်ကြတာ၊ ညီအစ်ကိုချင်းချင်း အမြဲရန်ဖြစ်ကြနဲ့ တည့်အောင်ကိုး မနေနိုင်ကြဘူး၊ မပေါင်းနိုင်ကြဘူးဆိုတဲ့ စကားကို ဉာဏ်ရှိသလောက် နယ်ပယ်စုံအောင် စဉ်းစားမိ ဆန်းစစ်နေမိပါတော့တယ်။

0 အကြံပြုစာ: