ဒုက္ခဆိုတဲ့ စကားက လူတိုင်းအတွက် ဖွါးဖက်တော်ပါ၊ ဒုက္ခဖြစ်ကြောင်း
ဒုက္ခအလောင်းတော်က အဆုံးမသတ်ချင်တဲ့ တွယ်တာမှုတဏှာပါပဲ၊ ငတ်တယ်၊ ဆာတယ်၊
အလိုမပြည့်ဘူး၊ တဏှာနဲ့ ဒုက္ခက အလျှား အနံတူမျှနိုင်တယ်၊ အစပထမမှာ
ကြိုသူတွေပျော်နေကြပေမဲ့ ငိုခြင်းနဲ့ ကိုယ်ကစလိုက်ရတာကိုက ခံခက်လို့ပဲ
မဟုတ်လား၊ ကိုယ့်ဒုက္ခကိုယ်သိရင် ဒါသစ္စာပဲ၊ ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့
ပိုင်းခြား အမှန်နားလည်တဲ့ နေ့ဟာ ကိုယ့်အဆင့်အတန်းနဲ့ကိုယ် စာမေးပွဲ အောင်တဲ့နေ့ပဲ။
တကယ်တော့ ဒုက္ခက ပယ်ရမဲ့တရားမျိုးမဟုတ်ပါဘူး၊ သိရမဲ့ တရားမျိုးပါ၊ အမှန်သိမြင် နားလည်ရမဲ့ အရာပါ၊ ဘာကြောင့် ဘယ်လို ဒီဒုက္ခ ဖြစ်ရတယ်ဆိုတာ အမေးတတ်ပြီး အဖြေရှာတတ်ဖို့ပါ၊ အဖြေမှားလို့ မဖြစ်သလို အမေးမှားလို့လဲ မဖြစ်ပါဘူး၊ ကိုယ့်ဒုက္ခကိုယ် အဓိပ္ပါယ်ဖွင့်ဆိုတဲ့ နေရာမှာ စာအုပ်ထဲက ဆားလို့ ဘယ်လောက်ရေးပြ ရေးပြ ငန်တယ်ဆိုတဲ့ အရသာ မပေါ်လွင်မှာ စိုးရပါတယ်၊ ဘာဖြစ်လို့လဲ။
ဆားဟာ စာလုံးမဟုတ်သလို စာအုပ်လဲ ဆားမဟုတ်လို့ပါပဲ၊ တကယ့်ဆားကို လျှာပေါ်တင်ကြည့်မှ ဆားတပွင့်ဟာ ဘယ်လိုငန်ကြောင်း စာမဖတ်လဲ ကောင်းကောင်းသိနိုင်ပါတယ်၊ ဆိုလိုတာက စာတွေ့ဟာ လက်တွေ့ပါမှ အရသာပေါ်လွင်တယ်ဆိုတာ သိစေချင်တာပါ။ ပညတ်တွေ ဒုက္ခပေးနေတာ ကမ္ဘာမှာ ယနေ့ အထင်ရှားပဲ မဟုတ်လား၊ ပညတ်ကို အပြစ်မြင်တာ မဟုတ်ပါဘူး၊ အရှိကို သိဖို့အတွက် ပညတ်ကလဲ တာသွားတယ်ဆိုတာ လက်ခံပြီးသားပါ၊ ကိုယ့်ဒုက္ခကိုယ် ဘာသာပြန် မမှားကြဖို့ လိုရင်းပါ၊ ကိုယ့်ကိုယ် ဘာသာပြန် မှားခဲ့ကြလို့ ဘ၀တစ်ခုအဆုံးသတ်တိုင်း ဒုက္ခမဆုံး လမ်းမဆုံးဖြစ်နေကြတာပါ။
ဒီလိုပြောတော့ မျောက်တစ်ကောင်ရဲ့ ဒုက္ခဘာသာပြန်ပုံကို အမှတ်ရပါတယ်၊ လူတွေပြောပြောနေတဲ့ ဒုက္ခကို ခဏခဏကြားရတဲ့ မျောက်တစ်ကောင်က တောင်ယာလုပ်နေတဲ့ အဘိုးအိုကို မေးပါတယ်၊ ဒုက္ခဆိုတာ ဘာလဲတဲ့။
ဒုက္ခကို လက်တွေနဲ့မှ ပြချင်တဲ့ အဘိုးအိုဟာ မျောက်ကို သင့်တော်ရာ စာပြဖို့ ပြင်ဆင်ပါတော့တယ်၊ ခွေးဆိုးတစ်ကောင်ကို အစားမကျွေးပဲထားပြီး သေတ္တာထဲ ထည့်ထားပါတယ်၊ အစာမစားရ ကျဉ်းကျပ်ထဲမှာ နေရတဲ့ ဒီခွေးဟာ ဒေါသလဲ အဆမတန်ကြီးထွားနေပါတော့တယ်၊ အချိန်သင့်တော့ မျောက်ကို ခေါ်ပြီးပြောပါတယ်။
ဒုက္ခဆိုတာ သိချင်ရင် ဒီသေတ္တာကို လယ်ကွင်းပြင်ကို ယူသွား၊ ကွင်းလယ်ရောက်မှ ဖွင့်ကြည့်ပါလို့ မှာလိုက်တယ်၊ အဘိုအိုပြောတိုင်း သယ်ယူလာပြီး လယ်ကွင်းပြင်မှာ သိလိုဇောနဲ့ ဖွင့်ကြည့်ပါတယ်၊ မထင်မှတ်ပဲ အမျက်ဒေါသ ချောင်းချောင်းထနေတဲ့ ခွေးဆိုးကြီးက အပြင်ထွက်လိုက်ပြီး ကိုက်ပါလေတော့တယ်၊ မျောက်လဲ လွတ်လမ်းရှာပြီး အသက်လုကာ အတင်းရုန်းထွက် ပြေးရပါတယ်။
ကံကောင်းထောက်မစွာ သစ်ပင်တစ်ပင်တွေ့လို့ ချက်ချင်း တက်ပြေးလိုက်မှ လွတ်မြောက်သွားပါတယ်၊ ဒီတော့မှ မျောက်က သစ်ပင်အောက်က ခွေးဆိုးကို ကြည့်ပြီး စဉ်းစားပါတယ်၊ အော် လူတွေ ပြောပြောနေတဲ့ ဒုက္ခ ဒုက္ခဆိုတာ အရုပ်လဲဆိုး လျှာတန်းလန်းနဲ့ သွားရေလဲကျ ခြေလေးချောင်းနဲ့ ခွေးကြီးပါလားတဲ့။
ဒါက မျောက်ကြီး ဒုက္ခကို စဉ်းစားပုံပါ၊ သူ့စဉ်းစားပုံသည် သူ့ဘာသာပြန်ပဲ ဖြစ်ပါတယ်၊ သူ့ဘာသာပြန်သည် သူ့ခံယူချက် သူ့အမြင်ဖြစ်သွားပါလိမ့်မယ်၊ အမြင်မမှန်ရင်လဲ ပိုင်းခြားသိမြင် အမှန်နားလည်ဆိုတဲ့ သဘောမှ ကင်းကွာသွားတတ်ပါတယ်၊ တကယ်တော့ ဒုက္ခဆိုတာ ပယ်ရမှာလား သိရမှာလား၊ အကယ်၍ သိစရာဆိုရင် ဘယ်လိုသိပြီး အဖြေကို ဘယ်လိုရှာမလဲ၊
မျောက်ကြီးကဲ့သို့ ဘာသာပြန်ရင်တော့ ဒုက္ခအနက်သည် လျှာတန်းလန်း ဖြစ်နိုင်ပါသေးတယ်။
ဒုက္ခဆိုတာ ဘာလဲ
ဒုက္ခဖြစ်ကြောင်းက ဘာလဲ
ဘာကို ဘယ်လိုပယ်မလဲ
ပယ်တော့ ဘာအကျိုးရမလဲ ... လို့ အဘိုးက မျောက်ကို ပြောပြချင်ပေမဲ့ စိတ်ကော ရုပ်ကော အငြိမ်မနေတတ်တဲ့ ဒီမျောက်အတွက် ဒီလောက်ဆို ဒုက္ခဒုက္ခဆိုတာ သင့်တော်တယ် ပြောရမှာပဲ။ တကယ်တော့ အနိစ္စရောက်တာ မှန်သမျှ ဒုက္ခရောက်တာ မှန်လေတော့ ကိုယ့်ခန္ဓာအိမ်သည်ပင် ဒုက္ခ ဒုက္ခတို့ ပျော်မွေ့ရာ ၀င်ရာထွက်ရာ ဖြစ်နေပါတော့တယ်။
ဘ၀ဇတ်ခုံ
(25/8/2013)

0 အကြံပြုစာ:
Post a Comment