Monday, October 21, 2013 By: ဘ၀ဇာတ်ခုံ

မိဘဆိုတာ မီး

လွန်ခဲ့တဲ့ တန်ဆောင်မုန်းလတုန်းက မန္တလေးက သူငယ်ချင်းတွေ စစ်ကိုင်းသီတဂူကို ရောက်လာကြပါတယ်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သွားဖို့ အဖော်လာခေါ်တာလို့လည်း ပြောပါတယ်။ မီးပုံးပျံပြိုင်ပွဲတွေ မီးပုံကပွဲတွေနဲ့ အလွန်စည်ကားတယ်။ ဘုရားလည်းဖူး၊ ဒေသန္တရ ဗဟုသုတလည်း ရအောင်လို့ တို့သူငယ်ချင်းတွေ စုပြီး ရှမ်းပြည်နယ်ဘက်ကို ခရီးထွက်ကြရအောင်လို့ ပြောပါတယ်။ ခရီးသွားရတာကို ၀ါသနာပါမှန်းသိလို့ တကူးတက လာခေါ်ဟန်တူပါတယ်။ ဒါပေမယ့် သူတို့ လာခေါ်တဲ့အချိန်က သီတဂူအာယုဒါနဆေးရုံမှာ အုပ်ချုပ်ရေးတာဝန်ကျနေတဲ့အချိန်ဆိုတော့ စဉ်းစားပါဦးမယ်လို့ပဲ ပြောလိုက်ပါတော့တယ်။ သူငယ်ချင်းတွေ ပြန်သွားတော့မှ သူပြောခဲ့တဲ့ မီးပုံကပွဲ အကြောင်းကို စဉ်းစားရာကနေ မိဘဆိုတာ မီးနဲ့တူတယ် ဆိုတဲ့ ဘုရားရှင်ရဲ့ စကားတော်လေးကို ပြန်သတိရမိလိုက်ပါတယ်။
မီးဆိုတာ အိမ်တိုင်းအိမ်တိုင်းမှာ မရှိမဖြစ်တဲ့ အရာတစ်ခုဖြစ်သလို လူသားတိုင်းမှာလည်း မိဘဆိုတာ ရှိကြစမြဲပါ။ မီးနဲ့ကင်းတဲ့ ရုပ်ဝတ္ထုပစ္စည်းဆိုတာ မရှိသလောက် ရှားပါတယ်။ မီးဆိုတာ ဥာဏ်ယှဉ်ပြီး သုံးရင် အသုံးချတတ်သလောက် အသုံးချတဲ့သူအပေါ်မှာမူတည်ပြီး မရေတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်သလို ပေါ့ပေါ့ဆဆနဲ့ သုံးမယ်၊ အကျိုးရှိအောင် အသုံးမပြုတတ်ပြန် ဘူးဆိုရင်လည်း ဘ၀နဲ့အသက်အိုးအိမ် ဆုံးရှုံးရတဲ့အထိ ဆင်းရဲဒုက္ခရောက်စေနိုင် တယ်ဆိုတာ လူတိုင်းသိပါတယ်။ ပကတိမီးကို ပေါ့ပေါ့ဆဆ အသုံးပြုမိလို့ ဘ၀ပျက်သွားသူတွေ အများကြီးရှိသလို မိဘဆိုတဲ့မီးကို တလွဲသုံးစွဲခဲ့မိလို့ ဆုံးရှုံးနစ်နာခဲ့ရတဲ့ သာဓကတွေ အများကြီးရှိပါတယ်။
ပကတိမီးကို ပေါ့ပေါ့ဆဆအသုံးပြုရင် အလွန်အန္တရာယ်များသလို မိဘဆိုတဲ့မီးကို ရိုရိုသေသေ အသုံးမပြုဘဲ ပေါ့ပေါ့တန်တန် အသုံးပြုမိပြန်ရင်လည်း အလွန်အန္တရာယ်ကြီးပါတယ်။ မိဘတွေဟာ မီးနဲ့တူတယ်ဆိုရင် သားသမီးတွေဟာ လောင်စာနဲ့ တူပါတယ်။ ဒီနေရာမှာ မိဘတွေကို ဘာဖြစ်လို့ မီးနဲ့တူတယ်လို့ တင်စားထားရသလဲဆိုရင်တော့ မီးကို စနစ်တကျနဲ့ အကျိုးရှိရှိ သုံးစွဲမယ်ဆိုရင် မရေတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေ ခံစားခွင့်ရှိသလို စည်းကမ်းမရှိပဲ ပေါ့ပေါ့ဆဆ စနစ်တကျ မသုံးတတ်ပြန်ရင်လည်း သံသရာအထိ ဆုံးရှုံးနစ်နာမှုတွေ တသီကြီးဖြစ်ပေါ်လာနိုင်ပါတယ်။ မိဘ ဆိုတဲ့ မီးကိုလည်း ရိုသေလေးစားမှု၊ ကျေးဇူးသိတတ်တဲ့ စိတ်ထားတွေနဲ့ ဂရုတစိုက်ပြုစု စောင့်ရှောက် ထားမယ်ဆိုလို့ရှိရင် မရေတွက်နိုင်တဲ့ ကောင်းကျိုးချမ်းသာတွေကို ရရှိစေမှာဖြစ်ပါတယ်။ ရိုသေ လေးမြတ်တဲ့စိတ်မရှိပဲ ပေါ့ပေါ့တန်တန်သုံးမိရင်တော့ မိတ္တ၀ိန္ဒကလို ဆင်းရဲဒုက္ခမျိုးစုံနဲ့ ဘ၀သံသရာ ခရီးကို ဖြတ်သန်းသွားရမှာပါ။
ဒီတော့ ကောင်းကျိုးချမ်းသာရခြင်းနဲ့ ဆင်းရဲဒုက္ခတွေကို ရရှိခြင်းဟာ မိဘတွေကို အကြောင်းပြုပြီး ခံစားရတာဖြစ်လို့ မိဘတွေကို မီးနဲ့တူတယ်လို့ တင်စားလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ပိဋကတ်စာပေမှာ မီးနဲ့ပတ်သက်လို့ သာဓကလေးတစ်ခုရှိပါတယ်။ မြတ်စွာဘုရားရှင်လက်ထက်တော် အခါတုန်းက ဥဂ္ဂတသရီရလို့ခေါ်တဲ့ ပုဏ္ဏားကြီးတစ်ဦးရှိခဲ့ဘူးပါတယ်။ တစ်ခုသောနေ့လည်ခင်းမှာ ဒီပုဏ္ဏားကြီးဟာ မြတ်စွာဘုရားရှင်ထံ သွားပြီးတော့ အရှင်ဘုရား မီးပူဇော်ခြင်းဟာ အကျိုးကျေးဇူးများ တယ်လို့ တပည့်တော်ကြားဖူးပါတယ်။ အရှင်ဘုရားကော ကြားဖူးပါသလားလို့ မေးတော့ မြတ်စွာဘုရားရှင်က ငါလည်း ဒီစကားကို ကြားဖူးပါတယ်လို့ ပြန်ဖြေလိုက်ပါတယ်။
ဒီတော့ ပုဏ္ဏားကြီးက အရှင်ဘုရား ဒါဆိုရင် တပည့်တော်ကိုလည်း အကျိုးကျေးဇူးရရှိစေနိုင်တဲ့ မီးပူဇော်နည်းလေးကို ပေးတော်မူပါလို့ လျှောက်ထားလိုက်တဲ့အခါ မြတ်စွာဘုရားရှင်က ပုဏ္ဏားကြီး ယာဇ်မီးပူဇော်လိုတဲ့ပုဂ္ဂိုလ်ဟာ ယာဇ်ပူဇော်လိုတဲ့အတွက်ကြောင့် ဆိတ် သိုး နွား စတဲ့ သတ္တ၀ါတွေကို သတ်ဖြတ်ဖို့ရန် ကြိုတင်စိတ်ကူးထားရတယ်။ ယာဇ်ပူဇော်တဲ့အနေနဲ့ ဘယ်လိုသတ်ဖြတ်ရမယ်၊ အရေအတွက် ဘယ်လောက်သတ်ဖြတ်ရမယ် စသဖြင့် ကိုယ်တိုင်သတ်ဖြတ်တာလည်း ရှိတယ်။ သူတပါးကို သတ်ဖြတ်ခိုင်းရတာတွေလည်း ရှိတယ်။ သူတပါးအသက်ကို သတ်ဖို့ရန် ကြိုတင်စိတ်ကူး ခြင်း၊ သတ်ဖြတ်ခြင်းတွေဟာ မကောင်းတဲ့ အကုသိုလ်ကံတွေချည်းသာဖြစ်တယ်။ ကုသိုလ်လုပ် မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပေမယ့် အကုသိုလ်တွေကိုလည်း အလိုလို ပြုလုပ်ပြီးသားဖြစ်နေတယ်။ နတ်ပြည်ရောက်ကြောင်းအလုပ်ကို လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပြုလုပ်တာ ဖြစ်ပေမယ့် တကယ့်လက်တွေ့မှာတော့ အပါယ်ငရဲရောက်ကြောင်း အလုပ်တွေကို လုပ်မိနေ တတ်ပြန်ပါတယ်။ အကျိုးရှိစေမယ့် အလုပ်၊ ချမ်းသာသုခကို ဖြစ်စေမယ့်အလုပ်ကို လုပ်မယ်ဆိုပြီး ပြုလုပ်တာဖြစ်ပေမယ့်လို့ တကယ်လုပ်နေတာက အကျိုးမရှိတဲ့အလုပ်၊ ဘ၀သံသရာမှာ ဆင်းရဲစေမယ့် အလုပ်မျိုးဖြစ်နေတတ်ပြန်ပါတယ် လို့ မိန့်တော်မူပါတယ်။
ပြီးတော့ ရာဂမီး၊ ဒေါသမီး၊ မောဟမီးဆိုတဲ့ မီးသုံးပါးကို ရှောင်ရမယ်။ အာဟုနေယျမီး၊ ဂဟပတိမီးနဲ့ ဒက္ခိနေယျမီးဆိုတဲ့ မီးသုံးပါးကိုတော့ ဆောင်ထားရမယ်။ ဒီမီးသုံးပါး မလောင်ရ လေအောင် သေသေချာချာ ဂရုတစိုက်နဲ့ အမြဲတမ်း သတိထားနေရမယ်လို့ မိန့်တော်မူပါတယ်။ ဒီနေရာမှာ အာဟုနေယျမီးဆိုတာ မိဘနှစ်ပါးကို ဆိုလိုတာပါ။ ဒါကြောင့် မိဘဆိုတာ မီးနဲ့တူတယ်လို့ ပြောရခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် မိဘဆိုတဲ့မီးကို လိမ္မာပါးနပ်စွာနဲ့ သတိဥာဏ်ယှဉ်ပြီး ကိုယ့်အတွက် အကျိုးထွက်အောင် သုံးတတ်ဖို့ပဲ အရေးကြီးပါတယ်။
ဒီစာကိုရေးနေရင်းကပဲ မိတ်ဆွေတစ်ဥိးရဲ့ ရင့်ဖွင့်သံကို ကြားလိုက်ရပါတယ်။ သူပြောတာက ဒီနေ့ခေတ် ကလေးတွေကို ထိန်းကြောင်းရတာ မလွယ်တော့ဘူး။ သူတို့ကို သူငယ်ချင်းပေါင်း ပေါင်းမှရတယ်။ သားတို့သမီးတို့ နင်တို့မှာ ဘာတွေအခက်အခဲရှိတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာကို ငါတို့ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောနော် ဆိုပြီး ချော့ပေါင်းနေရတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ သူတို့ဘာလုပ်လုပ် ဖွင့်မပြောကြတော့ဘူး။ သိလိုက်ရတဲ့အခါကျတော့ အချိန်တွေက လွန်ကုန်ပြီ။ မိဘဆိုပြီး သူတို့ရိုသေလေးစားမှုရှိအောင် ဣနြေ္ဒကြီးနဲ့ လုပ်နေလို့ မရတော့ဘူး လို့ ပြောပါတယ်။ မိဘဆိုတာ သားသမီးတွေအတွက် လက်ဦးဆရာဖြစ်တဲ့အပြင် ဗြဟ္မာကြီးနဲ့တူတယ်ဆိုတဲ့ မြတ်စွာ ဘုရားရှင်ရဲ့ စကားတော်လည်း ရှိပါသေးတယ်။ လက်ဦးဆရာဖြစ်တဲ့ မိဘတွေ၊ ဗြဟ္မာကြီး တွေနဲ့တူတဲ့ မိဘတွေဟာ ဒီနေ့ခေတ်ကျမှ ဘာဖြစ်လို့ သားသမီးတွေရဲ့ သူငယ်ချင်းတွေလို ဖြစ်ကုန်ရတာလဲ ဆိုတာကို စဉ်းစားနေမိတယ်။ မိတ်ဆွေကို ‘မိဘဆိုတာ သားသမီးတွေအတွက် သူငယ်ချင်း မဟုတ်ပါဘူးဗျာ၊ ဘုရားရှင်ကိုယ်တိုင်က မိဘဆိုတာ သားသမီးတွေရဲ့ လက်ဦးဆရာ ဖြစ်တဲ့အပြင် ဗြဟ္မာကြီးတွေနဲ့ တူတယ်လို့တောင် ဟောထားသေးတာပဲ၊ ဘယ်နှယ်ကြောင့် ခင်များကျမှ သူငယ်ချင်းပေါင်း ပေါင်းနေရတာလဲ၊ သဘာဝမကျသေးပါဘူးဗျာ လို့ ပြောတော့ ဟောတော့လည်း ဟောတာပေါ့။
ဒါပေမယ့် ခေတ်ရေစီးကြောင်းက ပြောင်းလာလို့ပဲလားတော့ မပြောတတ်တော့ပါဘူး။ ဒီနည်း ကလွဲပြီး ဘယ်လိုမှ လုပ်လို့မရဘူးဖြစ်နေတယ်။ ကျနော်တို့လည်း နည်းအမျိုးမျိုးနဲ့ စမ်းသပ်ပြီးပါပြီ၊ ဒါပေမယ့်လည်း နောက်ဆုံးတော့ လက်လျှော့လိုက်ရတာချည်းပါပဲ။ ကိုယ်တင်ဖြစ်နေ တာလားဆိုပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်တော့လည်း ဒီအတိုင်းပဲ ဖြစ်နေတာကို တွေ့ရတယ်ဗျာ လို့ စိတ်ပျက်အားလျှော့တဲ့ လေသံနဲ့ ပြောပါတယ်။
ကိုယ်ကလည်း ပညာရှိတစ်ဆူ မဟုတ်လေတော့ ဘယ်လိုမှ အကြံမပေးတတ်ပါဘူး။ သူတို့က လက်တွေ့ ရင်ဆိုင်နေရတာ မဟုတ်လား။ ပြီးတော့ သူပြောသလိုသာ ခေတ်ကြောင့်ဆိုရင်တော့ ခေတ်ရေစီးကြောင်းဆိုတာကို ပြောင်းလဲပစ်ဖို့ဆိုတာကလည်း လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးလို့ပဲ ထင်ပါတယ်။ ဒါပေမယ့် မီးကိုတော့ ဒီလောက်ကြီး ပေါ့ပေါ့ဆဆတော့ အသုံးမပြုစေချင်ပါဘူး။ မီးရဲ့ကောင်းကျိုးဆိုးပြစ်တွေကို သိပြီးသာမို့ ကိုယ့်အတွက် အကျိုးထွက်အောင် သတိရှိရှိနဲ့ အသုံးပြု တတ်ဖို့တော့ လိုအပ်ပါတယ်။
မိဘဆိုတဲ့ မီးကလည်း သားသမီးဆိုတဲ့ လောင်စာတွေနဲ့ အမြဲယှဉ်တွဲနေထိုင်ရတာဖြစ်လို့ အထူးသတိထားပြီး အကျိုးရှိအောင် သုံးစွဲတတ်ကြဖို့ ကြိုးစားသင့်ပါတယ်။ မီးရဲ့တန်ဖိုးကို အလေးထားသတိမမူပဲ သတိလက်လွတ် အသုံးပြုမိရင်တော့ မီးရဲ့ဝါးမျိုခြင်းကို မချိမဆန့် ခံစားကြရမှာပါ။ မီးကြောင့်ဖြစ်တဲ့ ဆင်းရဲဒုက္ခမျိုးစုံကို တွေ့ကြုံခံစားရမှာပဲ ဖြစ်ပါတယ်။
မြို့ရွာတိုင်းမှာ အရေးတယူ စိုက်ထူထားလေ့ရှိတဲ့ ‘သင့်ကြောင့် မီးမလောင်ပါစေနှင့်၊ မီးဘေးရှောင် မလောင်ခင်တား၊ မီးဘေးအန္တရာယ် တို့ကာကွယ် စတဲ့ သတိပေး ဆိုင်းဘုတ် လေးတွေဟာ မီးကြောင့်ဖြစ်ရတဲ့ ဆုံးရှုံးမှုတွေ၊ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို မတွေ့ကြုံ မခံစားရ အောင်လို့ သတိပေး စိုက်ထူးထားခြင်းပဲ ဖြစ်ပါတယ်။ သတိပေး နှိုးဆော်ထားတဲ့ ဒီဆိုင်းဘုတ် လေးတွေ စာတမ်းလေးတွေဟာ ရိုးရိုးပကတိ မီးကိုသာ သတိပြုရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မိဘဆိုတဲ့ မီးက သားသမီးဆိုတဲ့ လောင်စာတွေဆီ မကူးစက် မလောင်ကျွမ်းရ လေအောင် သတိရှိရှိနဲ့ လိမ္မာပါးနပ်စွာ အသုံးပြုနိုင်ဖို့အတွက် စိုက်ထူးထားခြင်းလည်း ဖြစ်နိုင်ပါတယ်။

အဇာတသတ်ဘုရာ ရာဇဂြိုလ်မြို့မှာ နန်းစံနေစဉ်တုန်းက မီးကို ရိုသေကြဖို့နဲ့ တကယ်လို့ ကိုယ့်ကြောင့် မီးလောင်မှုဖြစ်ခဲ့မယ်ဆိုရင် မြို့ပြင်ထွက်ရမယ် လို့ အမိန့်ထုတ်ခဲ့ဘူးပါတယ်။ အမိန့် ထုတ်ပြီး သိပ်မကြာခင်မှာပဲ မင်းနန်းတော်မှာ မီးလောင်မှုဖြစ်ပွါးခဲ့လို့ ဘုရင်ကိုယ်တိုင် မြို့ပြင်မှာ နန်းသစ်ဆောက်ပြီး နန်စံခဲ့ရပါတယ်။ ဒါကြောင့် ရာဇဂြိုလ်မြို့သစ် ဆိုတာ ဖြစ်ပေါ်ခဲ့ရတာပါတဲ့။
မြန်မာနိုင်ငံမှာ ၂၀၁၂ခုနှစ်အတွင်း အခြေခံအဆောက်အအုံ ၁၅၆၀၃ လုံး၊ စက်ရုံအလုပ်ရုံ ဂိုဒေါင်ပေါင်း ၁၉ ခု အပါအ၀င် မီးလောင်မှု အကြိမ် ၁၁၁၃ ကြိမ် ဖြစ်ပွါးခဲ့ပြီး ကျပ်သန်းပေါင်း ရှစ်ထောင်ကျော် ဆုံးရှုံးမှုရှိခဲ့တယ်၊ မီးကြောင့် သေးဆုံးတဲ့လူက ၁၇၄၊ ဒဏ်ရာရသူပေါင်း ၂၈၁ ယောက်၊ မီးဘေးဒုက္ခသည်ပေါင်း ၇၄၄၃၀ ဦးရှိတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ပကတိမီးကြောင့် ဖြစ်ရတဲ့ ဆုံးရှုံးနစ်နာမှုက အစားထိုးလို့ ရချင်ရနိုင်ပေမယ့် မိဘဆိုတဲ့ မီးကြောင့် ဖြစ်ရတဲ့ ဆိုးကျိုးတွေကတော့ အချိန်မီ ကုစားနိုင်ဖို့ ခက်ပါလိမ့်မယ်။

ပိဋကတ်စာပေမှာ မှတ်တမ်းတင်ခံထားရတဲ့ ဘုရင် အဇာတသတ်၊ မိတ္တ၀ိန္ဒက စတဲ့ ပုဂ္ဂိုလ်တွေဟာ မိဘဆိုတဲ့မီးကို စနစ်တကျ အသုံးမပြုခဲ့မိကြလို့ သတိလက်လွှတ် ဗရမ်းပတာ သုံးစွဲခဲ့မိကြလို့ ဘ၀မှာ ဆုံးရှုံးနစ်နာမှုတွေနဲ့ တွေ့ကြုံခဲ့ရတာပဲ ဖြစ်ပါတယ်။
နောက် ထင်ရှားတဲ့ သာဓကတစ်ခုကတော့ တန်ခိုးအရာမှာ အထူးချွန်ဆုံး ဧတဒဂ်ရ တော်မူခဲ့တဲ့ မြတ်စွာဘုရားရှင်ရဲ့ လက်ဝဲတော်ရံ ရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်ကြီးပဲ ဖြစ်ပါတယ်။ သူဟာ ပါရမီဖြည့်စဉ်ကာလတုန်းက တစ်ခုသော ဘ၀မှာ ဇနီမယားရဲ့ စကားကို နားယောင်ခဲ့မိလို့ မျက်မမြင် ဒုက္ခိတမိဘနှစ်ပါးကို လှည်းနဲ့တင်ခေါ်သွားပြီး လမ်းခုလတ်မှာ ခိုးသားဓားပြ ယောင်ဆောင်ကာ တုတ်နဲ့ရိုက်ခဲ့မိလို့ နောက်ဆုံးဘ၀မှာ တန်ခိုးအရာမှာ အထူးချွန်ဆုံး သာဝက ကြီးတစ်ပါးဖြစ်လျှက်နဲ့ ခိုးသားငါးရာတို့ရဲ့ ရိုက်ပုတ်ခြင်းကို ခံခဲ့ရတာဟာ မီးဘေးမီးဒဏ် သင့်ခံရခြင်းပဲ ဖြစ်ပါတယ်။

မိဘဆိုတဲ့မီးကို ပြစ်မှားမိခဲ့ရင် တန်ပြန်ဆိုးကျိုးတွေကိုလည်း ခံစားရမှာ မလွဲပါဘူး။ လျှောက်လှမ်း ရမယ့် ဘ၀သံသရာခရီးဟာ မပြီးဆုံးသေးသရွေ့တော့ မိဘဆိုတဲ့မီးဟာ အမြဲတမ်း ရှင်သန်နေဦးမှာပါ။ ရှည်လျားစွာ လျှောက်လှမ်းရမယ့် ဘ၀သံသရာခရီးတစ်လျှောက်လုံး မိဘဆိုတဲ့ မီးရဲ့ ၀ါးမျိုခြင်း မခံရလေအောင် သတိရှိရှိနဲ့ အသုံးပြုတတ်ဖို့တော့ လိုအပ်လှပါတယ်။
ဒါကြောင့် မီးရဲ့ ဆိုးကျိုးတွေကို ဆင်ခြင်နိုင်ဖို့ မဃဒေ၀မှာလာတဲ့ လင်္ကာလေးတစ်ပုဒ်ကို လက်ဆောင် ပါးလိုက်ပါရစေ။
ကျေးဇူးရှင်အား ပြစ်မှားတော်လှန် အကျင့်တန်မှု ခက်ထန်ဝေဒနာ ဥစ္စာဆုံးရှုံး ကိုယ်လုံးပျက်စီး အနာကြီးပေါက် စိတ်ချောက်ပေါသွပ် နှိပ်ကွက်မင်းဒဏ် ပြင်းထန်စွပ်စွဲ ခံရမြဲတည်း။ မျိုးကွဲဆွေပျက် စီးစိမ်ပျက်နှင့် အိမ်ထက်မီးလောင် တက်တက်ပြောင်၍ ကိုယ်ကောင်စုတေ ငရဲပြည်သို့ မသွေမှန်စွာ လားရောက်ရာသည် မှတ်ပါဒဏ်သင့် ပြစ်မျိုးတည်း။
ဒီလင်္ကာဆောင်ပုဒ်လေးဟာ မိဘဆိုတဲ့မီးကို စည်းမဲ့ကမ်းမဲ့ သုံးစွဲခြင်းကြောင့် သက်ရောက်နိုင်တဲ့မီးဘေးအန္တရာယ်တွေကို ပြဆိုထားတဲ့ ဆောင်ပုဒ်ကလေးပဲဖြစ်ပါတယ်။ဒါကြောင့် လက်ရှိပိုင်ဆိုင်ထားတဲ့ ပစ္စုပ္ပန်ဘ၀မှာပဲဖြစ်ဖြစ်၊ နောင်သံသရာ ဘ၀ခရီးမှာပဲ ဖြစ်ဖြစ် ရရှိလာမယ့် ဘ၀တိုင်းဘ၀တိုင်းမှာ ဆုံးရှုံးပျက်စီးမှုတွေနဲ့ မတွေ့ကြုံရလေအောင် တနည်းအားဖြင့် မိဘဆိုတဲ့မီး အလောင်ကျွမ်း မခံရလေအောင် မိဘဆိုတဲ့မီးကို စနစ်တကျ သုံးစွဲပြီး ကိုယ့်အတွက် အကျိုးထွက်အောင် လိမ္မာပါးနပ်စွာနဲ့ အသုံးပြုနိုင်ဖို့တော့ အလွန်အရေးကြီးပါတယ်။ ပကတိမီး မလောင်ရအောင်သတိပြုဖို့ လိုသလို မိဘဆိုတဲ့ မီး မလောင်ရအောင်လည်း သတိကိုယ်စီ ရှိကြပါစို့။

ကိုသစ် (သီတဂူ)

0 အကြံပြုစာ: