Saturday, August 24, 2013 By: ဘ၀ဇာတ်ခုံ

ဆိုင်ရှင်ပေးတဲ့ ခေါက်ဆွဲတပန်းကန်

တစ်ညမှာတော့ ဆူး ဆိုတဲ့ မိန်းကလေးဟာ အမေဖြစ်သူနဲ့ စကားများရန်ဖြစ်ပြီး အိမ်ပေါ်ကနေ ဆင်းသွားပါတယ်။ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းလာတာ သူ့မှာ ပိုက်ဆံတပြားမှ ပါမလာဘူးဆိုတာကို လမ်းရောက်မှ သူသတိရတယ်။ အိမ်ကို ဖုန်းခေါ်ဖို့ ပိုက်ဆံအကြွေစေ့လေးတွေတောင် ပါမလာခဲ့ဘူး။ ဖြစ်ချင်တော့ သူက ခေါက်ဆွဲဆိုင်တဆိုင်ထဲမှာ ရောက်နေတယ်။ အလွန်မွှေးကြိုင်တဲ့ ခေါက်ဆွဲအနံ့လေးကို ရှုရှိုက်လိုက်ရတဲ့အခါမှာ ဗိုက်ဆာလာတယ်။ 

သူ ခေါက်ဆွဲစားချင်စိတ်တွေ အရမ်းဖြစ်လာတယ်။ ဒါပေမယ့် သူ့မှာက ပိုက်ဆံ တပြားမှ မရှိဘူးဖြစ်နေတယ်။ ကောင်တာရှေ့မှာ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ မ၀ံ့မရဲရပ်နေတဲ့ မိန်းကလေးကို ဆိုင်ရှင်ဖြစ်သူက မြင်သွားပြီး မိန်းကလေး မင်းခေါက်ဆွဲစားချင်လို့လား လို့ မေးလိုက်ပါတယ်။ ကလေးမလေးကလည်း ခေါက်ဆွဲတော့ စားချင်ပါတယ်။ ဒါပေမယ့် သမီးမှာ ပိုက်ဆံ ပါမလာခဲ့ဘူး လို့ ရှက်ကိုးရှက်ကန်း အမူအရာလေးနဲ့ ပြန်ပြောလိုက်ပါတယ်။ ဒီတော့ ဆိုင်ရှင်က ရပါတယ်ကွယ်။ လာ အထဲကို ၀င်ခဲ့။ မင်းအတွက် ခေါက်ဆွဲတပန်းကန်ကို ငါကြော်ကြွေးပါ့မယ်လို့ ပြောလိုက်ပါတယ်။

သိပ်မကြာခင်မှာပဲ ဆိုင်ရှင်ဟာ ခေါက်ဆွဲပြုတ်တပန်းကန် ယူလာပြီး မိန်းကလေးကို ပေးလိုက်ပါတယ်။
ခေါက်ဆွဲကို နဲနဲစားပြီးတဲ့အခါ မိန်းကလေးဟာ ငို ပါတော့တယ်။ ဘာကြောင့် ငိုရတာလဲ လို့ ဆိုင်ရှင်က မေးတဲ့အခါ ဘာမှ မဖြစ်ပါဘူး။ ကျမဟာ ဦးလေးရဲ့ ကြင်နာမှုတွေကို ခံစားရတဲ့အတွက် ငိုမိတာပါလို့ မျက်ရည်သုတ်ရင်းနဲ့ ပြောလိုက်ပါတယ်။ ပြီးတော့ လမ်းမှာ တွေ့ရတဲ့ သူစိမ်းတယောက်ကတောင်မှ ကျမကို ခေါက်ဆွဲကြွေးတယ်။ ဒါပေမယ့် ကျမ အမေကတော့ ကျမနဲ့ ရန်ဖြစ်ပြီးနောက် ကျမကို အိမ်ပေါ်ကနေ နှင်ချတယ်။ ကျမအမေဟာ ကြင်နာမှု မရှိဘူး။ သိပ်ရက်စက်တာပဲ လို့ ပြောလိုက်ပါတယ်။ ဒီတော့ ဆိုင်ရှင်က မိန်းကလေးရေ.. မင်းဘာဖြစ်လို့ အဲဒီလို တွေးရတာလဲ.။သေသေချာချာ ပြန်တွေးကြည့်လိုက်စမ်းပါ။ 


ငါလို တစိမ်းတယောက်က ခေါက်ဆွဲလေး တပန်းကန်ကြွေးတာကို မင်းက ကျေးဇူးတင်လို့ မဆုံးဘူးဖြစ်နေတယ်။ မင်းရဲ့ အမေဟာ မင်းငယ်ငယ်ကလေးထဲက မင်းကို ကြည့်ရှုစောင့်ရှောက် ကြွေးမွေပြုစုလာခဲ့တာဖြစ်တယ်။ ဘာဖြစ်လို့ မင်းဟာ မင်းအမေကို ကျေးဇူးမတင်ရတာလဲ။ ဘာဖြစ်လို့ မင်းအမေ ဆုံးမတာကို မနာခံရတာလဲ လို့ ပြန်ပြောလိုက်ပါတယ်။ 


မိန်းကလေးဟာ ဆိုင်ရှင်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ အလွန်ပဲ အံ့အားသင့်သွားပါတယ်။
ငါ ဘာဖြစ်လို့ သူလို မတွေးခဲ့မိတာပါလိမ့်။ ငါဟာ သူစိမ်းတယောက်က ကြွေးတဲ့ ခေါက်ဆွဲတပန်းကန်ကိုကျတော့ ကျေးဇူးတင်းလို့ မဆုံးဘူး။ ဒါပေမယ့် ငါငယ်ငယ်ကလေးထဲက ငါ့ကို ပြုစုစောင့်ရှာက်လာခဲ့တဲ့ ငါ့အမေရဲ့ ကြင်နာမှုတွေအတွက်ကျတော့ ငါဘာဖြစ်လို့ ကျေးဇူးမတင်မိပဲ ဖြစ်နေရတာလဲလို့ ပြန်တွေးလိုက်ပါတယ်။

မိန်းကလေးဟာ ဒီလိုတွေးပြီး သူမှားသွားတဲ့အကြောင်း သူ့ကို ခွင့်လွှတ်ပေးဖို့ ပြောမယ်ဆိုပြီး အိမ်ကို ပြန်သွားပါတယ်။ အိမ်ထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ စိုးရိမ်စိတ်တွေနဲ့ သမီးဖြဟ်သူကို လိုက်ရှာရင်း ပင်ပန်းနွမ်းနယ်နေပုံပေါက်နေတဲ့ စောင့်ကြိုနေတဲ့ အမေဖြစ်သူကို တွေ့လိုက်ရပါတယ်။ အမေဖြစ်သူဟာ သမီးကို တွေ့တွေ့ချင်းပဲ သမီးလေးရေ လာ အထဲကို ၀င်လာခဲ့။ သမီး ဗိုက်ဆာနေရောပေါ့။ သမီးအတွက် အမေ ထမင်း ဟင်းတွေ ချက်ထားတယ်။ ပူနေတုန်းလေး လာစားလိုက်ပါ သမီးလို့ နူးညံ့ညင်သာစွာ လှမ်းပြောလိုက်တဲ့အခါ သမီးမိန်းကလေးဟာ စိတ်မထိန်းနိုင်တော့ပဲ အမေဖြစ်သူရဲ့ လက်ထဲမှာပဲ ငို ချလိုက်ပါတော့တယ်။
............................................................................................................................................
(((( ဘ၀မှာ ကိုယ်တို့တတွေဟာ ကိုယ့်ဝန်းကျင်က ကျေးဇူးတရားနဲနဲလေးပြုဘူးတယ်ဆိုရင်တောင် အများကြီးအသိမှတ်ပြု ကျေးဇူးတင်တတ်ကြပေမယ့်လို့ ညီအကိုမောင်နှမတွေ ဆွေမျိုးသားချင်းတွေ မိဘတွေရဲ့ ကျေးဇူးတရားတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေကိုကျတော့ သူတို့မှာ လုပ်ပေးရမယ့် တာဝန်ရှိတာပဲ။ ဒါသဘာဝပဲ လို့ မြင်နေတတ်ကြပြန်ပါတော့တယ်။ ))))

ကိုသစ် (သီတဂူ)
22/8/2013

0 အကြံပြုစာ: