တစ်ခါတလေ အတူနေ အဆင်မပြေမှုတွေက ပြဿနာကြီးကြီးကျယ်ကျယ်တော့ မဟုတ်။ အချင်းချင်း မသိတတ်မှုတွေ နားမလည်မှုတွေက စသည်။ နားလည်သော်လည်း မလေးစားမှုက စသည်။ အတူနေ အသိပေးသင့်တာ တိုင်ပင်သင့်တာကို မတိုင်ပင်လို့လဲ အဆင်မပြေမှုတွေ ဖြစ်တတ်သည်။ အထက်လူ နဲ့ပတ်သက်လာရင် ကိုယ့်အတွက် အခွင့်အရေး နာမည်ကောင်းရချင်လို့ ယူချင်လို့လဲ ပြဿနာက အချင်းအချင်း အတူနေကြားမှာ ဖြစ်တတ်သည်။
ကိုယ်လုပ်ချင်ရာ လုပ်ပြီးမှ အသိပေးတာမျိုး တစ်ခါတလေ ဘာလုပ်လုပ် ကျန်လူကို ထည့်မတွက်တာမျိုးလဲ ဖြစ်တတ်သည်။ အချင်းချင်း အတူနေပေါ်မှာ စကားမပြောချင်သလို ရေငုံနှုတ်ပိတ်နေသလောက် ကိုယ့်ရလာမဲ့ အခွင့်အလမ်းရှိသူနဲ့တွေ့ရင် ရေပက်မ၀င်အောင် ဂွန်ဖန်တတ်မှုကလဲ ပြဿနာရဲ့ အကြောင်းတခုအနေနဲ့ ပါလာတတ်သည်။ လုပ်ရမဲ့ တာဝန်ကို မလုပ်ခြင်း ကိုယ့်တာဝန်မေ့လျှော့ပေါ့ဆမှုသည် ကျန်လူအတွက် နှစ်ဆပိုကဲ လုပ်ရတတ်သည်။ အလုပ်ကို တွက်ခြင်း အခြားသူ ပြုမှုဆောင်ရွက်ချက်ကိုသာ ရေပေါ်စီးလိုက်ခြင်းကလဲ မညီမျှမှုတစ်ခုအနေနဲ့ ပြဿနာဖြစ်တတ်လာသည်။
ရသင့်တဲ့အခွင့်အရေးကို ဦးစွာယူခြင်း ကုန်ရမည့်အရာ နင့်နာစရာရှိလာမည့်အရာ၌ ခေါင်းရှောင်ခြင်း မသိသလိုနေတတ်ခြင်းကလဲ အထင်လွဲ အချင်းချင်း အခဲမကျေစရာဖြစ်တတ်ပြန်သည်။ တစ်ခါလေ လုပ်ငန်းသည် ကိုယ့်အပေါ်တိုက်ရိုက်လာပြီး ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါလျှက် ပရိယာယ်မာယာသုံးကာ အခြားလူကို အကွက်ဆင် အသုံးပြုခြင်း လုပ်စေချင်းဟာလဲ သိလာတာနဲ့အမျှ နာကြည်းစရာ ဖြစ်လာတတ်သည်။ အများနဲ့ပတ်သက်လာရင် စေတနာမထားနိုင်ခြင်း ကိုယ့်အလှည့်ကျ အပြုအစုကို ခံလိုခြင်းသည်လည်း မူမမှန်လို့ ပြဿနာဖြစ်လာတတ်ပြန်သည်။
သည်းခံမှုတွေများလာသူကလဲ အတိုင်းအတာကျော်လွန်လာတဲ့အခါ ပေါက်ကွဲပြတတ်ပြန်သည်။ ဤလိုနဲ့ အစမပထမ၌ လောဘသည် ဖွဲမီးလို လောင်၏။ ဒေါသသည်လည်း ဖွဲ့မီးလိုလောင်၏။ မာနသည်လည်း ဖွဲမီးလိုလောင်၏။ မနာလိုမှုသည်လည်း ဖွဲမီးလို လောင်၏။ အတ္တ အယူသည်းမှု ဒိဋ္ဌိသည်လည်း ဖွဲမီးလိုလောင်၏။ နုရာမှရင့် ရင့်ရာမှ မှည့်ပေါက်ကွဲပြလိုက်သောအခါ ပြဿနာသည် ကုစားမရသော အခြေသို့ ရောက်လာတတ်သည်။
ခွင့်လွတ်ခြင်း သည်းခံခြင်း မေ့ပျောက်လိုက်ခြင်းသည်ကား ဓမ္မအသိ အားနည်းသူတို့ သန္တာန်ဝယ် ကိန်းဖို့ ခဲယဉ်းလေသည်။ အချင်းချင်း အပြန်အလှန် သဘောထားကြီးကြီး ကိုယ်ချင်းစာနာမှု အလိုက်သိမှု ထားနိုင်ပါမှ အဆင်ပြေနိုင်သည်။ မေတ္တာသည် အကျိုးလိုလားမှု စိတ်ဓာတ်အရည်အသွေးဖြစ်လို့ ကိုယ်စီပြဿနာမဖြစ်အောင် ကျင့်သုံးသင့်သော ဆေးကောင်းတစ်ပါးဖြစ်သည်။ မနောကံမေတ္တာမှသည် ၀စီကံမေတ္တာသို့ ၀စီကံမေတ္တာမှသည် ကာယကံမေတ္တာသို့ အဆင့်ဆင့် စီးဆင်းနိုင်အောင် ကျင့်သုံးရသည်။
ပြဿနာ တရာခံသည် ရသင့်ရထိုက်တဲ့ အရာထက် ပိုမိုလိုချင်မှု တဏှာ အထိအပါး အတိုင်းအတာ မခံလိုမှု မာန ကိုယ့်ရဲ့တရားသေ၀ါဒကို စွဲကိုင်ထားတဲ့ဒိဋ္ဌိဆိုတာကို နားသင့်သည်။ သတိဆိုတာ ကိုယ့်စောင့်နတ်မို့ သတိထားကာ ပြဿနာကောင်များ ရင်ထဲဝင်မလာအောင် နေထိုင်ကျင့်သုံးခြင်းသည် မင်္ဂလာရှိတဲ့ နေမြတ်မဟာ အမှန်ဖြစ်ပါကြောင်း မျှဝေလိုက်ပါသည်။
0 အကြံပြုစာ:
Post a Comment