Thursday, November 21, 2013 0 အကြံပြုစာ By: ဘ၀ဇာတ်ခုံ

နာရေးသတင်း

"ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက တိုက်တွန်း" (https://www.facebook.com/ElevenMediaGroup)
ကုလသမဂ္ဂဆိုတာ ဘက်မလိုက်ဝါဒ ကျင့်သုံးပြီး သမာသမတ်ကျတဲ့ ပြောသင့်မှပြောတဲ့ ကမ္ဘာ့လူထုအတွက်လဲ မင်္ဂလာရှိတဲ့ အဖွဲ့အစည်းလို့ ကျောင်းနေစ ကလေးငယ်ဘ၀မှ လေးစားစွာ သိထားတာပါ၊ သမိုင်းဆရာတွေ ပညာရှင်တွေ အစိုးရတာဝန်ရှိသူတွေကလဲ ရိုဟင်ဂျာဆိုတာ မရှိကြောင်း မသုံးသင့်ကြောင်းရှင်ပြပြီးသားပဲ။

ပြောရရင် ရိုဟင်ဂျာအသုံးနှုန်းကို ကိုယ်တောင် ၂၀၁၂ နှစ်ဦးပိုင်းလောက်မှ စသိခဲ့တာပါ၊ စာသင်ခန်းဆရာက ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ presentation အလုပ်ခိုင်းမှ စသိခဲ့တာ၊ မကြားဘူးကြောင်း ပြန်ပြောတော့ ဆရာလဲ အံ့သြနေတယ်၊ ဘင်္ဂလီပဲ ရှိတယ် သိတယ်၊ ဘင်္ဂလီက ဘင်္ဂလီပဲ မွေးမယ်၊ ဘင်္ဂလီက သမိုင်းမှာ မတည်ရှိခဲ့တဲ့ ရိုဟင်ဂျာဆိုတာမျိုး မမွေးနိုင်ပါဘူး၊ မျောက်က မျောက်ပဲမွေးသလိုပါပဲ။ ဘင်္ဂလီကို တရားဝင်နိုင်ငံသား ဖြစ်အောင်ပြောရင် ရေးရင် တော်သေးတယ်၊ ဒါတောင် ဖြစ်မဖြစ်ဆိုတာက နိုင်ငံမှာ လက်ရှိကျင့်သုံးတဲ့ ဥပဒေရှိတယ်၊ ဥပဒေအတိုင်းပဲ ဖြစ်ရမယ်၊ ဖြစ်သင့်တယ်။

တိုင်းပြည်ပြည်အသီးသီးမှာ ပြည်တွင်းပြဿနာတွေ ရှိတယ်၊ ကိုယ့်ပြဿနာကို ကိုယ်အရင်မရှင်းကြပဲ မြန်မာနိုင်ငံပြည်တွင်းရေးကို လာလာပြီး စေတနာပိုပိုပြနေကြတာလဲ စဉ်းစားစရာကြီး ဖြစ်နေတယ်၊ မြန်မာပြည်က မနူးမနပ် အသွင်းကူးပြောင်းခါစ turning point ဆိုတော့ ကူညီမယ်ဆိုရင်လဲ စေတနာမှန်သူအတွက် အခွင့်အခါကောင်းသလို မကူညီပဲ အမြတ်ထုတ်ချင်သူတွေအတွက်လဲ အခါအခွင့်ကောင်းဆိုရမှာပါ၊ အစီအမံကတော့ ရေတိုရေရှည် အကြမ်းအနု နှစ်ခုလုံးဖြစ်နိုင်တယ်၊ သတိထားစရာ ကာကွယ်စရာ ပြင်ဆင်စရာတွေ အသိပညာပေးဖို့တွေက များလှတယ်၊ နောက်ကျရင်တော့ နောင်တကလွဲရင် မျှော်လင့်စရာ မရှိတော့ပါဘူး။

ကိုယ်အမြင်ကတော့ လောကဥပဒေ ဓမ္မဥပဒေ ဒီနှစ်ခု အညီအမျှကျင့်သုံးရင် အားကောင်းရင် ကျန်းမာနေရင် အားလုံးအဆင်ပြေတယ်၊ မတူတာမှ ကြိုက်သလောက် မတူညီချင်နေပါစေ ကွဲပြားရင်လဲ ကြိုက်သလောက် ကွဲပြားနေပါစေ ဒီဥပဒေသ နှစ်ခုကို တာဝန်သိလိုက်နာရင် အဆင်ပြေတယ်၊ အေးမယ်၊ ငြိမ်းမယ်၊ အခွင့်အရေးဆိုတာ တာဝန်ယူမှုအပိုင်းလို့ မြင်တယ်၊ တာဝန် မယူပဲ အခွင့်ရေးဆိုတာ မတောင်းအပ်ဘူး၊ တာဝန်သိရင် လိုက်နာကျင့်သုံးရင်ပဲ ကျေးဇူးဆပ်ရာ သိရာလဲ ရောက်ပါတယ်။

အခုလဲ မြန်မာနိုင်ငံမှာ မရှိတဲ့ ရိုဟင်ဂျာကို တွင်တွင်ကြီး နာမည်ဖောက် မှတ်ပုံတင်ပြီး ကမ္ဘာပြည်သူကြားအောင် ကုလသမဂ္ဂကစ ထည့်ပေး အော်ပေးရတာဆိုတော့ ဒါနာရေးသတင်းပဲလေ။ နာမည်ပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် မရှိခြင်းဟာ သေဆုံးခြင်းတမျိုးပဲ မဟုတ်လား၊ သတင်းကနာရေးဆိုရင် သုမင်္ဂလ ဒုမင်္ဂလနှစ်ပါးမှာ ဘယ်ထဲပါမယ်ဆိုတာတော့ ကိုယ့်ကိုယ်ပဲ ဆုံးဖြတ်ကြပါတော့။

စာဖတ်နည်း & စာရေးနည်း

စာဖတ်နည်းကို ...
S
I
M
A
C
(SIMAC) လို့ အတိုကောက်ဆိုကြပါတယ်။ အဲဒီထဲက ...

S-ဆိုတာက Situation "ခေတ်၏အခြေအနေ"လို့ အကြမ်းဖျင်းအနက်ရတယ်။

I-ဆိုတာကတော့ Intention "စာရေးသူ၏ ရည်ရွယ်ချက်၊ စာရေးသူ၏ စေတနာ" ဖြစ်တယ်။

M-ဆိုတာကတော့ Matter "အကြောင်းအရာ" ဖြစ်တယ်။

A-ဆိုတာကတော့ Approach "ချည်းကပ်နည်း" ဖြစ်တယ်။ ယခုခေတ်တော့ "ဇောင်း"ပေးခြင်းလို့ ဆိုတယ်။

C- ဆိုတာကတော့ Consistency "အကြောင်းအကျိုး" သို့မဟုတ် ရှေ့နှင့်နောက် ဆီလျော်ခြင်း သို့မဟုတ် ညီညွတ်ခြင်း ဖြစ်တယ်။

အဲဒီတော့ စာတစ်ပုဒ်ကို ဖတ်ရင်ဖြစ်စေ၊ ရေးရင်ဖြစ်စေ ဒီအင်္ဂါငါးချက်ကို တွေ့အောင်ရှာရတယ်။

(ဦးရွှေအောင်, 2001, ဘ၀အကျဉ်းသား, နှာ.၈-၉)

စာရေးဆရာက ထပ်မှာပါသေးတယ် ...

"ဒီစာဖတ်နည်း (သို့မဟုတ် ရေးနည်း) ၅ မျိုးဆိုတာလည်း တကယ်တော့ နည်းသစ်နည်းဆန်းတော့ မဟုတ်ပါ။ နေတ္တိကျမ်းမှာပါပြီးတဲ့ ရှေ့ခေတ် ပိဋကတ်တော်များလေ့လာရေးနည်းပဲ ဖြစ်တယ်၊ ယုတ္တိဟာရ၊ လက္ခဏာဟာရနှင့် စတုဗျူဟာ ဟာရ-ဟာ ဒီစာဖတ်နည်းများထက် ပိုပြီးတော့ စုံပါတယ်"လို့ (၄င်း၊ နှာ.၁၂) မှာထပ်မံမှာသွားပါသေးတယ်။

ဘာပဲဖြစ်ဖြစ်ပါ။ simac - အတိုကောက်မှတ်ထားရင်ပဲ လိုရင်းရောက်ပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အသုံးတည့်သလို သုံးတတ်ကြဖို့ပါ၊ ဒီအနှစ်ချုပ်သိထားရင်ပဲ စာပေဟောပြောပွဲတစ်ခုဖြစ်နိုင်ပါတယ်၊ ပြောတတ်မယ်ဆိုရင်ပေါ့။

သုမေဓာနှင့် ဘုရင်မင်းမြတ်တို့ စိတ်နေစိတ်ထား

“ဤမျှ များလှစွာသော ဥစ္စာနှစ်တို့ကို စုဆောင်းကြပြီးလျှင် ငါ၏ အဘ အဘိုး ခုနှစ်ဆက်သောဆွေမျိုးတို့သည် တမလွန်လောကသို့ သွားကြသောအခါ တပြား တကျပ်ကိုမျှ ယူဆောင်၍ မသွားနိုင်ကြကုန်။ ငါတမူကား ဤဥစ္စာများကို နိဗ္ဗာန်တိုင်အောင် ယူဆောင်၍ သွားနိုင်ကြောင်း နည်းကောင်းတခု ပြုသင့် လှပေသည်” ဤကဲ့သို့ ကြံစည်တော်မူပြီးလျှင် ဘုရင်မင်းမြတ်ထံမှောက်သို့ သွားရောက်၍ ---

“အရှင်မင်းကြီး … အကျွန်ုပ်သည် ပဋိသန္ဓေနေခြင်း အိုးခြင်းစသည်တို့ နှိပ်စက်ပုံကို ဆင်ခြင်ဉာဏ်ထဲ စိတ်စွဲကြောက်ရွံ့လှပါသဖြင့် အိမ်ရာတည်ထောင် လူ့ဘောင်မှ ထွက်ခါ ရှင်ရဟန်းပြုပါတော့မည်၊ အကျွန်ုပ်မှာ ကုဋေရာပေါင်းများစွာ ဥစ္စာစုရှိပါသည်။ ထိုဥစ္စာစုကို မင်းကြီးသည်ပင် သိမ်းပိုက်တော်မူပါ” (မဟာဗုဒ္ဓ၀င်၊ပ၊ ၄၆-၄၇)
----------------------

ဤမျှလေးပဲ ဖတ်ပြီး စဉ်းစားနေမိပါတယ်။ သုမေဓာဆိုတာ ဘုရားဆုပန်လာမည့် အမျိုးကောင်းသား သူဌေးသားလေးတစ်ယောက်ပါ၊ မတန်မရာ ငါသာ သူနေရာမှာဆို အခုလိုမျိုး စဉ်းစားဝံ့ပါ့မလား၊ သတ္တိရှိပါ့မလား၊ စွန့်လွတ်နိုင်ပါ့မလား၊ အဲလိုသတ္တိမရှိလို့လဲ အခုလို တ၀ဲလယ်လယ် ယက်ကန်ယက်ကန်ဖြစ်နေတာ ထင်ပါရဲ့၊ တဖက်ကလဲ သုမေဓာနေရာမှာမဟုတ်ခဲ့ရင်တောင် ရှင်ဘုရင်နေရာမှာ ဆိုရင်ကော ငါဘယ်လို ငါတုန့်ပြန်မိမလဲ၊ ၀မ်းသာအာရ လက်ခံမိမှာလား၊ မလုပ်ပါနဲ့ကွာလို့ ပြောထွက်ပါ့မလား။

တကယ်တော့လဲ သုမေဓာမှာ ဘိုးဘွားမိဘပိုင် ကုဋေနဲ့ချီချမ်းသာတာပါ၊ ဒါတွေ လက်ခံရမှာဆိုတော့ ငြင်းပယ်ဖို့ထက် လောဘဇောတက်ဖို့က များတယ်၊ သိမ်းပိုက်တယ်ဆိုတာ တိုးလေးပျော်လေမဟုတ်လား၊ ကြိုတင်ပြီး တွေးလိုက်မိတယ်၊ ဒီရှင်ဘုရင်လဲ အများနည်းတူ လက်ခံသိမ်းပိုက်မှာပဲလေ၊ ဟာသနှောလို့ မဟာရာဇ - မြတ်သော မင်းကြီးဆိုတော့ ဘယ်တော့မှ အရှုံးရှိမှာလဲ မဟုတ်ဘူး၊ အမြဲမြတ်နေကြတဲ့ ရှင်ဘုရင်တွေပဲလို့ တွေးရင်းနဲ့ ရှေ့ဆက်ဖတ်လိုက်တယ်။

ဖတ်ရင်းနဲ့ မျက်လုံးနည်းနည်းပြူးသွားသလိုပဲ၊ စာများမှားနေလား၊ အမှန်တော့ စာမမှားပါ၊ ကိုယ်တွေးတာက မှားသွားတာပါ။ လူတိုင်း ကိုယ်ထင်သလို မဟုတ်ကြောင်း ဤနေရာမှာ ဓာတ်ပုံရိုက်လိုက်တယ်။ မင်းကြီးပြန်ပြောတာလေးက မြတ်နိုးစရာ ---

"သင်၏ဥစ္စာကို ငါအလိုမရှိ၊ သင်သာလျှင် အလိုရှိတိုင်းပြုပါတော့” ဟု မိန့်ဆိုလေသည်တဲ့။

အမလေး၊ အခုခေတ်ဒါမျိုးတွေ့ရင် လေးစားလွန်းလို့ လူလိုပြောရင် သာဓုသာဓု အကြိမ်ကြိမ် ဦးညွတ်မိမယ်၊ စိတ်နေစိတ်ထားက ရတိုင်းယူကြတာမဟုတ်ပါလား၊ အသေ၀ိတလောဘကို သူတို့ရှောင်ကြတယ်၊ အလိုကြီးလောဘကို ပြောတာပါ၊ အလိုကြီးလောဘက ပျက်စီးတတ်တယ်၊ သူတို့ခေတ်လူတွေက ပုထုဇဉ်မို့ လောဘရှိတာမှန်ပေမဲ့ စည်းကမ်းနဲ့လောဘပါ၊ စနစ်ရှိတဲ့လောဘပါ၊ လိုသလောက်ပဲယူတယ်၊ လက်ခံတယ်၊ ဒါကို သေ၀ိတဗ္ဗလောဘလို့ ပြောတယ်၊ ဘယ်သူငတ်ငတ် ငါ့မှာမပြတ်ရင် ပြီးရောဆိုတာမျိုးမဟုတ်ဘူး၊ တရားနည်းလမ်းကျတယ်ပြောပါတော့၊ လေးစားလိုက်တာ မင်းကြီးရာ။

ဒါကြောင့်လဲ သုမေဓာအမျိုးကောင်းသာလေး ဘုရင်ပြောတာကို ၀န်ခံပြီး အကုန်အလှူပေးလိုက်တယ်။ အလိုရှိတာ ယူစေ အမရ၀တီနေ ပြည်သူတွေအားလုံးကို အသိပေးလိုက်တယ်၊ ယူတဲ့သူတွေက လက်ကောက်လိုရင် လက်ကောက်ပဲ ယူတယ်၊ လက်စွပ်လိုတဲ့သူက လက်စွပ်ပဲ ယူတယ်၊ ကျန်တာ မလိုအပ်တာ မယူဘူး၊ ဆိုလိုတာက ရတိုင်း မယူကြဘူးဆိုတာကိုပါ။

ဒါလေးတွေ ဖတ်ရင်း စဉ်းစားမိတော့ ပေးသူယူသူ စည်းကမ်းလေး ရှိတာကို သဘောကျတာပါ၊ ဒါသည်ပင် အထင်ကြီး လေးစားစရာ စိတ်နေစိတ်ထားပါ၊ အကယ်လို့ ရှင်ဘုရင်သာ လက်ခံရင် ပြည်သူတွေလဲ အခုလိုဝမ်းသာနိုင်မှာ မဟုတ်သလို ရမှာလဲ မဟုတ်တော့ပါဘူး၊ အများအမြင်မှာလဲ တမျိုးတော့ ဖြစ်ကောင်းဖြစ်သွားမှာပါ၊ အခုတော့ အားလုံးပျော်ရတဲ့ အလှူပွဲကြီး ဖြစ်သွားခဲ့တယ်၊ ဖတ်ရင်းနဲ့ သုမေဓာကို ပိုလေးစားကြည်ညိုမိသလို ရှင်ဘုရင်ကိုလဲ မြတ်နိုးမိတာ အမှန်ပါပဲ၊ လိုအပ်ရင် နှစ်သက်ရင် အတုယူလို့ရပါတယ်၊ ရှေးထုံးလေးတွေ အများချီးမွန်းခံလေးတွေမို့ မျှဝေလိုက်တာပါ။ ခေတ်မမှီဘူးထင်ရင်လဲ သဘောတော်အတိုင်းပါ။

အဆိပ်ပြင်းသည့်မြွေ

ချစ်သား အာနန္ဒ လျှင်မြန်တဲ့ အဆိပ်ရှိတဲ့ မြွေကြီးကို မြင်ပါရဲ့လား
အရှင်ဘုရား အဆိပ်ပြင်းတဲ့ မြွေကြီးကို တပည့်တော် မြင်ပါတယ်ဘုရား
----------------------------------------------------

တကယ်တော့ ဒါဟာ ပုံပြင် မဟုတ်ပါဘူး၊ တကယ်ဖြစ်ပျက်ခဲ့တာပါ၊ အရှင်အာနန္ဒာနဲ့ မြတ်ဗုဒ္ဓ စကားများများမပြောပါ၊ ဒီမျှလေးပဲ မှတ်ချက်ပြုပြောဆိုပြီး ဇေတ၀န် ကျောင်းတော်ကို ပြန်ကြွသွားတယ်၊ လယ်ထွန်ယောင်္ကျားက မထင်မှတ်ပဲ ဒီစကားကိုကြားတော့ စိတ်ဝင်တစား သွားကြည့်တယ်၊ လောဘကြောင့် အံ့သြခြင်း ၀မ်းသာခြင်းနဲ့အတူ ထွန်လက်စ လယ်ယာကိုတောင် ကောင်းကောင်းမထွန်နိုင်ခဲ့ပါဘူး၊ အူမြူးနေလို့ ကံကောင်းတာလား ကံဆိုးတာလားတော့ မသိပါဘူး၊ သူ့အတွက်တော့ မြွေကြီးမဟုတ်တော့ပဲ ငွေထုပ်ကြီးဖြစ်နေခဲ့ပါပြီ။

နံနက်ပိုင်းဆိုတော့ လူသူမသိခင် နေရာပြောင်းလို့ ဣနြေ္ဒမပျက် ဟန်မပျက်ထွန်ရက်နေခဲ့တယ်၊ မကြာခင် ဘုရင့်အမှုတော်ထမ်းရဲတွေ ခြေရာခံလိုက်လာတယ်၊ မြေသားအောက်မှာ အသပြာဥစ္စာငွေထုပ် တစ်ထောင်ကို ရှာတွေ့တယ်၊ လယ်ထွန်ယောင်္ကျားကို တရားခံအဖြစ် ဖမ်းလိုက်တယ်၊ ဘုရင်ရှေ့တော်မှောက်ခေါ်ပြီး ပြစ်မူကြောင့် capital punishment သေဒဏ်ထိပေးခံရတယ်၊ သူ့အတွက် ကယ်သူမရှိ သက်သေမရှိ နေမ၀င်ခင် လူသတ်ကုန်းမှာ တုန်လှုပ်ခြောက်ခြားဖွယ် ထိတ်လန့်ဖွယ် ငိုကြွေးနေပါတော့တယ်။

နောက်ဆုံး ထပ်ခါတလဲလဲ သူထွက်မိတဲ့ စကားက "ချစ်သား အာနန္ဒ လျှင်မြန်တဲ့ အဆိပ်ရှိတဲ့ မြွေကြီးကို မြင်ပါရဲ့လား
အရှင်ဘုရား အဆိပ်ပြင်းတဲ့ မြွေကြီးကို မြင်ပါတယ်ဘုရား" ပဲကြားနေရတယ်။

သူ့သတ်သမားတွေက ဗုဒ္ဓဘုရားနဲ့ညီဖွါးအာနန္ဒာကို သက်သေထားတဲ့ သူ့အသံကြားရတော့ မသတ်ရဲတော့ဘူး၊ ဘုရင့်ရှေ့မှောက် အကြောင်းစုံ တင်ပြလာတယ်၊ နေ၀င်ဆည်းဆာ ညနေချမ်းအခါလေးမှာပဲ ဇေတ၀န်ကျောင်းတော်ကို ရှင်ဘုရင်ကိုယ်တိုင် လိုက်ပြီ မြတ်ဗုဒ္ဓကို လျှောက်တယ်၊ အရှင်ဘုရား သူခိုးတွေမြို့တွင်း မြေအောက် ဥမင်လိုင်ဂူမှတဆင့် မနေ့ညမှာ ၀င်ရောက်ပြီး ရွှေငွေတွေခိုးယူတယ်၊ ဒီမနက် ခြေရာခံဖမ်းတော့ ဒီလယ်သမားကို မိတယ်၊ အခုသေဒဏ်ကျနေသူမို့ သတ်အံ့ဆဲဆဲ အရှင်ဘုရားနဲ့အာနန္ဒာပြောစကားကို သက်သေထားပြီး ပြောဆိုလာတယ်၊ ဟုတ်မဟုတ်အကြောင်းစုံသိချင်လှတယ်တဲ့။

အမှန်တော့ လယ်သမားမှာ အပြစ်မရှိပါ၊ သူခိုးတွေက ခိုးယူပြီးဝေစုခွဲပါတယ်၊ တစ်ယောက်က သူခိုးထဲမှသူခိုးလုပ်တယ်၊ အသပြာတစ်ထောင်ထုပ်ကို ကျန်သူတွေ မမြင်အောင် ပိုခိုးထားပြီး အပြေးမှာ ကျကျန်ခဲ့တာပါ၊ မြတ်ဗုဒ္ဓက ကြိုမြင်တယ်၊ ကရုဏာမေတ္တာနဲ့ စောင့်ရှောက်လိုလို့ နံနက်ပိုင်းမှာ အာနန္ဒာနဲ့ လယ်တောသွားခဲ့တာပါ၊ အခုတော့ မြင်တဲ့အတိုင်းဖြစ်လာတော့ အများအတွက် အမြင်ရှင်းစရာ သက်သေဖြစ်ရတယ်၊ ဘုရင်လဲ အကြောင်းစုံသိတော့ လယ်ထွန်ယောင်္ကျားကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်။

ဗုဒ္ဓက ဓမ္မလက်ဆောင်ထပ်ပေးလိုက်တယ်၊ ကံသုံးပါးကြောင့် မျက်ရည်စက်လက် ပူလောင်သောကနောင်တရောက်ရရင် အဲဒီအမှုသည် မကောင်းဘူးတဲ့။ ကျန်တဲ့သူတော့ မသိဘူး၊ လယ်သမားလေးမှာ မြတ်ဗုဒ္ဓအပေါ် ၀မ်းသာခြင်း ကျေးဇူးတင်ခြင်းနဲ့အတူ အသိဉာဏ်မှာ ဆင့်ကဲဆင့်ကဲ တက်သွားလိုက်တာ အယူမှား အသိမှား အယုံမှား အမှတ်မှားတွေ တိမ်ကင်းစင်တဲ့ လပြည့်ညလို ကင်းဝေးသွားတယ်၊ ကြည်လင်သွားတယ်၊ သူ့စိတ်မှာလဲ အေးချမ်းမှု အငြိမ်းဓာတ်တစ်ခု ရောက်ရှိရရှိသွားခဲ့တယ်။
----------
ဟုတ်ပါတယ်၊ တကယ်တော့ ငွေဆိုတာ မြွေကြီးပါ၊ အဆိပ်ပြင်းလှတယ်၊ ပကတိမြွေပေါက်ရင် သေရင်တော့ တစ်ဘ၀ပဲ သေနိုင်တယ်၊ ဒုက္ခပေးနိုင်တယ်၊ ငွေဆိုတဲ့ မြွေကသံသရာအဆက်ဆက် ဒုက္ခများစွာ ဆိုးကျိုးတွေခံစားရနိုင်တယ်၊ သူ့မှာဆွေမျိုး သားချင်း မိဘ ညီအစ်ကို မောင်နှစ်မ သူငယ်ချင်း မိတ်ဆွေ မရှိဘူး၊ ဂရုမထားနိုင်ဘူး၊ မြွေပေါက်လို့ငိုခဲ့ရ အပူသည်ဘ၀ အမှားနောင်တ ဒုက္ခရောက်ခဲ့ရတဲ့သူတွေ ဘယ်လောက်ရှိလေမလဲ၊ နောင်လဲ ဘယ်လောက်များရှိအုန်းမလဲ။ မရိုးသားရင်ပဲဖြစ်ဖြစ် မသုံးစွဲတတ်ရင်ပဲ ဖြစ်ဖြစ် ဆေးမဖြစ်ပဲ ဘေးဖြစ်သွားနိုင်တယ်၊ လူတွေအတွက်တော့ မသိ၊ ရဟန်းအတွက်တော့ ငွေဟာအဆိပ်ပြင်းတဲ့မြွေဟောက်ကြီးပါ၊ မင်းကွန်းဆရာတော်ကလဲ မြွေပေါက်မခံရဖို့ ကိုင်တွယ်တတ်ဖို့ မှာသွားတာလေးလဲ မှတ်မိထားတော့ ဆင်ခြင်စရာစဉ်းစားစရာ သတိထားစရာတွေပါ၊ မြတ်ဗုဒ္ဓကတော့ ညီဖွါးအာနန္ဒာကို ပြောဘူးတယ်၊ ငွေဆိုတာ အဆိပ်ပြင်းတဲ့မြွေကြီးတဲ့လေ။

ကျမ်းကိုး။ (ဓမ္မ၊ဋ္ဌ၊၁၊၃၀၄။)

အမေသည် ရန်ဖြစ်တာကို မကြိုက်ပါ

ငယ်က အမေက ညီအစ်ကိုတွေ ရန်ဖြစ်ရင် အမြဲပြောတယ်။ နင်တို့က သူများနဲ့မှ ကောင်းကြတာ တည့်ကြတာ၊ ညီအစ်ကိုချင်းချင်း အမြဲရန်ဖြစ်ကြနဲ့ တည့်အောင်ကိုး မနေနိုင်ကြဘူး၊ မပေါင်းနိုင်ကြဘူးတဲ့။ အမေ့စေတနာက တစိမ်းပေါ်တောင် ကောင်းနိုင်သေးရင် ညီအစ်ကို ချင်းချင်းဘာလို့ မကောင်းနိုင်ရမှာလဲ၊ သူများအပေါ်မှာတောင် ချစ်ခင်နိုင်သေးရင် ညီအစ်ကိုချင်းချင်းပေါ် ဘာလို့ မချစ်နိုင်ရမှာလဲ၊ သူများအပေါ် အထင်ကြီးလေးစား ဆက်ဆံနိုင်သေးရင် ကိုယ့်ညီအစ်ကိုရင်းချာတွေပေါ်မှာ ဘာဖြစ်လို့ မလေးစားနိုင်ရမှာလဲ၊ သူများအပေါ် ရှိတာကျွေးတည်ခင်း ဧည့်ခံနိုင်သေးရင် ညီအစ်ကိုချင်းချင်း ဘာဖြစ်လို့ မကျွေးချင် မပေးချင်ရမှာလဲ၊ သူများအပေါ် ကူညီနိုင်တဲ့ စေတနာ ထားနိုင်သေးရင် ကိုယ့်ညီအစ်ကိုချင်းပေါ်မှာ ဘာဖြစ်လို့ မကူညီချင်မှာလဲဆိုတာမျိုးပါ။

ပြန်တွေးရင်လဲ အမေပြောတာ ဟုတ်တယ်၊ အစပထမှာတော့ ညီအစ်ကိုတွေက အစ်ကိုသွားတဲ့လမ်းဆို ညီကမသွားဘူး၊ ညီသွားတဲ့လမ်းဆို အစ်ကိုက မလိုက်ချင်ဘူး၊ အချင်းချင်း အထင်ကိုး မကြီးတဲ့ သဘောပဲ၊ ထမင်းလက်ဆုံစားရင်တောင် အမေအဖေက ဒိုင်လူကြီးလုပ်ရတယ်၊ ကိုယ်ကတော့ အဖေ့ကို ပိုကြောက်တယ်၊ အမေ့ကို ပိုချစ်တယ်၊ အဖေက သားသမီးကို ချစ်ပေမဲ့ ချစ်ရာက နှစ်ရာ မရောက်အောင် နေတတ်ပြောပြတတ်တယ်၊ အပြစ်တွေလုပ်မိရင် အားမနာတမ်းရိုက်တယ်၊ သားတွေ ဆိုးရင် မိဘတွေ ရင်ကျိုးမျက်နှာပျက်ရမှာကို အဖေကလဲ မလိုလားပါဘူး၊ အမေကတော့ သားတွေပေါ်မှာ အမြဲဖာထေးပြီး အဖေမရိုက်ဖြစ်အောင် ပြောတယ်၊ အဖေရိုက်ရင်လဲ သူကငေးကြည့်သနားနေတတ်လေ့ရှိတယ်၊ အမေ့မျက်နှာမှာတော့ အဓိပ္ပါယ်များစွာနဲ့ပါ၊ သူလဲနာကျင်သလိုခံစားမိမှာပါ၊

တကယ်တော့ အဖေဆုံးမတာလဲ မလွန်ဘူးလေ၊ စရိုက်တွေစုံတဲ့ သားတွေကြားမှာ မိဘဖြစ်ရတာလဲ ရင်မောစရာပဲလို့ ပြန်တွေးရင် စိတ်မကောင်းတောင် ဖြစ်မိတယ်၊ ထမင်းဝိုင်းမှာ စကားများ ရန်ဖြစ်တာက ရိုင်းပါတယ်၊ ဖြစ်ဆို လူစုံတဲ့အချိန်ကလဲ အဲဒီအချိန်လေးရှိတာ၊ မိသာစု ငါးယောက်ဆုံတွေ့တဲ့အချိန်ဟာ ထမင်းစားတဲ့အချိန်ပဲလေ၊ ထမင်းကိုတော့ ဘာပဲဖြစ်ဖြစ် စုံညီမှ အတူတူစားကြတာပါ၊ ဒါကတော့ တကယ်ချစ်စရာကောင်းတဲ့ မိသားစုထမင်းဝိုင်းလေးပါ၊ ထမင်းစာရင် စားဦးစားဖျားကိုတော့ အဖေအမေပန်းကန်ထဲ သူ့ထက်ငါ အရင်ဦးချပြီးမှ စားကြပါတယ်၊ ဒါကတော့ လိမ္မာတယ်ပြောရမှာပဲ။

ဒါပေမဲ့ မတည့်အတူနေ ဖြစ်ခဲ့ရတဲ့ ညီအစ်ကိုတွေပါ၊ တစ်ယောက်အပြစ် မကျေနပ်ချက်ကို အဖေ အမေကို ၀ိုင်းကြီးပတ်လည် ထမင်းစားရင်း တိုင်ကြတာဆိုတော့ အဖေ အမေက ဒါကိုလုံးဝ မကြိုက်ပါဘူး၊ ချစ်ခင်စဖွယ် လိမ္မာယဉ်ကျေးဖြစ်စေချင်တာပါ၊ ပြောစေချင် နေစေချင် စားစေချင်တာပါ၊ အမေက သိမ်သိမ်မွေ့မွေ့ဆိုဆုံးမတတ်တယ်၊ အကျိုးသင့်အကြောင်းသင့် ပြောပြတယ်၊ စကားလုံးကိုပဲ ထိရောက်တဲ့ လက်နက်အဖြစ် အသုံးပြုတယ်၊ နောက်ကွယ်မှာတော့ အကျိုးလိုလားတဲ့ မေတ္တာတွေနဲ့ပါ၊ ဒုက္ခမရောက်စေချင်တဲ့ ကရုဏာတွေနဲပါ။ အမေက အသုံးဝင်သူတွေ ဖြစ်စေချင်တယ်လေ။

ဝေးနေရတဲ့ အချိန်တွေမှာ မိခင်မေတ္တာစကားတွေကို နားထဲကြားယောင်မိတိုင်း ဟုတ်မှန်ကြောင်း သက်သေထူမိတယ်၊ နောက်ပိုင်းမှာ အမေခဏခဏပြောဆို ဆုံးမတော့လဲ ညီအစ်ကိုပေါ်မှာလဲ မေတ္တာတွေထားတတ်လာတယ်၊ အများပေါ်လဲ မေတ္တာထားတတ်လာတယ်၊ ကိုယ်ယုံကြည်ရာ ရှင်သန်ကြ ရုန်းကန်ကြ လုပ်ကိုင်ကြရလဲ ဝေးနေတဲ့ ညီအစ်ကိုတွေကိုတော့ ဖုန်းဆက်လို့ မေးမိပါတယ်၊ ညီအစ်ကိုတွေကြားမှာ မေတ္တာတွေ မပျက်ခဲ့တော့ပါဘူး၊ ဒါလဲ အမေပြောသလိုပါပဲ၊ ကျင်လည်ရာလူ့ပတ်ဝန်းကျင်မှာ တစိမ်းတွေနဲ့တောင် ညီအစ်ကိုရင်းချာ နေနိုင်မှတော့ ကိုယ့်ညီအစ်ကိုရင်းချာတွေ တ၀မ်းတည်းဖွါးတွေပေါ်မှာ မေတ္တာ ကရုဏာဆက်သွယ်ထားနိုင်တဲ့ သဘောပါ။

ဟုတ်ပါတယ် သူများအပေါ်မှာတောင် ကောင်းနိုင်သေးရင် မိသာစု ညီအစ်ကို မောင်နှစ်မတွေပေါ်မှာလဲ ကောင်းနိုင်ရမှာပါ၊ ဘယ်လိုအခြေမျိုးမှာပဲ ဖြစ်ဖြစ် အစ်ကို ညီမောင်နှစ်မစတာတွေဟာ မကင်းစကောင်း မမုန်းစကောင်းတဲ့ မိခင်ဖခင်တို့ မေတ္တာလက်ဆောင်တွေပါ။ ဝေးဝေးနီးနီး ချစ်ချစ်ခင်ခင် မေတ္တာမျှမျှ နေတတ် ဆက်ဆံကြ ပြောဆိုကြရင် တကယ်ပျော်စရာ ကောင်းသလို ကျေနပ်စရာလဲ ကောင်းပါတယ်၊ မကျေနပ်တဲ့ မာန အတ္တ ဒေါသတွေကို ဆရာတင်မှားကြလို့ ချစ်စရာညီအစ်ကို မောင်နှစ်မကြားမှာ အဟန့်အတား ဖြစ်နေရတာပါ၊ ကိုယ့်စိတ် ကိုယ်ပြင်ပြီး ဖြေးဖြေးချင်းလျှော့ချလိုက်ရင် မေတ္တာကြောင့်ပဲ peace ကရလာမှာပါ။

ဒီနေ့တော့ အမေပြောတဲ့ နင်တို့က သူများနဲ့မှ ကောင်းကြတာ တည့်ကြတာ၊ ညီအစ်ကိုချင်းချင်း အမြဲရန်ဖြစ်ကြနဲ့ တည့်အောင်ကိုး မနေနိုင်ကြဘူး၊ မပေါင်းနိုင်ကြဘူးဆိုတဲ့ စကားကို ဉာဏ်ရှိသလောက် နယ်ပယ်စုံအောင် စဉ်းစားမိ ဆန်းစစ်နေမိပါတော့တယ်။