Saturday, January 19, 2013 By: ဘ၀ဇာတ်ခုံ

ရင်ဘတ်အဟောင်းနဲ့ လူ

(၁)
လေထုညစ်ညမ်းမှုတွေ
ပင်လယ်ထဲမှာနေရာယူတော့
တရားခံအစစ်က
ဟောဒီရင်ဘတ်ထဲမှာ။
(၂)
မီးပူနဲ့တိုက်ချေလို့
မကျေနိုင်တဲ့ခေါက်ရိုးတွေ
ငါ့မြို့လေးဆီ အလည်လာတော့
ကြွေလွင့်သွားတဲ့ နုပျိုခြင်းများစွာ
ဒီအနာ ကျက်မှ ကျက်ပါ့မလား။
(၃)
အရောင်အဆင်းကို
မတပ်မက်ကြနဲ့ ကိုယ့်လူတို့
အသစ်ဝေဖို့ အဟောင်းချွေ
ဒီနွေမှာတော့
ငါ့မြို့လေးအတွက်
ခဲချက်မလိုဘူးရယ်၊
လက်သိပ်ထိုးနေရဆဲ နားလည်မှုများစွာ
(ဖြစ်နိုင်မယ်ဆိုရင်)
ကော်ထုတ်များများပေးပါ။
(၄)
ရထားအစင်းစင်း
ဥသြမဆွဲဘဲ ခုတ်မောင်းသွားခဲ့၊
ဘူတာအဟောင်းလေးနဲ့
ပနံသင့်နေတဲ့ အဲဒီပလက်ဖောင်းမှာ
သတိ.........
ဧည့်သည်များ ညအိပ်ရပ်နားခွင့်မပြု။

ကိုသစ် (သီတဂူ)
19/1/2013

0 အကြံပြုစာ: