Sunday, September 1, 2013 By: ဘ၀ဇာတ်ခုံ

အစားထိုးပေးလိုက်သော အမေ့နားရွက်များ

ကလေးမွေးဖွားပြီးခါစ မိခင်တဦးဟာ မီးဖွားပြီးပြီးချင်း "ကျမကလေးကို အခု ကြည့်လို့ရပါသလားရှင်' လို့ ဆရာဝန်ကြီးကို မေးလိုက်ပါတယ်။ ဒီတော့ အ၀တ်နဲ့ ထွေးပိုက်ထားတဲ့ မွေးခါစကလေးငယ်လေးကို မိခင်ဖြစ်သူရဲ့ လက်ထဲကို ထဲ့ပေးလိုက်ပါတယ်။ အမေဖြစ်သူဟာ ကလေးကိုထုတ်ပိုးထားတဲ့ အ၀တ်တွေကို ဖယ်ပြီး ကလေးငယ်ကို ကြည့်လိုက်တဲ့အခါမှာတော့ ပင့်သက်တွေ ရှိုက်လိုက်တာကို တွေ့လိုက်ရပါတယ်။ မီးဖွားပေးခဲ့တဲ့ ဆရာဝန်ကြီးဟာ ကလေးငယ်ကို မိခင်လက်ထံကနေ ချက်ချင်းပြန်ယူ လိုက်ပြီး ဆေးရုံပြတင်းပေါက် ကနေ အပြင်ကို ငေးကြည့်နေပါတော့တယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီမွေးခါစ ကလေးငယ်မှာ နားရွက်နှစ်ဖက်လုံး မပါဘူးလေ။

ကလေးငယ်အရွယ်ရောက်လာတဲ့ အခါမှာ ကလေးငယ်ဟာ အကြားအာရုံချို့ယွင်းခြင်းတော့ မရှိဘူးဆိုတာကို သိလိုက်ရတယ်။ နားရွက်နှစ်ဖက် မရှိပေမယ့် အကြားအာရုံ ကတော့ ကောင်းနေတယ်ပေါ့။ ဒါပေမယ့် ကလေးငယ်ဟာ နားရွက်နှစ်ဖက် မရှိဘူးဆိုတော့ ကြည့်လို့မကောင်းဘူးပေါ့။ သူ့အတွက် ရုပ်ဖျက် သလိုဖြစ်တယ်။ တနေ့မှာတော့ ကလေးငယ်ဟာ ကျောင်းကနေပြန်ပြေးလာပြီး အမေဖြစ်သူရဲ့ ရင်ခွင်ထဲကို တိုးဝင်လှဲချလိုက်ပါတယ်။ အမေဖြစ်သူဟာ ဟင်းခနဲ သက်ပြင်းချလိုက်ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ အရွယ်ရောက်လာပြီဖြစ်တဲ့ သူ့သားလေးရဲ့ဘ၀မှာ စိတ်အားနည်းစရာ ၀မ်းနည်းကြေကွဲအဖြစ်အပျက်တွေ အခုပြီးအတခု ဆက်တိုက်ကြုံတွေ့ရတော့မယ်ဆိုတာကို အမေဖြစ်သူ က ကောင်းကောင်းသိနေတယ်လေ။ ကလေးငယ်ဟာ သူတွေ့ကြုံနေရတဲ့ ၀မ်းနည်းစရာအဖြစ်အပျက်တွေကို ရှေ့နောက်မစဉ်းစားတော့ပဲ ပြောချ လိုက်ပါတယ်။ ဒီတော့အမေဖြစ်သူက သားလေးရယ် အမေ့ကို သူများအမေတွေနဲ့ မတူတဲ့ တကယ့် လူထူးလူးဆန်းတယောက်လို့ပဲ ခေါ်လိုက်ပါတော့ကွယ်လို့ ပြောလိုက်ပါတယ်။

ဒီလိုနဲ့ ကလေးငယ် ကြီးပြင်းလာခဲ့တယ်။ ကလေးငယ်ဟာ ကံဆိုးပေမယ့် ရုပ်ရည်လေးက သန့်သန့်ပြန့်ပြန်ရှိလှတယ်။ ကလေးငယ်ဟာ အတန်းထဲမှာ ကျောင်းသားခေါင်းဆောင်တွေဘာတွေဖြစ်လို့။ စာပေနဲ့ ဂီတဘက်မှာလည်း သူဟာ ထူးချွန်ဆုတွေ ရခဲ့တယ်။ အမေဖြစ်သူဟာ သားရယ် မင်းဟာအခုဆိုလို့ရှိရင် အခြားကျောင်းသားတွေနဲ့အတူ ပေါင်းသင်းနေထိုင်လို့ ရနေတာပါပဲသားရယ်လို့ အားပေးစကားပြောပေမယ့် စိတ်ထဲမှာတော့ သူ့သားလေးကို ကြည့်ပြီး သနားနေမိတယ်။ အဖေဖြစ်သူဟာ မိသာစုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး တဲ့အခါ ဆရာ ဘာမှ မတတ်နိုင်တော့ဘူးလို့ မေးလိုက်ပါတယ်။ ဒီတော့ ဆရာဝန်က တကယ်လို့ တစုံတယောက်ကသာ ကလေးအတွက် နားနှစ်ဖက်ကို လှူခဲ့မယ်ဆိုရင် ကိုယ်အင်္ဂါအစားထိုးကုသတဲ့နည်းနဲ့ ကုသနိုင်မယ်ဆိုတာကို ကျနော် ယုံကြည်ပါတယ်ဗျာ လို့ ပြန်ပြောလိုက်ပါတယ်။ ဒီတော့ ဖခင်ဖြစ်သူဟာ သူ့သားလေးအတွက် နှားရွက်လှူမယ့်သူကို လိုက်ရှာလိုက်တာ နှစ်နှစ်တောင် ကြာသွားပါတော့တယ်။


တနေ့မှာတော့ သားရေ မင်း မကြာခင် ဆေးရုံတက်ရမယ်နော်။ သားအတွက် လိုအပ်နေတဲ့ နားရွက်နှစ်ဖက်ကို လှူမယ့်အလှူရှင် အဖေတို့ ရထားပြီ။ ဒါဟာ တကယ့်ကို ကြီါ်မြတ်တဲ့ စွန့်လွှတ်ပဲ သား လို့ အဖေဖြစ်သူ က ပြောလိုက် ပါတယ်။ ဆရာဝန်ပြောတဲ့အတိုင်း နားရွက်နှစ်ဖက်အစားထိုး ကုသခြင်း ဟာ အောင်မြင်သွားပါတယ်။ ကလေးငယ်ဟာ ကျောင်းမှာ အောင်မြင်မှုတွေ အံ့သြစရာကောင်းလောက်အောင်ကို ရယူနိုင်ခဲ့တဲ့ ပါရမီရှင်လေးဖြစ်လာခဲ့ပါတယ်။


လူငယ်ဟာ နောက်ပိုင်းမှာတော့ အိမ်ထောင်ကျသွားပြီး သံတမန်ရေးရာဋ္ဌာနမှာ အလုပ်ဝင်လုပ်ပါတယ်။ တနေ့မှာ သားဖြစ်သူက ကျနော့်အတွက် ဘယ်လိုလူကများ နားရွက်နှစ်ဖက်ကို လှူခြင်းဖြင့် ရက်ရက်ရောရော စွန့်လွှတ်ခဲ့တာလဲ အဖေ။ ကျနော် သူ့အတွက် အခုချိန်ထိ ဘာမှလည်း ကျေးဇူးမပြုရသေးဘူးလေ လို့ အဖေဖြစ်သူ ကို မေးကြည့်တဲ့အခါ သား သူ့ကိုပြန်ကျေးဇူးဆပ်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်လို့တော့ အဖေမထင်ပါဘူး။ အခုချိန်မှာ ဘယ်သူကလှူတယ်ဆိုတာကို သိဖို့ မလိုအပ်သေးပါဘူးသားရယ်လို့ ပြန်ပြောလိုက်ပါတယ်။ဒီလိုနဲ့ နေလာခဲ့တာ နှစ်တွေအတော်ကြာသွားခဲ့တယ်။ 


တနေ့မှာတော့ သူ့သားသိချင်နေတဲ့ အလှူရှင်ကို သိဖို့ အကြောင်းဖန်လာပါတယ်။ လူငယ်ရဲ့ဘ၀မှာ အမှောင်ဆုံးနေ့တနေ့ပဲဆိုပါတော့။ သားဖြစ်သူဟာ အဖေနဲ့အတူ အမေဖြစ်သူရဲ့ ခေါင်းတလားကြီးဘေးမှာ ရပ်နေခဲ့ကြတယ်။ အဖေဖြစ်သူရှေ့ကိုတိုးသွားပြီး လက်တဖက်ကိုဆန့်ထုတ်လိုက်တယ်။ ပြီးတော့ အမေဖြစ်သူရဲ့ အလွန်ထူထဲလှတဲ့ နီကျင်ကျင်ဆံပင်တွေကို အပေါ်ကို မြှောက်ပြလိုက်တဲ့အခါတော့ အမေဖြစ်သူမှာ နားရွက်နှစ်ဖက်လုံး မရှိတော့တာကို တွေ့လိုက်ရပါတယ်။ သားအမေကပြောခဲ့တယ်။ သူလုံးဝပျော်ရွှင်ကျေနပ်တယ်။ သူ့ဆံပင်တွေကိုလည်း ဘယ်တော့မှ မဖြတ်မိစေဖို့ ပြောခဲ့တယ်လို့ အဖေဖြစ်သူက တိုးတိုးလေး ပြောလိုက်ပါတယ်။ သားအမေက ပြောခဲ့တယ်။

တကယ့်စစ်မှန်တဲ့ အလှအပဆိုတာ အပြင်ပန်းအသွင်သဏ္ဍာန်အပေါ်မှာ တည်ရှိနေတာ မဟုတ်ပါဘူး။ နှလုံးသားထဲမှာပဲ တည်ရှိနေတာပါ။ တကယ့်စစ်မှန်တဲ့ တန်ဖိုးထားမြတ်နိုးရတဲ့အရာဆိုတာဟာလည်း မျကိစိနဲ့ မြင်လို့ရတဲ့အရာတွေမှာ တည်ရှိနေတာ မဟုတ်ပါဘူး။ မျက်စိနဲ့ မြင်တွေ့လို့မရတဲ့အရာမှာသာ တည်ရှိနေတာပါ။ တခါတရံမှာ တကယ့်စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားဆိုတာဟာလည်း လူတယောက်အတွက် သူဘာလုပ်ခဲ့တယ် ဘာတွေကို သိခဲ့တယ်ဆိုတဲ့အပေါ်မှာ တည်ရှိနေတာ မဟုတ်ပါဘူး။ လုပ်ခဲ့တာ မှန်ပေမယ့် လူတွေမသိခဲ့ မစိနိုင်ခဲ့တဲ့ အရာတွေပေါ်မှာသာ တည်ရှိနေတာပါတဲ့။

ကိုသစ် (သီတဂူ)
31/8/2013

0 အကြံပြုစာ: