
စည်းကမ်းရှိသူကို တန်ဘိုထားသည်။ လုပ်ငန်းမှာလဲ အားကိုးသည်။ ရာထူးပေးရင်တောင် စည်းကမ်းရှိသူသာ ရတတ်သည်။ စည်းကမ်းမရှိရင် ဆုံးရှုံးတတ်သည်။ ပျက်စီးတတ်သည်။ ကျရှုံးတတ်သည်။ လူအဖွဲ့စည်းမှာလဲ စည်းကမ်းရှိရင် ဂုဏ်တက်သည်။ လေးစားသည်။ အထင်ကြီးခံရတတ်သည်။ အမြင်ကျယ်သူများက လွတ်လပ်မှုကို စည်းကမ်းဖြင့် ပုံဖော်သည်။ စံထားသည်။ စည်းကမ်း လွတ်လပ်မှု တာဝန် ဟန်ချက်ညီအောင် သွားသည်။ စည်းကမ်းရှိသူနဲ့ မရှိသူ လူရာဝင်ရာမှာလဲ ကွာသည်။ အလုပ်လုပ်ရာမှာလဲ လှပပုံခြင်းမတူ။ အရေးပေးမှုမှာလဲ မတူ။ စည်းကမ်းရှိသူသည် ကိုယ့်ကိုယ်လေးစားသည်။ တန်ဘိုးထားသည်။ သူသည် ဆေးဖက်ဝင်သော ဆေးနဲ့တူတဲ့ ပျားလိုလူဖြစ်သည်။
စည်းကမ်းမရှိသူသည် ကိုယ့်ကိုယ်လဲဖျက်ဆီးတတ်သည်။ အများကိုလဲ အကျိုးမပြုတတ်တာ များသည်။ မကောင်းရနံ့ကို ကိုယ့်ပတ်ဝန်ကျင်ကို ဆောင်ယူလာတတ်တာများသည်။ ရောဂါကို ဖြစ်ပွါးစေတဲ့ ယင်ကောင်လိုလူဟု ဆိုနိုင်သည်။ ရရ စားစား စိတ်ဓာတ်နဲ့လုပ်ရပ်မှာ အတုယူစရာမမြင်။ အားကျစရာ မရှိ။ စည်းကမ်းမရှိရင် စိတ်ကြောင့်လဲ ကျေတတ်၏။ နှုတ်ကြောင့်လဲ သေတတ်၏။
လူသည် စည်းကမ်းရှိရမည်။ တာဝန်သိရမည်။ ညီညွတ်ရမည်။ လွတ်လပ်မှုကို စည်းကမ်းနဲ့ အညီချစ်မြတ်နိုးတတ် ရမည်။ ပြဿနာကြုံလာရင် စည်းကမ်းနဲ့ ညီညွတ်မှုနဲ့ ဖြေရှင်းရမည်။ ပျားကောင်လို ပျားအုံလို ကျင့်ဟုဆိုချင်သည်။ ပျားများသည် စည်းကမ်းရှိသည်။ ညီညွတ်သည်။ စနစ်ရှိသည်။ သေသပ်သည်။ အမျိုးချစ်သည်။ ယင်ကောင်ထက် အထင်ကြီး လေးစားမှုကို ခံရသည်။ စည်းကမ်းမရှိရင်တော့ ယင်ကောင်လိုလူဟု သမုဒ်ကြသည်။ ယင်ကောင်နားရင်တော့ စားကောင်းမည့် ထမင်းကိုတောင် စွန့်ပစ်တတ် ကြသည်။ ဘေးဖြစ်တတ်လို့ နေမည်ဟု ထင်မြင်ပါသည်။
ပျားကောင်နဲ့ယင်ကောင် နေထိုင် လှုပ်ရှား ဘ၀ကွာခြားပုံကို ရိုးရိုးလေး မြင်ကြည့်စေချင်သည်။ ကြည့်မြင်ပြီး ဟုတ်သည် မဟုတ်သည်ကို စဉ်းစားကြည့်စေချင်သည်။ စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကော စည်းကမ်းရှိပြီး မိမိသူတစ်ပါး အကျိုးများတဲ့ ဆေးဖက်ဝင်သူ ပျားလိုလူ ပျားကာင်းလေးများသာ ဖြစ်ပါစေလို့ ဆန္ဒပြုပါသည်။
-----
လောက၌တွင်
ပျားနဲ့ယင်ကို
မျက်မြင်ပုံထား
မောင်ရှုစားလော
ပျားကအုံပြု
အရည်စု၍
ထားမှုသေချာ
လွန်ချမ်းသာ၏
ယင်မှာသော်တုံ
ဝမ်းဝရုံမျှ
အုံကာသောက်စား
စုမထားပဲ
ရှာငြားမပြတ်
မရ ငတ်၏ ------။
0 အကြံပြုစာ:
Post a Comment