Friday, November 23, 2012 By: ဘ၀ဇာတ်ခုံ

ဓာတ်ခဲအဟောင်းနဲ့ စီးဆင်းနေတဲ့မြစ်

အမှောင်တွေနဲ့
လူလားမြောက်ခဲ့ရတဲ့ညတွေမှာ
ကိုယ်ပိုင်နာမည်မရှိတဲ့ ကြယ်တွေက များလိုက်တာ။
အဆိပ်သင့် အိပ်မက်ဆိုးတွေ
လေထုထဲမှာ နေရာယူတော့
အားကုန်နေတဲ့ ဓာတ်ခဲတလုံးလို
ရှေ့တိုးရင်း နောက်ဆုတ်
အနိစ္စတရားနဲ့ ဖြန့်ကျဲထားတဲ့ ဘူတာရုံလေးမှာ

အတ္တတွေ အပုံလိုက်ချခင်းထားတဲ့ လမ်းက
အခုထိကြမ်းတယ်။

လျှောက်ပါ….
တချိန်က မှောင်ခဲ့တဲ့ ညချမ်းက
သံသရာအထိမှောင်နေလိမ့်မယ်။
အတ္တတခုနဲ့ အတ္တတခုကို မျှား
စိတ်လိုလက်ရချွေချခံခဲ့ရတဲ့ ဇီဝိန်တွေ
သင်္ခါရတရားတို့ရဲ့စေညွှန်ရာကို
ဘယ်သူ လွန်ဆန်နိုင်မှာလဲ။

ကိုယ့်ဂိုးကိုပြန်သွင်းတယ်ဆိုတာ
ကိုယ့်လိပ်ပြာ ကိုယ်ပြန်ချွေတဲ့လက်နက်။
မနက်ဖြန်ဆိုတာ
ဓာတ်ခဲအဟောင်းနဲ့ မီးလင်းနေတဲ့ မှတ်တိုင်။

ကိုသစ် (သီတဂူ)
(11/18/ 2012)

0 အကြံပြုစာ: