Friday, September 9, 2011 By: ဘ၀ဇာတ်ခုံ

အတိမ်းအစောင်း

သဘောထား တိမ်းစောင်းသူမှာ
စိတ်ကြောင့် စိတ်သည် ပိုကြေမွ၏
ဝေဒနာကြောင့် ဝေဒနာသည် ပိုနာကျင်ရ၏
သောကကြောင့် သွေးသည် ပိုဆူပွက်၏
လောဘသည် လောဘနောက်သို့ လိုက်သောအခါ
ဒေါသသည် ဒေါသနောက်သို့ လိုက်သောအခါ
လိုက်လေပြေးလေ
ပြေးလေလိုက်လေ
လိုက်လေမောလေ ဖြစ်သောအခါ
မီးကထည့်သမျှမရှောင်
အကုန်လောင်သလိုမျိုး
ပယ်လယ်က ၀င်လာသမျှမတား
လက်ခံသွားသလိုမျိုး
အတော မသတ်နိုင်တဲ့ အဆုံးမှာတော့
ကိုယ့်စိတ်နဲ့ကိုယ် အဆိတ်ဖြစ်တယ်
အတွေးတစ်ခုက အတွေးတစ်ခုကို အနိုင်ကျင့်တယ်
စိတ်ထဲမှာ ကျဉ်းမြောင်း
မလွတ်လပ်တော့ အယူအဆတွေ
တိမ်းစောင်းကုန်တယ်
သရာဂံ ၀ါ စိတ္တံ
သဒေါသံ ၀ါ စိတ္တံ
သမောဟံ ၀ါ စိတ္တံ
အဖန်ဖန်ဆင်ခြင်ကြည့်
သတိရှိရင် အဖြေသိလိမ့်မယ်။

0 အကြံပြုစာ: