Monday, October 21, 2013 By: ဘ၀ဇာတ်ခုံ

အိမ်ရှေ့က သစ်ပင်

လယ်သမားတဦးဟာ သူ့ရဲ့လယ်တောထဲက တဲကလေးကို ပြန်ပြင်ဆောက်ဖို့ လက်သမားတယောက်ကို ငှားလိုက်တယ်။ လက်သမားဟာ အလုပ် ကို မြန်မြန် လုပ်လိုက်တယ်။ နောက်တနေ့မှာတော့ သူ့ကားတာရာ ကွဲသွားတဲ့အတွက် အလုပ် အချိန်တနာရီ နောက်ကျသွားတယ်။ သူ့ရဲ့ လျှပ်စစ်လွှကလည်း ပျက်သွားပြီး သူစီးလာတဲ့ ထရပ်ကားအိုကြီးက လည်း နှိုးလို့မရတော့ပါဘူး။လယ်သမား ဟာ လက်သမား ဆရာကို အိမ်ပြန်ပို့ပေးတဲ့အခါမှာ တလမ်းလုံး လက်သမားဆရာဟာ စကား လုံးဝမပြော ပဲ ငြိမ်ပြီးလိုက်လာခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါ လယ်သမားကို အိမ်ထဲဝင်ပြီး သူ့မိသားစုနဲ့ တွေ့ဆုံဖို့ ပြောလိုက်ပါတယ်။ ကားပေါ်က ဆင်းပြီး အိမ်ထဲကို ၀င်ဖို့လာတဲ့အခါ လက်သမားဆရာဟာ အိမ်တံခါးရှေ့မှာ စိုက်ထားတဲ့ သစ်ပင်လေး နားမှာ ခဏရပ်လိုက်ပြီး သစ်ပင်းလေးရဲ့ ထိပ်ဖျားလေးတွေကို သူ့လက်နှစ်ဖက်နဲ့ ကိုင်ကြည့်လိုက်ပါတယ်။ အိမ်ထဲကို ၀င်ကြတဲ့အခါမှာတော့ လက်သမားဆရာဟာ သိသိသာသာကြီး ပြောင်းလဲသွားတာကို တွေ့မြင်လိုက်ပါတယ်။ သူဟာ ကားစီးလာ တုန်းကလို သုန်သုန်မှုန်မှုန် မဟုတ်တော့ဘဲ မျက်နှာကလည်း အလွန်ပြုံးရွှင်နေတာကို လယ်သမားက သတိထားမိလိုက်ပါတယ်။ လက်သမား ဆရာဟာ သူ့ကလေးငယ်နှစ်ယောက်ကို ထွေးပွေ့လိုက်တယ်။ ပြီးတော့ မိန်းမဖြစ်သူ ကို အနမ်းတွေ ပေးလိုက်ပါသေးတယ်။ ခဏကြာတဲ့အခါမှာ သစ်ပင်လေး ကိုဖြတ်ကျော်ပြီး ကားဆီကို ပြန်လာကြတယ်။ လယ်သမားက ဘာကြောင့် သစ်ပင်လေးတွေကို လက်နဲ့ကိုင်ပြီးတဲ့နောက်မှာ အမူအရာတွေ သိသိသာသာ ကြီး ပြောင်းလဲ သွားရသလဲဆိုတာကို အလွန်ပဲ သိချင်နေပါသတဲ့။ ဒါကြောင့် သူသိချင်နေတဲ့အရာကို လက်သမားကို မေးကြည့်လိုက်တယ်။ ဒီတော့ လက်သမားဆရာက " အော် ဒီသစ်ပင်လေးဟာ ကျနော်ရဲ့ အဆင်မပြေမှုတွေကို ချိတ်ဆွဲထားတဲ့ သစ်ပင်လေးပဲ ဖြစ်ပါတယ်။ ကျနော်ဟာ အလုပ်ထဲမှာ အခက်အခဲ မရှိရင်ကို မနေတတ်တဲ့လူ လိုပါပဲဗျာ။ အမြဲတမ်း အခက်အခဲတွေ စိတ် ညစ်စရာတွေ နဲ့ တွေ့ကြုံနေတတ်တဲ့သူဖြစ်တယ်။ဒါပေမယ့် သေချာတာတခုကတော့ဗျာ ကျနော်ကြုံတွေ့ရတဲ့ ပြဿနာအခက်အခဲေ၊ အဆင်မပြေမှုတွေ အားလုံးဟာ ကျနော့်မိန်းမနဲ့ ဘာမှ မပတ်သက်ဘူး။ မသက်ဆိုင်ဘူး။ ကျနော့်ကလေးတွေနဲ့လည်း ဘာမှ ပါဝင်ပတ်သက်မှု ရှိမနေပဘူးလို့ ကျနော် ယုံကြည်ထားပါတယ်။ ဒါကြောင့် ကျနော် ညနေခင်းတိုင်း အလုပ်ကနေ အိမ်ပြန်လာတဲ့အခါတိုင်းမှာ ကျနော့်ရဲ့ ပြဿနာတွေ အခက်အခဲတွေ စိတ်ညစ်စရာတွေ အားလုံးကို ဒီသစ် ပင်လေးမှာပဲ ချိတ်ထားခဲ့လိုက်တယ်။ ဘယ်တော့မှ အိမ်ထဲကို ယူသွားလေ့မရှိ ဘူး။ မနက်ခင်းမိုးလင်းလို့ အလုပ်သွားတဲ့အခါမှပဲ ကျနော် ပြန်ယူလာလိုက်တယ်။ ဒါပေမယ့်ဗျာ ရယ်စရာကောင်းတာက ကျနော် မနေ့ညက ချိတ်ထားခဲ့ တဲ့ ပြဿနာ အခက်အခဲတွေ စိတ်ညစ်စရာ တွေ အားလုံးဟာ နောက်နေ့မနက်မိုးလင်းတဲ့အခါမှာ ကျနော် မနေ့ညက ထားခဲ့သလောက် ရှိမနေတော့တာပါပဲဗျာ လို့ ပြုံးပြီးတော့ ပြန်ပြောလိုက်ပါတော့တယ်။

.........................................................................................................

((( ရင်းနှီတဲ့ မိတ်ဆွေတဦးကို ပြောပြဖြစ်တဲ့အခါ သူက "ကျနော်တို့အားလုံးဟာ အိမ်ထဲမ၀င်ခင် ပြဿနာတွေ အဆင်မပြေမှုတွေ အားလုံးကို အိမ်အပြင်က သစ်ပင်မှာ ချိတ်ထားခဲ့ဖို့ အလွန်အရေးကြီးပါတယ်ဗျာ။ ကျနော်တို့တတွေဟာ အိမ်အပြင်က သစ်ပင်မှာ ချိတ်ထားခဲ့ရမှာကို မချိတ်ခဲ့ပဲ အိမ်ထဲအထိ ယူလာနေမိကြပြီ။ ဟိုလူက လာချိတ်လိုက်၊ ဒီလူက လာချိတ်လိုက်နဲ့ ကျနော်တို့ တအိမ်လုံးဟာ ခင်များပြောတဲ့ သစ်ပင်တပင်လိုများ ဖြစ်နေပြီလားမသိတော့ပါဘူးဗျာ....လို့ ငြီးညူနေပါတော့တယ်.)))

ကိုသစ် (သီတဂူ)
4/10/2013

0 အကြံပြုစာ: