Friday, August 2, 2013 By: ဘ၀ဇာတ်ခုံ

အသဲကွဲ ဗြဟ္မာနဲ့ ကော်ထုတ်များ

ဒီနေ့ခေတ်လူငယ်တွေ ဘာသာရေးနဲ့ ဝေးပြီး လိမ္မာရေးခြားရှိမှုတွေ ကင်းမဲ့လာနေတဲ့ အကြောင်း၊ ဆိုဆုံးမရတာ မလွယ်ကူတဲ့အကြောင်း ပြောဆိုသံတွေကို ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ တကယ်ပဲ လူငယ်တွေဟာ ဒီလိုဖြစ်နေကြပြီလား၊ ဘာကြောင့်များ ဒီလိုဖြစ်သွားရ တာလဲဆိုတာကို တွေးနေမိတယ်။ ပြီးတော့ ဒီပြဿနာကို လူငယ်တွေအပေါ်မှာချည်း ပုံချလို့ကော ဖြစ်ပါ့မလား၊ မိဘတွေအပေါ်မှာရော တာဝန်မရှိတော့ဘူးလား လို့ စဉ်းစားနေမိတယ်။
မိဘဆိုတာ လက်ဦးဆရာတဲ့၊ မိဘဆိုတာ ဗြဟ္မာနဲ့ တူတယ်တဲ့။ မိဘဆိုတာ မီးနဲ့တူတယ်တဲ့။ ထို့နောက် မိဘဆိုတာ …. စသည် စသည် များစွာ။ မှတ်သားဘူးတဲ့ သြ၀ါဒတွေ၊ အဆိုအမိန့်တွေ။
ဒီနေ့တော့….။

တန်ရာတန်ကြေး မပေးပဲနဲ့တော့ ဘယ်ဟာမှ အလကားမရဘူးဗျ။ လက်ဦးဆရာ၊ ဗြဟ္မာဆိုတဲ့ နေရာကို ရဖို့ ပေးဆပ်မှုတော့ ရှိရလိမ့်မယ်။ မိဘတိုင်းဟာ တကယ်ရော လက်ဦးဆရာ စစ်လို့လား။ တကယ်ရော ဗြဟ္မာကြီးတွေနဲ့ တူတာ ဟုတ်လို့လား။ ဆိုင်းထီးဆိုင် သီချင်းထဲကလိုပေါ့။ ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမယ်။ ဒီနေရာတွေအတွက် ဘာမှ မပေးဆပ်ဘဲနဲ့တော့ …..။
တော်တော့ဗျာ ခင်များနဲ့ဆက်ပေါင်းရင် ကျနော် အ၀ီစိရောက်လိမ့်မယ်။
လွန်ခဲ့တဲ့ ၈ နှစ်လောက်က ကလေးတွေကို စာသင်ပေးဖူးပါတယ်။ အချိန်ရတိုင်း သူတို့နဲ့အတူ လဘက်ရည်ဆိုင်ထိုင်ပြီး ဒဿနတွေ တလုံးချင်းခြွေခဲ့ဖူးတယ်။ အဲ…လူငယ်လေးတွေ ပြောတာတွေကို လည်း အလကားရတဲ့ ရေနွေးကြမ်းကို လိုက်ပွဲတောင်းပြီး စိန်ပြေနပြေကို နားထောင်ပေးခဲ့ဖူးပါတယ်။
အဲဒီနေ့တွေထဲက တနေ့…..။

စတိုင်ကျကျ ၀တ်ဆင်ထားတဲ့ အသက် ၆၀ ၀န်းကျင် လူတယောက် သူတို့ထိုင်နေတဲ့ ဆိုင်ရှေ့ကနေ ဖြတ်လျှောက်သွားတယ်။ လဘက်ရည်အတူထိုင်သောက်နေတဲ့ လူငယ်တယောက်က “ဟိုမှာ အိမ်က ဘဲကြီးလာနေပြီ။ ဒီနေ့ မောင်းအပြည့်တင်လာတယ်။ ဘယ်သွားပြီး မောင်းဖြုတ်ဦးမယ် မသိဘူး”လို့ပြောပါတယ်။ မေးကြည့်တော့ အိမ်က ဘဲကြီးဆိုတာ သူ့အဖေ ကိုပြောတာပါတဲ့လေ။ သူပြောတာကို နားထောင်းပြီး ‘ဟာကွာ မင်းကလည်း ကိုယ့်အဖေကို ဒီလိုမျိုးကြီးတော့ မပြောသင့် ပါဘူး။ မင်းအဖေအစစ်လေ။ ကိုယ့်ကျေးဇူးရှင်။ မင်း ဒီလောကထဲကို ရောက်လာတာကိုက မင်းအဖေကြောင့်လို့လည်း ပြောလို့ရတယ်။ မင်းအခုလို ငါတို့နဲ့အတူ လဘက်ရည် ထိုင်သောက်နိုင် တာကိုက သူ့ကျေးဇူးတွေ မကင်းဘူး။ မပြောပါနဲ့။ အပြစ်သင့်လိမ့်မယ်။ ဒီစကားမျိုးက လူငယ်အချင်းချင်းတောင် မသုံးသင့်ဘူး။ နောက်ဒီလိုမပြောနဲ့။ ဒီစကားကိုလည်း နောက်ဘယ်တော့မှ မသုံးပါနဲ့ကွာ။ ကတိပေးပါတယ်။ နောက်ဘယ်တော့မှ မသုံးတော့ပါဘူးတဲ့။ နောက်တခေါက် လဘက်ရည်ဆိုင်ကို ပြန်ရောက်တော့ မင်းအဖေကို ဘာကြောင့် အိမ်က ဘဲကြီးလို့ ခေါ်ရတာလဲ လို့ မေးကြည့်မိတယ်။
သူပြောတာက ဒီလို…..။

သူ့မှာ ညီအကို မောင်နှမ ၄ ယောက်ရှိတယ်။ အဖေအလုပ်က ၀င်ငွေ မဆိုးဘူး။ ကိုယ့်အတိုင်းအတာ နဲ့ကိုယ် ကလေးတွေကို ပြည့်ပြည့်စုံစုံ ထားနိုင်တယ်လို့ ပြောလို့ရတယ်။ အဖေက မိသားစုအပေါ် တာဝန်ကျေပါတယ်။ ဒါနဲ့များကွာ မင်းနှယ်၊ မင်းမို့လို ဘဲကြီးလို့ ရက်ရက်စက်စက် ပြောရက်တယ်။ မင်းတနေ့ ၀ဋ်လည်ဦးမယ်။
ဒါအရင်တုန်းက ပြောတာပါ။ 

ကျနော် ၉ တန်းတက်တဲ့ နှစ်မှာ အဖေနဲ့ အမေ မကြာခဏရန် ဖြစ်တယ်။ စကားများတယ်။ တခါတလေ လက်ပါတဲ့အဆင့်ထိ ရောက်သွားတယ်။ အဖေက တောင်ဥက္ကလာဘက်က အမျိုးသမီး တယောက်နဲ့ ဘာလိုလို ဖြစ်တယ်။ မရှင်းမရှင်းတွေဖြစ်တော့ အမေ သံသယ၀င်လာတယ်။ စုံစမ်းကြည့်လိုက်တော့ အမေ့သံသယတွေ ပိုကြီးလာခဲ့ တယ်။ အဖေ လိုက်ပွဲ စားနေပြီတဲ့လေ။
တခါတလေ အဖေနဲ့အမေ အော်ကြီးဟစ်ကျယ် ရန်ဖြစ်တယ်။ ကျနော် အရမ်း ရှက်တယ်ဗျာ။ အထူးသဖြင့် ကျနော့်အဖေ ခြေပုန်းခုတ်နေတဲ့အကြောင်း။ လိုက်ပွဲစားတတ်တဲ့အကြောင်း ကျနော် သူငယ်ချင်းတွေ သိသွားမှာ အရမ်းစိုးရိမ်နေမိတယ်။ သူတို့ကြည့်မယ့် အကြည့်တွေကို ကျနော် ရင်မဆိုင်ရဲဘူး။ အလိုလိုနေရင်းကို သိမ်ငယ်နေမိတယ်။ ငယ်ငယ်တုန်းက ပြောပါတယ်။

အခုလား…။ အခုတော့ ကျနော် အသားကျသွားပါပြီ။ တကယ်တော့ အဖေလိုလူတွေက လောကကြီးမှာ အများကြီးပဲဗျ။ ကျနော်တို့ ရပ်ကွက်ထဲမှာကို တော်တော်များတယ်။ ကျနော်က စာဖတ်တာ ၀ါသနာပါတယ်။ မစန္ဒာ ၀တ္ထုတွေ အဖတ်များတယ်။ ဘ၀သရုပ်ဖော်တွေလေ။ လက်တွေ့ကျတယ်။ အမှန်တရားနဲ့ နီးစပ်တယ်။ အခုလား..။ ဘာသာရေးစာပေတွေပဲ ဖတ်ဖြစ်တာ များပါတယ်။ 
စိတ်ချမ်းသာလို့။ အချစ်ဝတ္ထုကတော့ ငယ်ငယ်ကတည်းကကို သိပ်မဖတ်ဖြစ်တာ။ အဖေ့ကို စိတ်နာလို့။
ကျနော် စဉ်းစားကြည့်တယ်ဗျ။ မိဘတွေဟာ လက်ဦးဆရာတဲ့။ ဒါပေမယ့်ဗျာ မိဘတိုင်း တော့လည်း လက်ဦးဆရာ အစစ်မဟုတ်လောက်ဘူးဗျ။ မစစ်တာတွေကို အခု ကျနော် ကိုယ်တိုင် တွေ့တွေ့နေရတယ်။ ကျနော် မငြင်းပါဘူး။ မိဘဟာ လက်ဦးဆရာဆိုရင်လည်း လက်ဦးဆရာ ပီသဖို့တော့ လိုတာပေါ့။ လက်ဦးဆရာ အစစ်ဖြစ်ဖို့တော့ အရေးကြီးတာပေါ့ဗျာ။ ခင်များတို့ ကျနော်တို့လည်း လက်ဦးဆရာ မကြာခင်ဖြစ်ကြတော့မယ်။ လက်ဦးဆရာ အစစ်ဖြစ်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားဖို့ အရေးကြီးတယ်။ 

ပြီးတော့ မိဘတွေဟာ ဗြဟ္မာကြီးတွေနဲ့ တူတယ်လို့လည်း ကျနော်ဖတ်ဖူးတယ်။ ဒါလား။ ဗြဟ္မာစိုရ်တရားလေးပါးကို ပွါးများလို့တဲ့လေ။ ဆိုလိုတာကတော့ဗျာ ဗြဟ္မာကြီးတွေမှာရှိတဲ့ တရားတွေ မိဘတွေမှာ အကုန်ရှိလို့။ လေးပါးလုံးနဲ့ အကုန်ပြည့်စုံလို့ ဗြဟ္မာတွေနဲ့တူတယ်လို့တော့ ဖတ်ဖူးတာပဲ။ ဒါပေမယ့် ဗြဟ္မစိုရ်တရားတွေ ကင်းမဲ့နေတဲ့ မိဘတွေကို ကျနော်တွေ့ဘူးပါတယ်။ ခင်များလည်း တွေ့ဘူးမှာပါဗျာ။ ဟိုတနေ့က ဂျာနယ်ထဲမှာ ဖတ်လိုက်ရတယ်။ အင်္ဂလန်မှာနေတဲ့ အိန္ဒိယနွယ်ဖွား မိသားစုမှာ သားသမီး ၃ယောက်ရှိတယ်။ သားသမီးတွေက ဥရောပစတိုင် ဥရောပစရိုက်တွေကို ကြိုက်နှစ်သက်တယ်။ ခုံမင်မြတ်နိုးတယ်။ မိဘတွေက လက်ခံဘူး။ ပြောမရတော့ သမီး အကြီးဆုံးကြိးကို သူ့အိမ်မှာပဲ ပလတ်စတစ်နဲ့ မျက်နှာကို အုပ်ပြီး သတ်လိုက်တယ်တဲ့။ အမှုဖြစ်တာ ကြာပြီတဲ့လေ။ ကျန်တဲ့ ကလေး၂ယောက်က အမှုကို ဖော်ထုတ်လို့ အခုမှ ပေါ်တာတဲ့။ မိဘက ကိုယ့်ရင်နဲ့လွယ်ခဲ့ရတဲ့ ကိုယ့်ရင်သွေးကိုတောင် ပြန်သတ်သတဲ့။ ကျနော် စဉ်းစားကြည့်တယ်။ အဲဒီမိဘတွေကို ကျန်တဲ့ကလေး ၂ယောက်က သူတို့မိဘတွေကို ဘယ်လိုများ မြင်မလဲ၊ ဘယ်လို ဆက်ဆံမလဲလို့။ ဒီလိုမိဘမျိုးကတော့ ဗြဟ္မာအရာမှာ ရှိမနေသင့်ဘူး မရှိနိုင်ဘူးလို့ ကျနော် ထင်တယ်။ ဒီလိုမိဘမျိုးတွေ လူ့လောကကြီးမှာ ရှိနေတယ်ဆိုတာ အထက်ဗြဟ္မာပြည်က ဗြဟ္မာကြီးတွေသာ ကြားသိမြင်တွေ့ လိုက်လို့ကတော့ ဒီဗြဟ္မာကြီးတွေ အသဲကွဲသွားနိုင်တယ်ဗျ။ ခင်များသာ ဒီကလေးတွေနေရာမှာဆိုရင် လက်ဦးဆရာဆိုပြီး။ ဗြဟ္မာတွေနဲ့တူတယ်ဆိုပြီး ထိုင်ရှိခိုးနိုင်ပါ့မလား။ အရိုသေပေးနိုင်မယ်လို့ကော ခင်များထင်လား။
ဗျာ……။

ဒါကတော့ဗျာ မိဘတိုင်းတော့ ဒီလိုလုပ်နေတာ မဟုတ်ပါဘူး။ လက်ဦးဆရာပီသတဲ့ လက်ဦးဆရာ စစ်တဲ့ မိဘတွေ အများကြီးရှိသလို ဗြဟ္မာနဲ့တူပါပေတယ် ဗြဟ္မာအစစ်လိုပါပဲလားလို့ တင်စားခံရတဲ့ မိဘတွေလည်း လောကကြီးမှာ အများကြီးရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ… မိဘတွေဟာ သားသမီးတွေရဲ့ ဘ၀ပြတင်း တံခါးပေါက်တွေကို ဖွင့်ပေးလိုက်သူတွေလို့ ကျနော်မြင်တယ်။ မိဘတွေ ဖွင့်ပေးလိုက်တဲ့ ဘ၀ပြတင်း တံခါးပေါက်တွေက ကြည့်ရင်း တွေးရင်း ခင်များအရာရာ အားလုံးကို သိမြင်ခွင့်တွေ ရနေပြီပဲ။ ဒီတချက်ထဲနဲ့ကို မိဘတွေကို ကျေးဇူးတင်သင့်တယ်။ ကျေးဇူးမတင်ချင်နေ။ မပြစ်မှားမိဖို့တော့ သတိထားစေချင်တယ်ဗျာ။ ဒီအကြောင်း ဆက်ပြောစရာတွေ အများကြီးရှိသေး တယ်။ မြို့ထဲသွားစရာရှိ သေးတယ်။ ပြန်ကြစို့ဗျာ။

ဟိုတလောတုန်းက ဓရံဆာလာမြို့လေးကို သူငယ်ချင်းနဲ့အတူ ရောက်ခဲ့တယ်။ ရောက်တတ်ရာရာ ပြောကြရင်း လက်ဦးဆရာနဲ့ ဗြဟ္မာတွေအကြောင်း ရောက်သွားတယ်။ သူပြောတာ တွေက ဗြဟ္မာ့ပြည်က ဗြဟ္မာကြီးတွေ အသဲကွဲမယ့်ကိန်းပဲ။ သူပြောတာလေး နားထောင်ကြည့်ပါဦး။ သူပြောတာက ဒီလို…။
တနေ့ သူ့သူငယ်ချင်းခေါ်လို့ မြို့ထဲက အသိမိတ်ဆွေ အိမ်ကိုလိုက်သွားတယ်။ သူ့မိတ်ဆွေမှာ သားသမီး ၅ယောက်ရှိတယ်။ သူငယ်ချင်း မင်းမိတ်ဆွေရဲ့ ကလေးတွေက တော်တော် ရိုင်းတယ်ကွာ။ မောင်နှမချင်းကို ဆဲလား ဆိုလားနဲ့။ ဒီကလေးတွေ ဘာကြောင့် ဒီလောက်တောင် ရိုင်းစိုင်း နေကြပါလိမ့်။ သူမေးကြည့်တော့ သူတို့အဖေက လောင်းကစားမှုနဲ့ ထောင်နှစ်ရှည်ကျ သွားတာ ကြာပြီ။ အမေဖြစ်သူက နောက်ယောကျာ်း တယောက်ကို တရားဝင် လက်ထပ်တာမျိုးလည်း မဟုတ်ပဲနဲ့ အိမ်ပေါ်ခေါ်တင်ထားသတဲ့။ အဲဒီအိမ်ကို ငါ ရောက်ဖူးတယ်။ အိမ်ကတော်တော်လေးကို ကျဉ်းတယ်ကွ။ ကလေးတွေရော၊ နောက်ယောကျားနဲ့ အမေဖြစ်သူနဲ့ရောက တတန်းတည်း အိပ်ရတယ်။ ဒီတော့ကွာ.. လင်မယာချင်းပြုကြတဲ့ ညရေးညတာ ကိစ္စမျိုးတွေမှာ ဒီအမေဖြစ်သူနဲ့ တစိမ်းအမျိုးသားတယောက် ချစ်တင်းနှောတာတွေကို ဒီကလေးတွေ တနေ့ မဟုတ် တနေ့ မြင်ပြီပေါ့။ တနေ့မဟုတ် တနေ့ ဒီအသံတွေကို ကြားပြီပေါ့။ ဒီတော့ ဒီကလေးတွေမှာ ငါတို့အမေက ဒါမျိုးကြီးလား လို့တွေးပြီး အမေဖြစ်သူ ဆိုဆုံးမတာတွေကို ဘယ်လိုလုပ် လက်ခံလို့ရပါ့မလဲ။ ဒါကြောင့် ဒီကလေးတွေ ဒီလောက်ရိုင်းနေတာကွ။ တရားခံက သူ့တို့အမေပဲ။

ဒီကလေးတွေအနေနဲ့ ဘယ်လိုလုပ်ပြီး မိဘဆိုပြီးအရိုသေပေးနိုင်မလဲ..။ မိဘတွေဟာ လက်ဦးဆရာ၊ ဗြဟ္မာ။ ခင်များလည်း ဖတ်ဖူးတာပဲ။ ကျနော်တော့ စဉ်းစားလို့ မရဘူး။
ခင်များသာ ဒီကလေးတွေ နေရာမှာဆိုရင်ကော….။
ဗျာ………။

ဒါကတော့ဗျာ ဘယ်မိဘမှ ဒီလိုအခြေအနေမျိုးကို ဖန်တီးချင်မှာ မဟုတ်ပါဘူးဗျာ။
မပြည့်စုံတဲ့ ဘ၀တခုရဲ့ ပြယုဂ်လေးတွေပါ။ ဘယ်သူ့ကိုမှ နစ်နာစေလိုတဲ့စိတ်မရှိပါဘူး။ နာစရာလေး တွေ ရှိမယ်ဆိုရင်တောင် တင်ရှိခဲ့ဖူးတဲ့ ကျေးဇူးတရားလေးတွေနဲ့ ဖြေစေချင်တယ်။ မိဘဟာ မိဘပဲပေါ့။ ဘာနဲ့ဖျက်ဖျက် မပျက်နိုင်တဲ့ ကျေးဇူးတရားတွေ။ ကျေးဇူးရှင်တွေလေ။
နောက်မှ ဆက်ပြောကြမယ်။ ပြောစရာတွေလည်း တပုံကြီးရှိသေးတယ်။ မနက်လေးနာရီထိုးနေပြီ၊ အိပ်ကြဥိးစို့။

နောက်တနေ့…။
သောင်းပြောင်းထွေလာပြောရင်း ကိုယ့်တိုင်းပြည်အကြောင်း ပြောဖြစ်တယ်။
“ကျနော်တို့ တိုင်းပြည်မှာ ကော်ထုတ်တွေ တော်တော်များတယ်ဗျ”။ ဟာဗျာ ခင်များကလည်း ကော်ထုတ်တွေများတာ ကပ်စရာတွေ များနေလို့ နေမှာပေါ့။ ကျနော်ဆိုလိုတာက ခင်များပြောတဲ့ ကပ်လို့ရတဲ့ ကော်ထုပ် မဟုတ်ဘူးဗျ။ လူအဖွဲ့အစည်းထဲကနေ ကော်ကော်ပြီး ထုတ်ထုတ်ပစ်နေရတဲ့ ကော်ထုတ်တွေကိုပြောတာ။
အော်……ဒီလိုလား။

နိုင်ငံတကာရေးရာ နိုင်ငံတကာဗဟုသုတတွေမှာ ခင်များလည်း လူငယ်ဆိုပေမယ့် အတော် နှံ့နှံ့ စပ်စပ်ရှိတယ်ဆိုတာ ကျနော်သိနေတယ်။ သူများတိုင်းပြည်တွေမှာ ကိုယ်တာဝန်ယူရတဲ့ လုပ်ငန်းအပေါ် တာဝန်မကျေပြွန်ဘူးလို့ ထင်ရင် ဘယ်သူမှ အဖွဲ့စည်းထဲကနေ အတင်းဆွဲထုတ်နေ ရတာမျိုးမဟုတ်ဘူး။ သူ့အလိုလို တာဝန်သိစိတ်နဲ့ အလိုလို နှုတ်ထွက်သွားတာ။ အတော် ဂုဏ်ရှိတယ်ဗျာ။ အတုယူ အားကျဖို့လည်း ကောင်းတယ်။ ကျနော်တို့ တိုင်းပြည်ကတော့ အဲဒီလို အလိုက်တသိနဲ့ မထွက်တဲ့အပြင် အတင်းပေကပ်နေကြတယ်။ အတင်းအကြပ်ကို ကော်ကော် ထုတ်နေရတယ်။ ဒါတောင် မထွက်ချင်သေးဘူး။ ဒါကြောင့် ကျနော်တို့ တိုင်းပြည်မှာ ကော်ထုတ်တွေ တော်တော်များ တယ်လို့ပြောတာပါ။ နောက်ထပ် ကော်ထုတ်ရမယ့် ကော်ထုတ်တွေလည်း အများကြိးရှိသေးတယ်ဗျ။ နိုင်ငံတကာနဲ့ယှဉ်လိုက်ရင် အတော် ရှက်ဖို့ ကောင်းတယ်။ လူတွေက မရှက်တတ်ကြတော့ဘူးလား မသိပါဘူးဗျာ။

ခင်များ.. အော်.. ဟုတ်ကဲ့….။
ရှက်တာနဲ့ ပတ်သက်လို့ ကျနော် ဖတ်ဖူးတဲ့ ကာတွန်းလေး တပုဒ်ကို ခင်များကို ပြောပြချင်တယ်။ ဒီလိုဗျ။
ကာတွန်းထဲမှာ အမျိုးသမီးငယ်လေး နှစ်ယောက် လမ်းလျှောက်လာနေတယ်။ ၀တ်ထားတာက အပေါ်ပိုင်းအင်္ဂါကို သိပ်မလုံချင်ဘူး။ အောက်ပိုင်းမှာ ၀တ်ထားတာလေးက ပေါင်ရင်းမှာ ကပ်နေတယ်။ ဘယ်ပုံပေါက်နေမလဲဆိုတာ ခင်များ ခန့်မှန်းကြည့်ပေါ့။ အဲဒီ အနားမှာ ကောင်မလေး နှစ်ယောက်ရဲ့ မောင်လေးတွေ ဆော့ကစားနေကြတယ်။
လမ်းလျှောက်လာရင်း တနေရာအရောက်မှာ ဖိနပ်သဲကြိုး ပြတ်သွားတယ်။ ကောင်းမလေးက ပြောတယ်။ ဟယ်…ရှက်လိုက်တာ။ ဖိနပ်သဲကြိုး ပြတ်သွားပြီ။ မောင်ဖြစ်သူက သူ့သူငယ်ချင်းကို လှမ်းပြောလိုက်တယ်။ တွေ့လား… ငါ့အစ်မလဲ ရှက်တတ်ပါတယ်ကွ။
ဒီကာတွန်းလေးထဲကလို ကျနော်တို့တတွေက မရှက်ရမယ့်ကိစ္စကို ရှက်နေတတ်ကြတယ်။ တကယ်ရှက်ရမယ့်အရာတွေကိုကျတော့ ရှက်စရာလို့ မထင်မိတတ်ကြဘူး။ ရှက်တယ်ဆိုတာ နေရာကျကျ ရှက်တတ်ဖို့လည်း လိုသေးတယ်ဗျ။
ငြိမ်ပြီး နားထောင်နေကြတယ်။ သြော်… ကျနော်တို့တတွေက ရှက်တာတောင် နေရတကျ မရှက်တတ်ကြ သေးပဲကိုး။
…………………………………………………..

အနုပညာနယ်ပယ်မှာ ထဲထဲဝင်ဝင်ရှိတဲ့ သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်တယ်။ နာမည်ကြီး အနုပညာရှင်အချို့ရဲ့ ၀တ်စားဆင်ယင်မှုအကြောင်း တောင်တောင်အီအီ ပြောနေကြတာကို ငြိမ်ပြီး နားထောင်နေရတယ်။ သူတို့က အနုပညာရပ်ဝန်းအကြောင်း ကောင်းကောင်း သိတဲ့သူတွေ မဟုတ်လား။ အသစ်အဆန်းတွေ ကြားရတယ်။ သရုပ်ပျက် ၀တ်စားဆင်ယင်မှု အကြောင်းတွေ ပါသလို ဗရုတ်သုက္ခဇာတ်ကားတွေအကြောင်း သူတို့ချင်း မြိန်ရေယှက်ရေကို ပြောနေကြတာ။ လူငယ်လေးတွေဆိုတော့ သူတို့ကြည့်ရတာ ပြန်ပြောရတာကိုက တော်တော် အရသာတွေ့နေတဲ့ပုံ။ သူတို့ပြောတာတွေ အနှစ်ပြန်ချုပ်ကြည့်လိုက်ရင် ဗြဟ္မာတွေ အသဲကွဲမယ့် ကိန်းပါပဲ။

သူတို့ထဲက တယောက်က ၀င်ပြောတယ်။ ကျနော်လည်း ခေတ်လူငယ်ပါ။ ရှေးရိုးစွဲကြီး မဟုတ်ဘူး။ သူတို့ရဲ့ သရုပ်ပျက် ဓာတ်ပုံတွေ၊ ဇာတ်ကားတွေကို ကျနော်လည်း ကြည့်ဖူးပါတယ်။ ကျနော် အင်တာဗျူး တခုကို ဖတ်လိုက်ရတယ်ဗျ။ အရာရာအားလုံးကို ခွင့်လွှတ်တယ်။ ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်ပြီတဲ့။ ဒီသတင်းကို ဖတ်ပြီး ကျနော်က ဆက်တွေးနေမိတယ်။ ကိုယ်က အရာအရာအားလုံးကို ခွင့်လွှတ်နိုင်တယ်ပဲထားဦး။ သူတို့ကြောင့် လူ့လောကထဲကို ရောက်လာကြမယ့် ကိုယ့်ရင်သွေးလေးတွေရဲ့ အနာဂတ်ကိုလည်း အလေးထားသင့်တယ်။ သူတို့ လေးတွေ အရွယ်ရောက်လာကြလို့ လောကကြီးထဲ ကျင်လည်ကြတဲ့အခါ ဒါ မင်းတို့အဖေ ဒါမှမဟုတ် မင်းတို့အမေ ရိုက်ခဲ့တဲ့ ဓာတ်ပုံနဲ့ ဇာတ်ကားပဲ လို့ အပြောခံရတဲ့တနေ့ ဒီကလေးတွေရဲ့ စိတ်မှာ အနာတရတွေဖြစ်မယ့်အရေး ကျနော်ရင်လေးနေမိတယ်။
လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ် တိုင်းပြည်ရဲ့ မနက်ဖြန်ဆိုတာ အားလုံးသိပြီးသားပါဗျာ။ ဒီအနာဂတ်လေးတွေ ရှင်သန် ကြီးထွားရေးမှာ ကျနော်ကတော့ ဘာအတွက်နဲ့မှ ဘာအကြောင်း ကြောင့်နဲ့မှ သူတို့စိတ်မှာ အနာတရ မဖြစ်စေ သင့်ဘူးလို့ ယုံကြည်နေမိတယ်။ သိပ်မကြာခင် ၀ါကျွတ်တော့မယ်။ ကျနော်တို့ ခင်များတို့ အားလုံး အနာဂတ်ရဲ့ ဖန်တီးရှင်တွေ ဖြစ်ကြရဦးမယ်။ မနက်ဖြန်များစွာကို ထုတ်ဆစ်ကြဦးမယ်။ ကိုယ်မှာရတဲ့ ဒဏ်ရာက အကျက်မြန်တယ်။ အစားထိုးပြီး ကုသလို့ ရနိုင်သေးတယ်။ စိတ်မှာရတဲ့ ဒဏ်ရာအနာတရတွေက ပျောက်ဖို့ခက်ခဲတယ်။ ကိုယ့်ကြောင့် လာမယ့်အနာဂတ်လေးတွေတော့ အနာတရ မဖြစ်စေနဲ့ဗျာ။ အနာတရဖြစ်မှုတွေကို မဖန်တီးမိစေနဲ့။ ဖြေရှင်းရ ခက်လိမ့်မယ်။ 

ထို့နောက် သိခွင့်ရလိုက်တဲ့ ဗြဟ္မာတွေ အသဲကွဲမယ့် ဇာတ်လမ်းပေါင်းများစွာ။ ကော်ထုတ် ပေါင်းများစွာ။ အဆုံးသတ်ဝါကျတချို့က သူ့စိတ်ကို မှတ်ကျောက်တင်လိုက်တယ်။ ကျနော်ကတော့ ပင်လယ်ကြီးကို မနိုင်မနင်း ထမ်းပိုးနေမိပြီဗျာ တဲ့။
အားလုံးက သူ့ကို ငေးကြည့်နေမိတယ်။ လူငယ်ဆိုပေမယ့် အတွေးမငယ်ဘူးလေ။
အဆောင်ကို ပြန်လာတဲ့လမ်းမှာ ဆုတောင်းနေမိတယ်။ ဗြဟ္မာတွေလည်း အသဲမကွဲပါစေနဲ့၊ ကော်ထုတ်တွေလည်း မြန်မြန်ကုန်ပါစေလို့။

အားလုံးဆင်ခြင်တွေးဆဖို့ပါ။
ကိုသစ် (သီတဂူ)

0 အကြံပြုစာ: