Sunday, October 27, 2013 By: ဘ၀ဇာတ်ခုံ

ဆူနာမီသစ်ပင်




 သစ်ပင်ပေါင်း (70000) ကျော်ထဲကဒီသစ်ပင်လေးဟာ ဆူနာမီထဲမှာပါမသွားဘဲအသက်ရှင်ကျန်နေခဲ့တဲ့ သစ်ပင်လေးတစ်ပင်ဖြစ်တာမို့ ယခုအချိန်မှာပုံတွင်မြင်
တွေ့ ရတဲ့အတိုင်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားပုံ(ဂျပန်နိုင်ငံ) ဟု (Chit Thu Sky) ဖေ့ဘုတ်မှတင်ထားတယ်။ ဒီပုံလေးကြည့်ပြီး စဉ်းစားခန်းတွေလဲ ၀င်နေမိတယ်။

မြန်မာနိုင်ငံမှာတော့ ---

၂၀၀၈ ခု မေလ ၂ ရက်နှင့် ၃ ရက်တွင် ရန်ကုန်တိုင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများကို တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဧရာဝတီ တိုင်းအတွင်း အိုးမဲ့အိမ်မဲ့ ၈၀၀၀၀၀ ကျော်ရှိပြီး လူပေါင်း ၇.၅ သန်းခန့် ဘေးဒုက္ခ ကြုံတွေ့ရကြောင်း သုတေသန အစီရင်ခံစာများအရ သိရသည်။ ကမ္ဘာ့ကုလသမဂ္ဂက ယင်း နာဂစ် မုန်တိုင်းကြောင့် သေဆုံးသူပေါင်း ၁၃၄၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားသည်ဟု ဖော်ပြထားတယ်။ (သတင်း၊ ကြည်ဝေ၊ ဧရာဝတီ၊ Posted by ဒီရေ)

ဂျပန် ဆူနာမီဒေသက ပြည်သူတွေ၊ ဧရာဝတီနာဂစ်ဒေသက ပြည်သူတွေရဲ့ ရင်တွင်းစကား အခုချိန်နားထောင်ကြည့်ရင် ဘာတွေများထူးခြားနေမလဲ။ နောက်ပိုင်းကဏ္ဍတွေ ဘယ်လိုအစိုးရကကူညီလဲ၊ စောင့်ရှောက်လဲ၊ ပြင်ဆင်လဲ၊ ထိန်းသိမ်းလဲ၊ အကာအကွယ်ပေးလဲဆိုတာမျိုးပါ။

ဒီပုံလေးမှာ သေကံမရောက် ကျန်ရစ်ခဲ့သူ သစ်ပင်လေးက ၀မ်းနည်းစရာ ကောင်းသလို စိတ်ဝင်စားစရာလဲ ကောင်းပါတယ်၊ စောင့်ရှောက်သူတို့ နှလုံးသားကလဲ ကိုယ့်အနေနဲ့တော့ လေးစားမိတယ်။ သစ်ပင်တစ်ပင်တောင် သူတို့တန်ဘိုးထားကြရင် လူသားအတွေအပေါ်မှာလဲ တန်ဘိုးထားကြမှာပါ။ ဘယ်သူသေသေ ငါ့နေရာမပျောက်ရင် ပြီးရောဆိုတာမျိုး မရှိတာ သေချာတယ်။

ဓမ္မသဘောမှာ အကြောင်းကင်းသော အကျိုးမည်သည် မရှိပါ၊ အဲဒီအကြောင်းက တစ်ယောက်ချင်းစီလား၊ အများစုပေါင်းလား၊ ဒါပဲကွာမှာပါ၊ ယနေ့အဖြစ်အပျက်က မနေ့ကတွေနဲ့ ဆက်စပ်ပတ်သက်နေလို့ပဲ၊ ဘ၀ဆိုတာ စိတ်ဖြစ်စဉ်တန်းနဲ့ ရုပ်ဖြစ်စဉ်တန်းကြီးဆိုတာ မမေ့သင့်ဘူး၊ ဒီဖြစ်စဉ်တွေမှာ အတွင်းစေ့ဆော်မှုက ဘာတွေ အများဆုံး ဖြစ်နိုင်မလဲ၊ အကြောင်းကောင်းတွေသာ ဖြစ်ရင်နေရင် ဘယ်လောက် ကျေနပ်စရာ ကောင်းလိမ့်မလဲ။

ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းသည် ရှင်သန်သူအတွက် အရေးကြီးပါတယ်၊ တစ်ခုပျက်စီးရင် ကျန်တစ်ခုကို ထိခိုက်လာတယ်၊ ငါတို့နေထိုင်ရာ ကမ္ဘာရေမြေသဘာဝတောတောင်အားလုံးဟာ ငါတို့ခန္ဓာကိုယ်လိုပဲ၊ အိမ်လိုလဲ ပြောလို့ရတယ်၊ ဒီမြေဒီရေဒီသဘာဝတွေဟာ လူသားအတွက် အသက်သွေးကြောပမာ ဖြစ်နေတယ်၊ အဲဒါတွေလှနေရင် မပျက်စီးရင် မှီခိုနေထိုင်သူတွေလဲ လှတယ် မပျက်စီးဘူး၊ အညမညသဘောမှာ လေးစားမှုရှိရတယ်၊ တန်ဘိုးထားရမယ်၊ ထိန်းသိမ်းပေးရမယ်၊ အဲလိုမဟုတ်ရင် ဆိုးကျိုးတွေ ရောက်လာတတ်တယ်။

စာဖတ်ခြင်း၊ ကြောင်းကျိုးဆက်စပ်နားလည်ခြင်း၊ အရှည်မြင်ခြင်း၊ လုပ်သင့်တာကို ဦးစားပေးလုပ်ခြင်းဟာ မိမိအတွက်ကော မိမိနေထိုင်ရာ လောကပတ်ဝန်းကျင်အတွက်ပါ အကျိုးများပါတယ်၊ တာဝန်သိ လုပ်ဆောင်မှုဟာ အားလုံးကို ကယ်တင်ရာရောက်တယ်၊ နိစ္စသဘောတရားမရှိပေမဲ့ အနိစ္စတရားကိုပဲ ဉာဏ်နဲ့တွင်တွင်ကြီး ပြုပြင်သွားရင် မနိမ့်ကျပဲ ကျေနပ်စရာတွေ ဖြစ်ဖြစ်လာမှာပါ၊ ရုပ်လောက နမ်လောက သက်ရှိသက်မဲ့ တန်ဘိုးထားသင့်ပါတယ်။ သဘာဝတရားကို လေးစားရင် သဘာဝတရားကလဲ ပြန်လေးစားလာတာ တွေ့ရမှာပါဆိုတာကို သိစေချင်ပါတယ်။ ။ ။


ဘ၀ဇတ်ခုံ။ (၂၇။ ၁၀။ ၂၀၁၃)

0 အကြံပြုစာ: