Monday, October 21, 2013 By: ဘ၀ဇာတ်ခုံ

အခွင့်အရေး

အခွင့်အရေးကို အင်္ဂလိပ်လို opportunity လို့ခေါ်ပါတယ်။ အခွင့်အရေးဆိုတဲ့ စကားလုံးဟာ စကားလုံးလေး လေးလုံးထဲရှိပေမဲ့ အဓိပ္ပါယ် အလွန်ကျယ်ဝန်း နက်ရှိုင်းနေတာကို တွေ့ရပါတယ်။ တကယ်တော့ လူတိုင်းလူတိုင်းဟာ အခွင့်အရေးတွေ အပြည့်အ၀ ရနေကြတာမဟုတ်ပါဘူး။ လောကမှာ အခွင့်အရေးတွေ အပြည့်အ၀ ရနေကြသူတွေရှိသလို ဘာအခွင့်အရေးမှ မရပဲ အခွင့်အရေးတွေ ဆုံးရှုံးနစ်နာနေကြသူ တွေလည်း အများကြီးရှိပါတယ်။ လောကမှာ ဘယ်သူတွေဟာ အခွင့်အရေး အပြည့် အ၀ ရနေကြပြီး ဘယ်သူတွေဟာ အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံး နေကြပါလဲ။ အခု ဒီဆောင်းပါးကို ဖတ်နေသူကကော အခွင့်အရေးရနေသူလား သို့မဟုတ် အခွင့်အရေး တွေ လက်လွှတ်ဆုံးရှုံးနေ သူလားဆိုတာ လေ့လာဆန်းစစ်ဖို့ လိုမယ်ထင်ပါတယ်။
အခွင့်အရေးဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ် အလွန်ကျယ်ဝန်းနက်ရှိုင်းလှပါတယ်။ ဆိုကြပါစို့။ ကျောင်းသားတယောက်ဟာ သူ့မှာ ကျောင်းသား တယောက် ဖြစ်ခြင်း ဆိုတဲ့ ကျောင်းသားအခွင့် အရေးတွေ အများကြီးရှိပါတယ်။ ရှိလည်းရှိရပါ မယ်။ ကျောင်းသား တယောက်ဟာ သူရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အပြည့်အ၀ ရနေပါရဲ့လား။ ဒီလိုပါပဲ။ ဆရာတယောက်ဆိုရင်လည်း ဆရာ တယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေ၊ မိဘတယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ သားသမီး တယောက် အနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ အသိပညာရှင် အတတ်ပညာရှင် တယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ အုပ်ချုပ်ခံ လူတန်းစားဖြစ်တဲ့ ပြည်သူတွေအနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ အုပ်ချုပ်သူလူတန်းစားတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ ကမ္ဘာ့လူသားများရဲ့ကောင်းကျိုး၊ နိုင်ငံရဲ့ အကျိုးကို တကယ်ရှေးရှုတဲ့ ကိုယ်ကျိုးမဖက်တဲ့ နိုင်ငံရေးသမားတွေ၊ စီးပွါးရေးလုပ်ငန်းကို တရား တဲ့နည်းလမ်းတွေနဲ့ လုပ်နေကြတဲ့ စိးပွါးရေးသမားတွေ၊ ပညာရေးလောကမှာ ရှင်သန် နေကြတဲ့ ပညာရှင်တွေ၊ နောက် ဆရာဝန်၊ အင်ဂျင်နီယာ၊ အနုသုခုမ၊ အလုပ်သမား လယ်သမားစတဲ့ နယ်ပယ် အသီးသီးမှာရှိနေကြတဲ့ သူတွေဟာ သူတို့ရဲ့ ရပိုင်ခွင့် ခံစားပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေက ဘာတွေလဲ၊ ဘယ်အတိုင်း အတာထိ ရနေကြပြီး ဘယ်အတိုင်းအတာထိ ဆုံးရှုံး နေကြပါသလဲဆိုတာ လေ့လာဆန်းစစ်ဖို့ လိုပါတယ်။
အနှစ်ချုပ်လိုက်ရင် လူသားတယောက်အဖြစ် ရှင်သန်နေရခြင်းမှာကိုက သူ့မှာ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေ အပြည့်အ၀ရှိနေပြီးသားပါ။
နိုင်ငံတနိုင်ငံရဲ့ နိုင်ငံသားတယောက်ဖြစ်ခြင်းမှာ ကိုယ်ဟာ နိုင်ငံသား တယောက် အနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေက ဘာတွေဖြစ်တယ်။ ဘယ်အတိုင်း အတာထိ ရနေပြီး ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကတော့ ဘာတွေဖြစ်တယ်၊ ဒီနိုင်ငံက နိုင်ငံသား တယောက်ဖြစ်ခြင်း အတွက် အခွင့်အရေးတွေ ဘယ်လောက် ထိပေးပြီး ဘယ် အတိုင်းအတာထိ လက်လွှတ်ဆုံးရှုံးမှုတွေ ရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင် ထားသင့်တယ်လို့ ထင်ပါတယ်။ ကံကောင်းထောက်မလို့ လူ့အဖြစ်ကို ရနေချိန်မှာ လူသားတယောက်ဖြစ်ခြင်းရဲ့ အခွင့်အရေးတွေ ကိုတော့ သေသေချာချာ သိသင့်ပါ တယ်။ သိပြီးရင် ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရအောင်လည်း ကြိုးစား သင့်တယ်လို့ ယုံကြည်မိလို့ပါ။ လူသားတယောက်အနေနဲ့ မွေးဖွားလာခဲ့ကြတဲ့လူတိုင်းလူတိုင်းမှာ မွေးရာပါအခွင့် အရေးတွေ ရှိပြီးသားပါ။ ဒီအခွင့်အရေးကို လူ့အခွင့်အရေးလို့ ပြောလိုက်ရင် ပိုရှင်းပါတယ်။ ပိုပြီး နားလည်နိုင်ပါတယ်။ ဒီနေ့ ကမ္ဘာပေါ်မှာ လူတွေ ကျယ်ကျယ်လောင် လောင် ပြောနေကြတဲ့ စကားလုံးတွေထဲမှာ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးလည်း ပါပါတယ်။ ဒါကြောင့်လည်း မွေးရာပါ လူ့အခွင့်အရေးတွေ ပြည့်ပြည့်၀၀ ရရှိရေးအတွက် လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားကြတဲ့ သူတွေက အခက်အခဲတွေ၊ အန္တရာယ် တွေကြားထဲကနေ သက်စွန့်ဆံဖျား ကြိုးစားဆောင်ရွက်နေ ကြတယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။ ဒီတော့ မွေးရာပါအခွင့်အရေးလို့ ပြောလိုက်ရင် ဒီမွေးရာပါ အခွင့်အရေးတွေဟာ ဘာတွေလည်း ဆိုတာကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ မွေးရာပါ အခွင့်အရေးနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် အဓိပ္ပါယ် အလွန်ကျယ်ဝန်း နက်ရှိုင်းလှပါတယ်။

ခြုံငုံပြီး အများနားလည်ထားတဲ့ ဒီအခွင့်အရေး တွေကတော့….
(၁) လူတိုင်းဟာ ကြောက်ရွံ့မှုကင်းစွာနဲ့ အသက်ရှင်ပိုင်ခွင့်ရှိရမယ်။
(၂) ဘ၀ရှင်သန် ရပ်တည်နိုင်ဖို့အတွက် အသက်မွေးဝမ်းကျောင်း အလုပ်တွေကို တရားသဖြင့် လွန်လွန်လပ်လပ် ရှာကြံလုပ်ဆောင်ခွင့်ရှိရပါမယ်။
(၃) ဘ၀ရပ်တည်ရှင်သန်ဖို့နဲ့ ၀ါသနာအတွက် အသိပညာ အတတ်ပညာနဲ့ အနုသုခုမ ပညာရပ်တွေကို အချုပ်အနှောင် ကင်းကင်းနဲ့ လေ့လာဆည်းပူးနိုင်ခွင့် ရှိရပါမယ်။
(၄) ကိုယ်သင်ယူထားတဲ့ အသိပညာ အတတ်ပညာတွေနဲ့ ထိုက်တန်တဲ့ အသက်မွေးဝမ်း ကျောင်းအလုပ်ကို လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေ ရှိရပါမယ်။
(၅) မိမိကိုယ်တိုင် ပါဝင်နေတဲ့ လူ့အသိုင်းအ၀ိုင်း၊ လူ့အဖွဲ့အစည်းမှာ တူညီတဲ့ အခွင့်အရေးနဲ့ တရားသဖြင့် မျှမျှတတ ပါဝင်ဆက်ဆံခြင်း၊ ပြောရေးဆိုခွင့်၊ ဆောင်ရွက် ခွင့်တွေ ရှိရပါမယ်။
(၆) မိမိနဲ့အတူ မိမိရဲ့ မိသားစုနဲ့ အသိုင်းအ၀ိုင်းအတွက် မှန်ကန်မျှတတဲ့ ရသင့်ရထိုက်တဲ့ လူမှုအခွင့်အရေးတွေကို ရရှိခံစားပိုင်ခွင့်တွေ ရှိရပါမယ်။
(၇) ဘ၀လူနေမှုအဆင့်အတန်းကို တရားသဖြင့် တိုးတက်ကြီးပွါးအောင်၊ ကြံဆောင်လုပ်ပိုင်ခွင့် တွေ ရှိရပါမယ်။
(၈) ကိုယ်ယုံကြည်တဲ့ ဘာသာ၊ အယူဝါ၊ သဘောတရား၊ အတွေးအခေါ်တွေကို လွတ်လွတ် လပ်လပ် ယုံကြည့်ကိုးကွယ်၊ယူဆပိုင်ခွင့်တွေ ရှိရမယ်။
(၉) လူသားတယောက်အဖြစ် ရှင်သန်နေရတဲ့ အခိုက်မှာလည်း လွပ်လပ်မှု၊ တရားမျှတမှုနဲ့ ကောင်းမွန်တဲ့ တရားဥပဒေစိုးမိုးမှုဆိုတဲ့ အခြေခံလူ့အခွင့်အရေး တွေလည်း ရှိရပါမယ်။

လူသားတယောက်၊ လူ့အဖွဲ့အစည်းတခုအနေနဲ့ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ဖို့ အတွက် အထက်ပါ အခွင့်အရေးတွေဟာ မရှိမဖြစ်လိုအပ်တယ်လို့လူအများက ယေဘုယျ နားလည်ထားကြ ပါတယ်။ သာယာအေးချမ်းတဲ့ ပိုမိုလှပတဲ့ လူအဖွဲ့အစည်း တခု ဖြစ်လာဖို့ ဒီအခွင့်အရေးတွေကို ပြည့်ပြည့်၀၀ ရရှိဖို့လိုတယ်လို့ ဆိုပါတယ်။ ဒါတွေကတော့ ဒီနေ့ လူတွေ ပြောပြောနေကြတဲ့ လူ့အခွင့်အရေး အကြောင်းတွေပဲ ဖြစ်ပါတယ်။
အခွင့်အရေးဆိုတဲ့ စကားလုံးဟာ ဒီနေ့ ကမ္ဘာမှာ လူပြောသူပြော အများဆုံး စကားလုံးလည်း ဖြစ်နေပါတယ်။ တကယ်တော့ ဒီကနေ့ ပြောနေကြတဲ့ အခွင့်အရေး ဆိုတဲ့ စကားလုံးဟာ အခုခေတ်မှ ပေါ်လာတဲ့ စကားလုံးမဟုတ်ပါဘူး။ အခွင့်အရေးနဲ့ ပတ်သက်လို့ မြတ်စွာဘုရားရှင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက မိန့်တော်မူခဲ့ပါတယ်။ ဘယ်လိုလူတွေက အခွင့်အရေးကို ပြည့်ပြည့်၀၀ရနေပြီး ဘယ်လို လူတွေကတော့ အခွင့်အရေးတွေ ဆုံးရှုံးနေကြတယ်ဆိုတာကို မြတ်စွာ ဘုရား ရှင်က ဟောကြားတော်မူခဲ့ပါတယ်။ အခွင့်အရေးမရသူတွေ အခွင့်အရေးဆုံးရှုံး နေကြသူတွေ ကိုတော့ ပါဠိစာပေမှာ အက္ခဏပုဂ္ဂိုလ်လို့ ဆိုပါတယ်။
မြတ်စွာဘုရားရှင် ဟောကြားချက်တွေအရ ကြည့်မယ်ဆိုရင် လောကမှာ အခွင့်အရေး ရသူနဲ့ အခွင့်အရေးမရသူ ဘယ်သူတွေကများသလဲလို့ ဆိုလို့ရှိရင် အခွင့် အရေးရနေ သူတွေက နည်းပါးပြီး အခွင့်အရေး လက်လွတ်ဆုံးရှုံးနေသူတွေက ပိုများ နေတာ ကိုတွေ့ရပါတယ်။ လောကမှာ အခွင့်အရေး မရရှိကြပဲ အခွင့်အရေး ဆုံးရှုံး နေကြသူတွေက ရှစ်ယောက်တောင် ရှိပါတယ်။ အခွင့်အရေးကို တကယ် ပြည့်ပြည့်၀၀ ရရှိတဲ့သူကတော့ တယောက်ပဲ ရှိတယ်လို့ မြတ်စွာ ဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်ရဲ့ ဒေသနာတော် အလိုအရ အခွင့်အရေးရသူ တွေထက် လောကမှာ အခွင့်အရေး ဆုံးရှုံးနေကြသူတွေက ပိုများတာကို တွေ့ရပါတယ်။
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်အရ လောကမှာ အခွင့်အရေး ဆုံးရှုံးနေတဲ့ ပထမဆုံးသောသူကတော့ ငရဘုံမှာ ရောက်နေတဲ့ ငရဲသား တွေပဲဖြစ်ပါ တယ်။ အပါယ်ငရဲဘုံမှာ ရောက်နေတဲ့ ငရဲသားတွေဟာဆိုလို့ရှိရင် သူတို့မှာ ဘုရားဖူးခွင့် တရားနာကြားခွင့် ကုသိုလ်ကောင်းမှု အလွယ်တကူ ပြုလုပ်ခွင့်ဆိုတဲ့ အခွင့်အရေးတွေ မရရှိကြပါဘူး။ သူတို့မှာ ဒီအခွင့်အရေးတွေ ဆုံးရှုံးနေကြပါတယ်။ ဒါကြောင့် ငရဲဘုံရောက်နေတဲ့ ငရဲသားဟာ အခွင့်အရေး ဆုံးရှုံးနေတဲ့သူပဲ ဖြစ်ပါတယ်။
ဒုတိယအခွင့်အရေးဆုံးရှုံးနေတဲ့သူကတော့ တိရစ္ဆာန်ဘ၀ကို ရောက်နေတဲ့ တိရိစ္ဆာန်တွေပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်တွေဟာ သူတို့မှာ ဘုရားဖူးခွင့် တရားနာကြားခွင့် ကုသိုလ်ကောင်းမှု အလွယ်တကူပြုလုပ်ခွင့်ဆိုတဲ့ အခွင့်အရေးတွေ မရကြပါဘူး။ သူတို့မှာ ဒီအခွင့်အရေးတွေ ဆုံးရှုံးနေကြပါတယ်။ ဒါကြောင့် တိရစ္ဆာန်ဘုံရောက်နေတဲ့ တိရစ္ဆာန်ဘုံသားတွေဟာ အခွင့်အရေးမရ ကြတဲ့ အခွင့်အရေးဆုံးရှုံးနေကြတဲ့သူတွေပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်လောကသား တွေဟာ နိုင်ရာစားကြတဲ့ သူတွေပါ။ ကြီးတဲ့ သတ္တ၀ါတွေက ငယ်တဲ့သတ္တ၀ါလေးတွေကို သတ်ဖြတ် စားသောက်ကြတယ်။ အင်အား ကြီးတဲ့ သတ္တ၀ါတွေက အင်အားနည်းတဲ့ သတ္တ၀ါလေးတွေကို အနိုင်ကျင့်ပြီး သတ်ဖြတ် စားသောက် တတ်ကြပါတယ်။ သူတို့အချင်းချင်းလည်း ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်စား သောက်တတ်ကြတဲ့ သတ္တ၀ါတွေ ဖြစ်တယ်။ ဒါကြောင့် လူသားတွေဟာလည်း ကိုယ့်ရဲ့ ဘ၀ရပ်တည်ရှင်သန်ရေးအတွက် သူတပါးအပေါ် အနိုင်ကျင့် နှိပ်စက်အနိုင်ယူ နေဦး မယ်ဆိုရင် တိရစ္ဆာန်တွေနဲ့ ဘာမှ သိပ်ပြီး ထူးခြားမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူ့ တိရစ္ဆာန်ဆိုတဲ့ စကားကို သုံးစွဲနေကြတာပဲဖြစ်ပါတယ်။
ဂြိလ်တုစလောင်းမှာ ကြည့်လိုက်လို့ရှိရင် killing for living beings ဆိုတဲ့ channel လေးတခုရှိပါတယ်။ ပြီးတော့ discovery ဆိုတဲ့ channel မှာကြည့် လိုက်လို့ရှိရင် မြတ်စွာဘုရားဟော ခဲ့တဲ့ ဒေသနာတော်ကို ပိုပြီးနားလည် သဘော ပေါက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲလို့ ဆိုလို့ရှိရင် ဒီchannel တွေထဲမှာ တိရစ္ဆာန်တွေဟာ အင်အားကြီးတဲ့ သားကောင်က အင်အားနည်းတဲ့ သားကောင်တွေကို ရက်ရက်စက်စက် တိရစ္ဆာန်အချင်းချင်း သတ်ဖြတ်စား သောက်နေကြတာကို discovery ကြည့်တဲ့ လူတိုင်းတွေ့ဖူးကြမယ် ထင်ပါတယ်။ ခြင်္သေ့တွေက ကျွဲတွေ သမင်လေး တွေကို စားတယ်။ မြေခွေးတွေက ယုံလေးတွေ သမင်လေးတွေကို သတ်စားတယ်။ ခြင်္သေ့ရန်က နေကြောက်လို့ ရေထဲ ဆင်းပြေးကြတဲ့ ကျွဲတွေ၊သမင်လေးတွေကို ရေထဲ က မိကျောင်းတွေက ကိုက်သတ်ကြပြန်ပါတယ်။ သိန်းငှက်တွေက ကြွက်တွေ မြွေတွေ ကို သတ်စားသလို မြွေတွေကလည်း သူတို့နိုင်တဲ့ သတ္တ၀ါလေးတွေကို စားသောက် တတ်ကြပြန်ပါတယ်။ သူတို့မှာ ကုသိုလ်ဖြစ်ဖို့ အခွင့်အရေးတွေ အလွန်နည်းပါးလှ ပါတယ်။ ဒါကြောင့် တိရစ္ဆာန်ဘုံသားတွေဟာ အခွင့်အရေးမရ ကြတဲ့ အခွင့်အရေး ဆုံးရှုံးနေကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။
နောက် အခွင့်အရေးမရကြတဲ့ အခွင့်အရေးဆုံးရှုံးနေကြတဲ့ သူတွေကတော့ ပြိတ္တာ ဘုံသား တွေပဲ ဖြစ်ပါတယ်။ ပြိတ္တာဖြစ်ရတဲ့ဘ၀မှာ ဆင်းရဲဒုက္ခမျိုးစုံကို ခံစားနေ ရတဲ့ အတွက် ကုသိုလ်ဖြစ်ဖို့ အခွင့်အလမ်းက မရှိပါဘူး။
နောက် အခွင့်အရေးမရကြတဲ့ အခွင့်အရေးဆုံးရှုံးနေကြတဲ့ သူတွေကတော့ အသူရကာယ် ဘုံသားတွေပဲ ဖြစ်ပါတယ်။ အချုပ်အားဖြင့် အပါယ်လေးဘုံရောက်နေ တဲ့ သတ္တ၀ါတွေဟာ အခွင့်အရေး ဆုံးရှုံးနေကြသူတွေပဲ ဖြစ်ပါတယ်။
ကုသိုလ်ကောင်းမှု များစွာပြုလုပ်ဖို့ အခွင့်အရေးမရတဲ့အတွက်ကြောင့်ကို “အပါယ်”လို့ ခေါ်တာပါ။
မှတ်ချက်။ ။ အသူရကာယ်ကို ပြိတ္တာဘုံထဲမှာ စာရင်းသွင်း၍ အပါယ် ၃ဘုံကို ယူပါ။
နောက် အခွင့်အရေးမရကြတဲ့ အခွင့်အရေးဆုံးရှုံးနေကြတဲ့ သူတွေကတော့ ဘုရားရှင် ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင်၊ တရားမနာနိုင်ကြရှာတဲ့ ခန္ဓာကိုယ်သာရှိပြီး စိတ် ၀ိဉာဏ် မရှိတဲ့ အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိဉာဏ်သာရှိပြီး ခန္ဓာကိုယ် မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ်တို့အရပ်၊ အသညသတ်ဘုံ (အရူပဘုံသား) ဗြဟ္မာများပဲ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့မှာ ဘုရားဖူးဖို့၊ တရား နာကြားဖို့ အခွင့်အရေးတွေ ဆုံးရှုံးနေကြပါတယ်။ ဒါကြောင့် သူတို့ဟာလည်း အခွင့်အရေး ဆုံးရှုံးနေကြသူတွေပဲ ဖြစ်ပါတယ်။ နောက် အခွင့်အရေးမရကြတဲ့ အခွင့်အရေးဆုံးရှုံးနေကြတဲ့ သူတွေကတော့ ပစ္စန္တရစ်ခေါ် သာသနာမရှိသောအရပ်မှာ လူဖြစ်နေကြသူတွေပဲ ဖြစ်ပါတယ်။ သာသနာရှိတဲ့အရပ်မှာ လူဖြစ်နေကြပေမဲ့လို့ အယူလွဲတဲ့ မိစ္ဆာအယူရှိနေကြသူတွေ ဟာ လည်း အခွင့်အရေးဆုံးရှုံးနေကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ဘုရားသာသနာနဲ့ ကြုံပေမယ့် စစ်မှန်တဲ့ တရားတော်တွေကို နားလည်နိုင်လောက်တဲ့ ထက်မြက်တဲ့ ဥာဏ်ရည်ဥာဏ်သွေးမရှိကြသူတွေဟာလည်း မဂ်ဖိုလ်ရဖို့ အခွင့်အရေး မရကြတဲ့ အခွင့်အရေး ဆုံးရှုံးနေကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။
စစ်မှန်တဲ့တရားတော်တွေကို နားလည်နိုင်လောက်တဲ့ ထက်မြက်တဲ့ ဥာဏ်ရည် ဥာဏ်သွေးရှိပေမယ့် လို့လည်း ဘုရားမပွင့်တဲ့ ကမ္ဘာမှာ ဖြစ်နေရောက်နေသူတွေဟာ လည်း အခွင့်အရေးဆုံးရှုံးနေ ကြသူတွေပဲ ဖြစ်ပါတယ်။
ဒီရယောက် သို့မဟုတ် ၈ယောက်သောသူတွေဟာ လောကမှာ အခွင့်အရေး တွေ ဆုံးရှုံးနေကြသူတွေပဲဖြစ်တယ်လို့ မြတ်စွာဘုရားက ဟောတော်မူခဲ့ပါတယ်။

မြတ်စွာဘုရားရှင်ဟောတော်မူခဲ့တဲ့ အခွင့်အရေးကို အပြည့်အ၀ရရှိနေသူ ကတော့ ဘုရားသာသနာနဲ့လည်းကြုံ၊ မြတ်စွာဘုရားဟောခဲ့တဲ့ တရားတော်တွေကို လည်း နားလည်နိုင်စွမ်းရှိတဲ့ အသိဥာဏ်ရှိသူပဲ ဖြစ်ပါတယ်။
လောကီအလိုအရ အခွင့်အရေးရခြင်း၊မရခြင်းကို ဘယ်လိုပဲ အဓိပ္ပါယ်ဖွင့်ဆို သည်ဖြစ်စေ မြတ်စွာဘုရားရှင်ရဲ့ ဟောပြောချက်အရကတော့ အခွင့်အရေးဆုံးရှုံးခြင်း ဆိုသည်မှာ မြတ်သော အကျင့်ကို ကျင့်သုံးရန် အခွင့်ကောင်းမဟုတ်ခြင်း၊ မဂ်ဖိုလ်ရအောင် တရားအားထုတ် ခွင့်မရတဲ့ အတွက်ကြောင့် မဂ်ဖိုလ်ရခွင့်မရှိခြင်းကို ဆိုလို ပါတယ်။ အခွင့်အရေးအပြည့်အ၀ရခြင်း ဆိုသည်မှာ ဖြူစင်တဲ့တရားများကိုပြုလုပ်နိုင်ဖို့ အခွင့်ရှိခြင်း၊ မဂ်ဖိုလ်တရားကို ရနိုင်လောက်တဲ့ အခွင့်ရှိခြင်း၊ သူတော်ကောင်း တရားကို ကျင့်သုံးနိုင်ခွင့်ရှိခြင်းကို ဆိုလိုပါတယ်။ ဒါဆိုရင် အခု ဒီဆောင်းပါးကို ဖတ်နေသူဟာ အခွင့်အရေးဆုံးရှုံးနေသူလား၊ သို့မဟုတ် အခွင့်အရေး အပြည့်အ၀ရနေသူလား ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်စေချင်ပါတယ်။

(ရည်ညွန်း) အယူဝါဒ တူမျှသူများကိုသာ ရည်ညွှန်းပါတယ်။

ကိုသစ် (သီတဂူ)

0 အကြံပြုစာ: