Thursday, August 29, 2013 By: ဘ၀ဇာတ်ခုံ

ဖြစ်တည်မှု

(၁)
အပေါင်းအနှုတ်တွေနဲ့
ဖြစ်တည်မှုကို ညီမျှခြင်း ချကြည့်လိုက်တဲ့အခါ
လူဆိုတာ
ဥပါဒါန်ရဲ့ ကျေးကျွန်
လွယ်တိုင်းလည်း ရတာအကုန်မယူနဲ့ပေါ့။

(၂)
အစွန်းရောက် တပ်မက်မှုတွေ
ဘ၀ထဲမှာ နေရာယူတော့
မြစ်တွေဟာ အသက်ရှုမ၀တဲ့ ရောဂါစွဲကပ်လို့
ပင်လယ်ကြီးတခုလုံး နာမကျန်းဖြစ်တယ်။

(၃)
အမှောင်တွေနဲ့ မိတ်ဆွေဖွဲ့ထားတဲ့
အဲဒီ စိုက်ခင်းထဲမှာ
တချို့ကတော့ ဆူလွယ်နပ်လွယ်..
သံသရာဆိုတာ....။

(၄)
အလှကြည့်ဖို့အတွက်နဲ့တော့
ဘယ်သူ့ကိုမှ လှောင်အိမ်ထဲထည့်မထားနဲ့ပေါ့
စာနာမှုနဲ့ ချစ်ခြင်းမေတ္တာတရားသည်သာ
ကမ္ဘာမြေရဲ့ အလှ
ဝမ်းစာရှားလို့ မေတ္တာပွါးတာမဟုတ်ပါဘူး။

(၅)
ဝမ်းစာနည်းတဲ့ခေတ်မှာမှ လူဖြစ်လာကြသူတွေလေ
ထမင်းရည်ပူလာမှ လျှာတွေတွဲနေလိုက်ကြတာ
လိုချင်မှုတခုနဲ့
လိုချင်မှုတခုကို ဖျားယောင်းနေဦးမယ်ဆိုရင်တော့
လမ်းဆုံးတာတောင် ရွာရောက်မှာမဟုတ်ဘူး ကိုယ့်လူ။

ကိုသစ် (သီတဂူ)
27/8/2013

0 အကြံပြုစာ: