Monday, October 21, 2013 By: ဘ၀ဇာတ်ခုံ

၁၃၇၅ သီတင်းကျွတ်

သီတင်းကျွတ်ရင် မိဘ၊ ဆရာသမား၊ ရတနာသုံးပါး၊ ကျေးဇူးရှိသူ၊ ဂုဏ်ကြီးသူ၊ ပူဇော်သင့်သူ စသည်တွေကို ကန်တော့ကြသည်၊ ကန်တော့ခြင်းသည် ဗုဒ္ဓဘာသာဝင်အတွက်တော့ အမြင်အာရုံမှာ ကျက်သရေရှိတဲ့ ယဉ်ကျေးမှုအလှ တစ်ခုဖြစ်သည်။ အပြစ်ရှိက ကျေစေ၊ ငြိမ်းစေ၊ အေးစေ၊ အပြစ်မရှိကလဲ ကောင်းကျိုးဖြစ်စေဆိုတာသည် ကန်တော့ခြင်း၏ အဓိပ္ပါယ်ဖြစ်သည်။

အဆုံးအမကင်းသူ တရားမှကင်းဝေးသူ၏ စိတ်နေစိတ်ထားသည် ရိုင်းတတ်သည်၊ စိတ်ရိုင်းများ ၀င်လာတိုင်း လူသည် မသိ မလိမ္မာ တွေဝေ မိုက်မဲလာတတ်သည်၊ မိုက်သည်အလျှောက် တွေဝေသည့်အလျှောက် မလိမ္မာသည့်အလျှောက် ကျေးဇူးရှိသူ ဂုဏ်မြင့်သူ အသက်အရွယ်ကြီးရင့်သူ စိတ်နေစိတ်ထားမြင့်မြတ်သူတို့ အပေါ်မှာ အမှားတွေ ခြေရာထပ်လာတတ်သည်။

အမှားအပြစ်ဆိုသည်ကား တွေးတိုင်းသတိရတိုင်း စိတ်မှာမအေးနိုင် မငြိမ်းနိုင် ဆေးလိပ်မီးပမာ ပူနေတတ်သည်၊ ထိုအပူသည် ကိုယ်ဘ၀အောင်မြင်မှုမှန်သမျှကို အနိမ့်ဆုံး အဆင့်ထိ ဆွဲချနိုင်သည်၊ နိမ့်လေ မိုက်လေ မှောင်လေ ဒုက္ခရောက်လေဖြစ်တတ်သည်၊ ဒါကို မဖြစ်ခင်က နားလည်သင့်သည်၊ တားသင့်သည်၊ အတွေးမှာပဲဖြစ်ဖြစ် အလုပ်မှာပဲ ဖြစ်ဖြစ် အပြောမှာပဲ ဖြစ်ဖြစ် အပြစ် မကောင်းမှုမှန်ရင် သေးရင်လဲ ပူသည်၊ ကြီးရင်လဲ လောင်သည်၊ ကြာလာတာနှင့်အမျှ လုံးဝကျွမ်းသွားနိုင်သည်။

မစင်မှန်ရင် သေးရင်လဲ နံသည်၊ ကြီးရင်တော့ ဆိုဖွယ်ရာမရှိ။ မီးမှန်ရင် သေးရင်လဲ လောင်သည်၊ ကြီးရင်တော့ ပြောဖွယ်ရာမမြင်၊ အဆိပ်မှန်ရင် နည်းရင်လဲ သေစေနိုင်သည်၊ များရင်တော့ မေးစရာမလို၊ မကောင်းတဲ့ စိတ်နေစိတ်ထား လုပ်ရပ်မှန်သမျှကို မစင်ကဲ့သို့ မီးကဲ့သို့ အဆိပ်ကဲ့သို့ မှတ်ရာ၏၊ ကိုယ့်ကိုယ်လဲ သိသည်၊ သိသည်အတိုင်း ကိုယ့်ကိုယ်လဲမလေးစားနိုင်လွန်းလို့ မကောင်းမှုကို ရှက်ရာ၏၊ ဖြစ်လာမဲ့အကျိုးဆက်သည် မိမိအတွက် နာကျင်ခံခက် အဆိပ်ဖြစ်နေတတ်တာမို့ ကြောက်ရာ၏။

ဂုဏ်အရည်အသွေး အနည်းအများကို လိုက်၍ အပြစ်ကြီးငယ်ကွာတတ်သည်၊ အတွင်းကိလေသာ လူမိုက်တွေနဲ့ ပေါင်းဖက်မိလို့ ကျူးလွန်မိ ပြောမိ ဆိုမိ မှားမိခဲ့ရင်လဲ တောင်းပန်ဖြစ်အောင် တောင်ပန်ရာ၏၊ ပြစ်မှားမိပါက အသက်ထင်ရှားရှိရင် အရောက်သွားပြီး ကန်တော့ရာ၏၊ မရှိတော့ရင် ဂူ သို့မဟုတ် ဗိမာန်၊ နောက်ဆုံး အိပ်ရာ ညောင်စောင်းကိုပင် သွားရောက်ကန်တော့ရာ၏၊ တစ်ချို့ အခြေအနေကြောင့် ဖုန်းမှတဆင့် ကန်တော့ကြသည်။

ကိုယ်ရဲ့ခံစားချက်ကို ပြောဆိုပြီးတိုင်း အဆုံးမှာ အပြစ်ရှိက ကျေပါစေ၊ အပြစ်မရှိက ကောင်းကျိုးခပ်သိမ်းဖြစ်ပါစေလို့ ပြောဆိုကန်တော့ခြင်းသည် မိမိအတွက် နောင်တ သံသယကင်းတဲ့ စိတ်နှလုံးအေးချမ်းဖွယ်ရာ ကန်တော့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ၀ါကျွတ်ရင် အသက် သိက္ခာ ဂုဏ်ဝါကြီးရင့်သူ ဆရာမိဘ ရတနာသုံးပါးအား အမြဲသွားကန်တော့ကြဖြင်း ဖြစ်သည်။

ကန်တော့ခံပုဂ္ဂိုလ်၏ မေတ္တာကြည့် ကရုဏာအပြည့်နဲ့ ပြောဆိုလာတဲ့ စေတနာဆုပေးသံကို ခံယူရသဖြင့်လည်း ကန်တော့သူအဖို့ စိတ်ချမ်းမြေ့ဖွယ်ရာ မြတ်သောကုသိုလ်မင်္ဂလာ ဖြစ်သည်၊ ပူဇော်ကန်တော့ခြင်းသည် မွန်မြတ်သောအလုပ် ဘ၀နဲ့ချီပြီး အရေးကြီးသော အလုပ်ဖြစ်နေသည်ကို နားလည်သင့်သည်၊ သီတင်း ၀ါကျွတ်ရင် ရတနာသုံးပါး မိဘဆရာသမား စသည်ကို ပူဇော်ကန်တော့ခြင်းသည် မိမိဘ၀ အထက်တန်းကျဖို့ တက်လမ်း အောင်မြင်မှုဖြစ်နေသည်ကို နားလည်နိုင်ကြပါစေ။


ဘ၀ဇတ်ခုံ (၂၀။ ၁၀။ ၂၀၁၃)

0 အကြံပြုစာ: