Wednesday, October 30, 2013 By: ဘ၀ဇာတ်ခုံ

ဓမ္မ၀ိဓိ

ငါတို့နိုင်ငံမှာ ဆေးရုံကောင်းကောင်းတွေ ရှိစေချင်တယ်။
ကျောင်း၊ တက္ကသိုလ်ကောင်းကောင်းတွေ ရှိစေချင်တယ်။
အလုပ်အကိုင် အခွင့်အလမ်းကောင်းကောင်းတွေ ရှိစေချင်တယ်။
ငါတို့နိုင်ငံသားတွေ အခြေခံဘ၀တွေ လုံလုံလောက်လောက်တော့ အနည်းဆုံး ဖြစ်စေချင်တယ်။ မပြည့်စုံတော့ ကိုယ့်နိုင်ငံက မခွါချင်လဲခွါ မသွားချင်လဲသွား မလုပ်ချင်လဲလုပ် ပြောရရင် အထင်သေး အနှိမ်ခံဘ၀နဲ့ လူ့အရင်းအမြစ်တွေဆုံးရှုံးတယ်။

ပြည်ပရောက်နေတဲ့ ဆရာမတစ်ယောက်က ပြောဘူးတယ်၊ တပည့်တော် စာသင်ပေးရင်း ငိုဘူးတယ်၊ ငါက ငါ့နိုင်ငံသားတွေအတွက် ပညာတွေမြင့်အောင် လုပ်ပေးရမှာ အခုတော့ သူများနိုင်ငံမှာ လာပြီးသူများကို အလုပ်အကျွေးပြုပေးနေရတယ်ဆိုပြီး ၀မ်းနည်းသွားလို့တဲ့လေ။ ပြည်ပထွက်ပြီး တက္ကသိုလ်အသီးသီးမှာ ပညာသင်နေကြတဲ့ ကျောင်းသူကျောင်းသားတွေကော ဘယ်လောက်ရှိမလဲ၊ အခုနောက်ပိုင်းဆို ဘုန်းဘုန်းတွေလဲ ပြည်ပမှာ အများအပြားထွက်ပြီး သင်ကြတယ်၊ ကုန်ကျစရိတ်တွေ သုံးရတဲ့ပမာဏတွေ ရေတွက်ကြည့်ရင် အများကြီးပဲ။

ဘန်ကောက်ဆေးရုံမှာ စကားပြန်လုပ်နေတဲ့ ကျောင်းသားတစ်ယောက်ကို
မေးကြည့်တယ်၊ တစ်နေ့တစ်နေ့ မြန်မာပြည်က ဒီဆေးရုံကို ဘယ်လောက်များ လာလဲဆိုတာကိုပါ၊ သူပြောတာ အနည်းဆုံးတစ်ရာရှိတယ်တဲ့။ အားပါးပါး၊ မနည်းပါလား၊ ဘန်ကောက်ဆေးရုံဆိုတာ ထိုင်းတွေတောင် မတက်နိုင်ကြပါဘူး၊ ပြောရရင် ဈေးကြီးလို့ပါ၊ သူထပ်ပြောတယ်၊ ကျန်တဲ့ဆေးရုံတွေမှာလဲ အများကြီးပဲတဲ့။ ဟုတ်မှာပါ၊ စင်္ကာပူစတဲ့ ကျန်တဲ့နိုင်ငံသွားသွားပြီး ဆေးကုတဲ့သူတွေပါ ရေတွက်ကြည့်ရင် မနည်းဘူးပဲ။

အလုသမားတွေဘက်ကို စဉ်းစားရင်လဲ ထိုင်းနိုင်ငံတွက်ပဲ သန်းနဲ့ချီရှိမယ်၊ ကျန်တဲ့မလေးစတဲ့ နိုင်ငံအသီးသီးရောက်နေတဲ့သူတွေပါ ပေါင်းရင် အများကြီးပါ၊ သူများနိုင်ငံဆိုတာ မဖြစ်လို့သာ နေကြရတာ၊ လာကြတာပါ၊ ဖြစ်နိုင်ရင် အဆင်ပြေရင် ကိုယ့်နိုင်ငံမှာပဲ နေချင်ကြတာပါ၊ ကာယလုပ်သားပဲဖြစ်ဖြစ် ဉာဏလုပ်သားပဲဖြစ်ဖြစ် သူများနိုင်ငံမှာနေတော့ သူများနိုင်ငံအတွက်ပဲ ဖြစ်နေတယ်၊ လုပ်ပေးရတယ်၊ ပိုက်ဆံရတယ်ပဲထား သူ့ဖက်ကလဲ အပျော်အပေါးတွေနဲ့ ပေးလိုက်တဲ့ငွေတွေကို သူ့နိုင်ငံထဲမှာပဲ ပြန်လည်ပတ်အောင် ဆွဲဆောင်ထားပြန်တယ်။

ကျောင်းသူကျောင်းသားတွေဖက်ကလဲ တက္ကသိုလ်တက်ချင်လို့ ပေးလိုက်ရတဲ့ငွေတွေ နေစဉ်ကာလ သုံးလိုက်ရတဲ့ငွေတွေ အများကြီးပဲ၊ တစ်နေ့ သို့မဟုတ် တစ်နှစ်ကို ပြန်တွက်ကြည့်ရင် ဘယ်လောက်များမလဲ၊ ကာယအားတွေ ဉာဏအားတွေ နောက်ပြီးဓနအားတွေ အနှုတ်လက္ခဏာပြတယ်၊ နိုင်ငံထဲကကြည့်ရင် ၀င်ငွေမရှိပဲ ထွက်ငွေကများတော့ မဆင်းရဲပဲ ရှိမလား၊ ဆင်းရဲဆိုတာ နိုင်ငံကိုပြောတာပါ။

စားတာသောက်တာ ပစ္စည်းပစ္စယကစ ပြည်ပကပဲ များနေရင် ဒါအနှုတ်လက္ခဏာပဲ၊ အကယ်လို့သာ ကိုယ့်နိုင်ငံမှာ ဒီလိုအပ်ချက်တွေ ကောင်းကောင်းဖြည့်ဆည်းပေးနိုင်ခဲ့ရင် ကိုယ့်နိုင်ငံတိုးတက်သလို ယိုပေါက်တွေ ဟာပေါက်တွေ ထွက်ပေါက်တွေ နည်းသွားမှာ၊ ကိုယ့်ဆီကို သူတို့လာနိုင်ရင် ကိုယ်ကရမှာ၊ အခုတော့ကိုယ်ကပဲ သွားနေရတော့ အရနည်း အပေးကများတယ်။ Human Resource တွေပါဆုံးရှုံးတယ်။

ကိုယ့်နိုင်ငံ အစိုးရလဲကောင်းစေချင်တယ်၊ ပြည်သူလဲကောင်းစေချင်တယ်၊ တစ်ယောက်ချင်းစီလဲ ကောင်းစေချင်တယ်၊ အဲလိုပြော ငါလဲကောင်းမှ ဖြစ်မှာ၊ စိတ်ထားလဲမြတ် ပညာလဲတတ် အသိပညာလဲကြွယ် အရှည်ကိုလဲမြင်တဲ့ ခေါင်းဆောင်ကောင်းတွေလဲ ရချင်တယ်။ ဒါမှပိုအဆင်ပြေ သိက္ခာရှိမှာ။ ယုံကြည်ရတဲ့သူတွေ လေးစားခံရတဲ့သူတွေ ဖြစ်မှာ၊ အဲလိုမဟုတ်ရင် အိမ်နီးချင်းတွေ ချမ်းသာပြီး ကိုယ်က ဒီလိုပဲ ၀ဲတလည်လည်ဖြစ်နေအုန်းမှာပဲ။

စီမံခန့်ခွဲမှု အဆင်မပြေရင် ဆုံးရှုံးမှုများမယ်၊ ကောင်းစွာစီမံခန့်ခွဲတတ်တတ်တဲ့ ပညာတွေ ပုဂ္ဂိုလ်တွေ မြန်မြန်ထွန်းကားပါစေ၊ တရားသဖြင့် မှန်ကန်သော စီမံခန့်ခွဲမှုတွေ ထွန်းကားပါစေ။


ဘ၀ဇာတ်ခုံ။ (၃၀။ ၁၀။ ၂၀၁၃)

0 အကြံပြုစာ: