Tuesday, October 22, 2013 By: ဘ၀ဇာတ်ခုံ

ဓားသွားထက်ကပန်း

(၁)
ရာသီမှီ ဖူးပွင့်နေတဲ့ က,ဇာတ်တွေထဲ
နှာခေါင်းသွေးလျှံနေတဲ့ ခြေလှမ်းများနဲ့အတူ
အမှောင်ညဟာ ခရီးဆက်နေဆဲ
ဆန်းပြားတဲ့ ကကြိုး က ကွက်တွေနဲ့
တစ်ဆောင်းသစ်ဦးတော့မယ်။
(၂)
အလိုမတူပဲ
ပေါင်းသင်းခံခဲ့ရတဲ့ စာမျက်နှာတချို့ကိုမှ
မြိန်ရေယှက်ရေရှိနေလိုက်ကြတာ
ခေါင်းပေါင်းစ တလူလူနဲ့
ချွေရံသင်းပင်း စုံစုံလင်လင်နဲ့။
(၃)
ငြိမ်းချမ်းစွာလက်တွဲနေနိုင်ရေးက
သေချာတွေးကြည့်တော့ မျက်စိတွေ မှေးနေဆဲ
လိုသလောက်ပဲ အညှစ်ခံရတဲ့ သွားတိုက်ဆေးဗူးလို
ငါတို့ဟာ ကိုယ့်ကိုယ်ကို ပြန်ပြန်ညှစ်နေကြတယ်။
(၄)
သူများကို အလင်းပေးမယ့်သူက
သူ့ကိုသူ အမှောင်ချလို့
လက်သီးလက်မောင်းတွေ တန်းနေလိုက်တာ
လက်သည်းကိုဆိတ်တာတောင်
လက်ထိပ်က နာရမှန်းမသိတဲ့ ပုံစံမျိုး။
(၅)
ကိုယ့်ကိုယ်ကို မထိုးကြွေးကြနဲ့ ကိုယ့်လူတို့
ခေါင်းကိုထိလို့ ရင်ဘတ်က နာတာမြန်လွန်းရင်
ရွေ့လျားနေတဲ့ ကစားကွက်ထဲ
တချို့က လိုသလောက်ပဲ ခူးခပ်သွားကြလိမ့်မယ်။
(၆)
အားတက်စရာတော့ကောင်းပါတယ်
ဗြဟ္မစိုရ်တရားပွါးဖို့အရေး
ဓားတွေသွေးလို့
လူ့ယဉ်ကျေးတွေ
အုံနဲ့ကျင်းနဲ့ ငံနေကြတဲ့ ညနေခင်းထဲ
ပန်းတွေတောင် မပွင့်ရဲကြတော့ဘူး။

ကိုသစ် (သီတဂူ)
21/10/2013

0 အကြံပြုစာ: