Sunday, July 22, 2012 By: ဘ၀ဇာတ်ခုံ

လွတ်လပ်မှုနဲ့ရွေးချယ်ခွင့်

ဒီလမ်းကို ဘယ်သူကမှ ငါ့ကို တွန်အားပေးတာ အမိန့်ပေးတာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ဉာဏ်နဲ့ အသိနဲ့ ရွှေးချယ်ခဲ့တာ။ ဒီလမ်းမှာ ရွှေမရှိဘူးဆိုတာလဲ သိပါတယ်။ ငွေမရဘူးဆိုတာလဲ သိပါတယ်။ အပူလိုချင် အအေးဖြစ်ချင်ဖြစ်မယ်။ အအေးလိုချင်ရင် အပူဖြစ်ကောင်းဖြစ်မယ်။ အလှအပကစ မာန်ရစ်ချင်တာ ခ၀ါချ စိတ်ဓာတ်နဲ့ အသိဉာဏ်မှာ အထက်တန်းကျဖို့ပဲ စိတ်ကရည်စူးထားရတာပါ။ အသွားအလာအနေအထိုင် အစားအသောက် အကြေည့်အရှု့ သဘောထားကစ ယဉ်ကျေးသိမ်မွေ့ပြီး လိုလေသေးမရှိအောင် အနှိုင်းမဲ့ အတုမဲ့ အရှင်သခင် အဖမြတ်စွာက သင်ပေး ညွန်ပေးခဲ့တယ်လေ။ 

အသည်းခိုက်အောင် ယုံလိုက်မိတယ်။ စကြာဝတေမင်းတောင် ဖြစ်နိုင်တဲ့ သိဒ္ဓတ္ထဆိုတဲ့ မင်းသား။ သူဟာ လူဘ၀ရဲအထွဋ်အထိပ် လူတွေ မက်မောကြပါတယ် ဆိုတဲ့ မင်းစည်းစိမ် အာဏာပါဝါတွေ ချစ်လှတဲ့ ဇနီးမယားသားဆိုတဲ အရာတွေကိုကိုယ်တောင် စွန့်လွတ် လိုက်သေး။ သစ္စာတရားကို ရှာဖွေရာလမ်းမှာ ကြမ်းတမ်းခက်ထော်လှတဲ့ အနိမ့်ဆုံး သာမန်လူတောင် မစားနိုင်တဲ့ အစားအသောက်ကိုတောင် စားခဲ့ရပြန်တယ်။ မင်းသားဘ၀နဲ့ နှိုင်းစာရင် ဘယ်လောက်ကွာချားသွာလဲ။ အမှန်တရားအတွက်ဆို အရာရာသည်းခံလို့ အကျင့်နဲ့အသိ အရာမှာ အနှိုင်းမဲ့ အထွဋ်အထိပ်သို့ နောက်ဆုံး ရောက်လာတယ်။ ဒါသည်ပင် လောကသယမ္ဘူ မြတ်စွာဗုဒ္ဓပေါ့။ 

ဒီလောက်စွန့်လွတ် အနင့်နာခံ သည်ခံလာပြီးမှ အစားတစ်လုပ်အတွက်နဲ့ လောကကို ချွတ်ချော်တိမ်းပါးသွားမဲ့ စကားမျိုး ပြောအုန်းမလား။ မှန်ကန်ကျိုးများတဲ့ စကားကိုသာ သုံးဆောင်တော်မူခဲ့တယ်။ ပြောတဲ့စကားတိုင်း ဧဟိပဿိကောတဲ့။ come and see - မယုံရင် လာကြည့် စမ်းကြည့် မြည်းကြည့်တဲ့။ အာမခံချက်ကလဲ လွန်ရော။ လမ်းစဉ်ကတော့ ၀ိဇ္ဇာနဲ့စရဏ။ အကျင့်နဲ့အသိတဲ့။ အကျင့်သာရှိ အသိဉာဏ်မပါတာမျိုး အသိဉာဏ်သာရှိပြီး အကျင့်မပါတာမျိုးမဟုတ်ရပါဘူး။ ၀ိဇ္ဖာမျက်လုံး စရဏခြေထောက်ကောင်းရပါမယ်။ 

ဒီလို ၀ိဇ္ဖာနဲ့အသိဉာဏ်အရာမှာ ပြောရရင်တော့သီလနဲ့ပညာအရာမှာ ယောကျာ်းမိန်းမ တန်းတူပါ။ ကျင့်နိုင်ခွင့်သိပိုင်ခွင့်ရှိတယ်။ ဆရာစားမချန်ပါဘူး။ ဒါတွေဒါတွေသိလာရတော့ သံသယမရှိ ယုံကြည်မိတယ်။ ကိုယ်ယုံကြည်တဲ့ အရာက အရှိတရားဖြစ်နေတယ်။ စိတ်ကူးယဉ်မဟုတ်ဘူး။ အနိုင်းမဲ့အရှင် ဗုဒ္ဓမြတ်စွာက သီလနဲ့ညာအရာမှာ စံပြ စံနမူနာနေပြ ညွန်ပြသွားတယ်။ ဗုဒ္ဓကအလုပ်လုပ်တဲ့ နေရာမှာလဲ သူမတူအောင်ပါပဲ။ ခန္ဓာကိုယ်အတွက် အိပ်စက်နားနေချိန်ဟာ တစ်နာရီခွဲလောက်သာ ၂၄ မှာထားပါတယ်။ ကျန်တဲ့အချိန်ဟာ အများချမ်းသာဖို့ချည်းပါ။ အားလုံးကိုလဲ ဗုဒ္ဓက သူလမ်းစဉ်ကို လိုက်စေဖို့ ကျင့်သုံးဖို့ မျှော်လင့်တော်မူတယ်။ 

ဗုဒ္ဓဟောခဲ့ ပြောခဲ့ ညွန်ပြခဲ့တဲ့တရားတိုင်း စကားတိုင်းဟာ အမှန်သို့ ဦးတည်နေစေတယ်။ ဆင်းရဲငြိမ်းရာကိုသာ ညွန်ပြပေးနေတယ်။ နက်ရှိုင်းရာ အမတဆီသို့သာ မီးမောင်းထိုးပြနေတယ်။ ဓမ္မနဲ့ အဓမ္မ အမှောင်နဲ့ အလင်း အမှားနဲ့အမှန် ညစ်နွမ်းခြင်းနဲ့စယ်ကြယ်ခြင်း ခွဲခြားစိတ်ဖြာကာ ဓမ္မ၊ အလင်း၊ အမှန်၊ စင်ကြယ်ခြင်းကိုသာ အလေးဂရုပြုဖို့ ကျင့်သုံးဖို့ နားလည်ဖို့ မျက်မှောက်ပြုနိုင်ဖို့ ညွန်ပြတော်မူတယ်။ တကယ်တော့ ကိုယ်စင်ကြယ်ဖို့ ကိုယ်လွန်မြောက်ဖို့အတွက် ကိုယ်ကိုယ်တိုင်လုပ်ရမှာမို့ ကိုယ့်အားကိုယ်ကိုးတဲ့လမ်းစဉ်ပါပဲ။ ကိုယ့်လုပ်ရပ်တိုင်းမှာ ကိုယ့်မှာလုံးဝတာဝန်ရှိပါတယ်။ မသိလိုပဲဖြစ်ဖြစ် သိလိုပဲဖြစ်ဖြစ် မသိချင်ယောင်ဆောင်နေလိုပဲဖြစ်ဖြစ် ကိုယ့်လုပ်ရပ်တိုင်းမှာ ကိုယ့်အရိပ်ဆိုတာ နားလည်ရပါမယ်။ 

ဒီလိုတွေသိလာရတော့ ဘ၀ဆိုတာ အရသာတွေ့ပါတယ်။ ကိုယ့်ကိုယ်ယုံကြည်မှု ပိုရပါတယ်။ ရဟန်းဘ၀ဆိုတာ ဖြူစင်တဲ့ကောင်းမှုတွေ အများကြီးဆည်းပူးနိုင်ခွင့်ရှိလို့ပါ။ အပြစ်ကင်းတဲ့ချမ်းသာနဲ့နေတတ်ထိုင်တတ်အောင် အပြစ်မဖြစ်အောင် အခုကော နောက်ရော ချမ်းသာအောင် ငြိမ်းချမ်းအောင် ဗုဒ္ဓကညွန်ပြပေးခဲ့တယ်။ ဗုဒ္ဓရဲ့သာသနာအရိပ်အာဝါသအောက်မှာ နေရထိုင်ရသူတွက် ကံကောင်းသလို့ အေးချမ်းလှပါတယ်။ ငြိမ်းချမ်းလှပါတယ်။ ဘုန်းကံလဲကြီးမားကြပါတယ်။

ဒီလမ်းဟာ ဘယ်သူကမှ အတင်းတိုက်တွန်းတာမဟုတ်ပါဘူး။ ကိုယ့်အသိ ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ လျှောက်လှမ်းနေရတာမို့ ပျော်ပါတယ်။ ကျေနပ်ပါတယ်။ လွတ်လပ်တယ်။ မျှတပါတယ်။ ဒါဟာ လွတ်လပ်ခြင်းတစ်မျိုးပါ။ ဒါပေမဲ့လဲ့ တဏှာကျေးကျွန်အဖြစ်မှ လုံးဝလွတ်မြောက်ဖို့တော့ ရှေ့ဆက်တိုက်ပွဲဝင် ချီတက်နေရအုန်းမှာပါ။

0 အကြံပြုစာ: