Wednesday, September 28, 2011 By: ဘ၀ဇာတ်ခုံ

ဦးတိုက်ပါရစေ .....

အဆဲခံရမလားပဲ လျှာရှည်လိုက်အုံးမယ်။ ဒါပထမဆုံး facebook ပေါ်မှာရေးမိတဲ့ Note ပါ။ ကျွန်မက စာရေးဆရာလဲမဟုတ်၊ ပညာရှင်လဲမဟုတ် ဘာဆို ဘာမှမဟုတ်တဲ့ သူပါ။ ဘုန်းကြီးကျောင်းသားလို့ခေါ်ရမလား ဒါမှမဟုတ် ကပ္ပိယလို့ခေါ်ရမလား ဒါပေမဲ့ သာသနာမှာ lady kappiya ဆိုတာ တရားဝင်ခွင့်ပြုတာမှမဟုတ်တာ။ ဘုန်းကြီးကျောင်းသူဆိုတာလဲ မရှိဘူး။ ပုထုဇဉ်ဆိုရင်တောင် ကလျာဏပုထုဇဉ်အဆင့်မရှိသေးဘူး။ ဒါကြောင့် ဘာမှမဟုတ်ဘူး။ I am Nothing ပါ။

ဒါပေမဲ့ တချိန်တုံးက ဗုဒ္ဓတက္ကသိုလ်မှာ ဆရာတော်ကြီးတွေနားအလုပ်လုပ်ပေးခဲ့ဖူးလေတော့ ကိုယ့်ရဲ့ Dhamma Brother Dhamma Sister တွေက အများကြီး Dhamma Friend လို့ပြောရမလားပဲ။ gtalk ထဲကို အွန်လိုင်းလိုက်လို့ online friend က အယောက် ၂၀ ရှိရင် ၁၆ ယောက်က သံဃာအကိုတော်တွေပါ။ နောက် facebook မှာ friend အယောက် ၁၀၀ ရှိတယ်ဆို ၈၀ က သံဃာတော်တွေဖြစ်နေတယ်။ ဒါဘာကြောင့်လဲ ဆိုတော့ ကိုယ်ကျင်လည်ရာပတ်ဝန်းကျင်ကိုက ဗုဒ္ဓတက္ကသိုလ် အသိုင်းအ၀ိုင်းဖြစ်နေခဲ့တာကိုး။ သံဃာတော်တွေကို ဝေးဝေးကကြည်ညို နီးနီးက ကြည်ညိုပြီး သာသနာ့မင်းသားတွေကို စိတ်ဝင်တစား ရှိခဲ့ပါတယ်။ တတ်နိုင်တဲ့ဘက်ကလဲ ဝေယျာဝစ္စ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါက ရင်းနှီးဖူးခဲ့တဲ့ အကိုတော် အမတော် အားလုံး အသိပါ။

တက္ကသိုလ်ဆိုတာကလဲ သူ့သဘာဝနဲ့သူ စာပေလေ့လာဆည်းပူးကြရင် တပါးနဲ့တပါး သိပ်ခင်မင်ရင်းနှီးကြတာကလား။ နံမည်ပြောင်လေးတွေ အသီးသီးရှိကြ တပါးနဲတပါး နောက်ကြပြောင်ကြ သိပ်ချစ်စရာ ကောင်းတဲ့ တက္ကသိုလ်ကျောင်းသားတို့ရဲ့ ဓလေ့လေးပါ။ နေလာခဲ့တဲ့ ၁၀ စုနှစ်တစ်ခုပတ်လုံး ကိုယ်တော်တွေ အချင်းချင်း စကားများကြ ရန်ဖြစ်ကြတယ်ဆိုတာ ယောင်လို့တောင် မကြားဘူးခဲ့ပါဘူး။ 

သာမန် ပုထုဇဉ်အတိုင်းအတာနဲ့တွေးမယ်ဆိုရင် မကျေနပ်တာလေးတွေရှိခဲ့မယ်ဆိုရင်တောင် တစ်ဦးကို တစ်ဦး သည်းခံပြီး ထိမ်းထိမ်းသိမ်းသိမ်းနေခဲ့တာချည်းတွေ့ရပါတယ်။ မကြိုက်ရင်လဲ မရင်းနှီးအောင် နေလိုက်ရုံပါပဲ။ သွားပြီးတော့ စိန်ခေါ်နေစရာ ဖိုက်တင်ချနေစရာ ဒါ ရဟန်းသံဃာတွေရဲ့ အလုပ်မှ မဟုတ်တာပဲလေ။
ထားပါတော့ ဒါက ကျွန်မ အကြမ်းဖျင်းနားလည်ထားတာပါ။ ခေတ်နဲ့အညီ အင်တာနက် အီးမေးလ် ဆိုတာတွေပေါ်လာပါတယ်။ facebook ကို တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာရောက်နေတဲ့ သာသနာ့ဆွေမျိုးတွေ facebook ပေါ်ကနေ အကျိုးပြုလုပ်ငန်းတွေ အများကြီးလုပ်လာနိုင်ပါတယ်။ ဘယ်ဆရာတော်ကြီးက ဘယ်မှာကြွလို့ ဘယ်နေ့တရားဟောမယ်။ ဘယ်သူက ဘယ်တိုင်းပြည်မှာ ဘယ်လို သာသနာပြုနေတယ်။ ဘာသင်တန်းတွေဖွင့်နေတယ်။ အို စုံလို့ပါပဲ ကောင်းလိုက်တဲ့ သတင်းကောင်းတွေ ကိုယ်လိုတဲ့ link ကို တစ်ချက်ကလေးနှိပ်ပြီးသွားလိုက်တာနဲ့ အကုန် သိရတာပဲလေ။

ခက်တာက facebook ဆိုတာက လူပေါင်းစုံသုံးတာမဟုတ်လား။ လူပေါင်းစုံဆိုတဲ့နေရာမှာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ အတန်းအစားပေါင်းစုံလို့ ပြောရမယ်နဲ့တူပါတယ်။ နိုင်ငံတော်အုပ်ချုပ်သူ အရာရှိကြီးတွေကစလို့ ဒီက ကျွန်မအလုပ်မှာ ကူလီထမ်းတဲ့ ကူလီကောင်လေးလဲ facebook account ရှိပါတယ်။ တရုတ်ရော ကုလားရော အမေရိကန်ရော အင်္ဂလိပ်ရော ပြင်သစ်ရော ဂျာမန်ရော၊ မူဆလင် ခရစ်ယန် ဗုဒ္ဓဘာသာ လူမျိုးပေါင်းစုံ သူငယ်ချင်း မျိုးစုံ ကျွန်မကို add လို့ ကျွန်မက add လို့  ကျွန်မ account ထဲမှာရှိပါတယ်။ ညစ်ညမ်းစာပေတွေရေးတဲ့သူတို့ နောက် အခြောက်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ညစ်ညစ်ပတ်ပတ်တွေ ဆဲနေတဲ့သူတို့လဲ link  တွေကနေတစ်ဆင့် မကြာခဏ တွေ့ရပါတယ်။ သူတို့လဲ သူတို့ အသိုင်းအ၀ိုင်းနဲ့ သူတို့ အခွင့်အရေးနဲ့ သုံးနေကြတာပါ။
လူ့အခွင့်အရေး ဆိုတာ လူတိုင်းမှာရှိပါတယ်။

ဟာ .... ကိုယ်တော်တွေ အင်တာနက်တွေလျှောက်သုံးနေတာပဲ ဒါတွေမလုပ်ရဘူးလို့ဆိုရင်တော့ ဒါက မဟာအမှားကြီးဖြစ်တော့မှာပါ။ ဒီလို မဆိုလိုပါဘူး။ ဘာလို့ဒါတွေလျှောက်ရေးနေလဲဆိုတော့ facebook ဆိုတာ လူတိုင်း ဖတ်လို့ မြင်သာတဲ့ wall ကြီးပေါ်မှာရေး ထားတဲ့စာတွေဟာ တစ်ချို့ သံဃာတွေတွေ ဆရာလေးတွေနဲ့ မအပ်စပ်တာတွေ သူတို့ wall တွေပေါ်မှာ တွေ့နေ ဖတ်နေရလို့ပါ။ မတွေ့ချင်ရင် မဖတ်နဲ့ပေါ့လို့တော့မပြောစေလိုပါဘူး။ ကိုယ့် သာသနာ့မင်းသား မင်းသမီးတွေကိုချစ်လို့ စိတ်ဝင်တစားနဲ့ ဖတ်နေမိတာပါ။ facebook ဆိုတာလဲ ဖွင့်လိုက်တာနဲ့ သူ့အလိုလို ကိုယ့် profile ပေါ် မြင်နေရတာကလား။ ဘယ်သူနဲ့ရေးရေး ဘာပဲရေးရေး လူမမြင်ရတဲ့ message တို့၊ chatting တို့မှာ ရေးချင်တာ ရေးကြ ပြောချင်တာ ပြောကြပါ။ wall ပေါ်မှာရေးပြီးတော့ comment တွေကလဲ လူပေါင်းစုံက ၀င်ရေး၊ တချို့ကဆို သံဃာတော်တွေကို စော်ကားတဲ့စကားလုံးတွေရေးကြနဲ့ သိပ်စိတ်မချမ်းသာလွန်းလို့ပါ။

နောက် ကျွန်မ သိခဲ့ရသမျှ ရင်းနှီးခဲ့ရသမျှ သံဃာတော်တွေ ဆရာလေးတွေ အားလုံးဟာ မေတ္တာအပြည့်နဲ့ပါ။ အော်တယ် ငေါက်တယ် ဆိုတဲ့ ဆရာတော်ကြီးတွေနဲ့ ရင်းနှီးခဲ့တာတောင် ဆရာတော်ကြီးတွေရဲ့ မေတ္တာကို အော်ရင်းငေါက်ရင်းနဲ့ပဲ အထင်းသား မြင်ရပါတယ်။ ဒါကြောင့် အော်လို့ ငေါက်လို့တစ်ခါမှ မသိမ်ငယ်ခဲ့ဖူးပါဘူး။ အလုပ်ထဲမှာ သူဌေးအော်တာ ခံရရင်တောင် တစ်ခုခု ခံစားရတတ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ မသိတာကို ဖြေပေးမဲ့ ဆရာတော်ကြီးတွေ၊ ဦးဇင်းတွေ ဆရာလေးတွေနဲ့ချည်းတွေ့ခဲ့တာ ကံကောင်းလို့လား မသိပါ။
ကိုယ့်ဝမ်းစာရေးအတွက် ကိုယ့် personal အလုပ်ကို လုပ်နေပေမဲ့ တစ်ဖက်ကလဲ ရောက်ရာအရပ်မှာ သာသနာအလုပ်လေး တတ်နိုင်သလောက် လုပ်မိပါတယ်။ စွမ်းနိုင်စွမ်းရာပါ။ ကိုယ်တိုင် သီလရှင်မ၀တ်နိုင်ပေမဲ့ သီလရှင်ဝတ်နိုင်သူတွေကိုလဲ အားကျစိတ်နဲ့ ကိုယ်တတ်နိုင်သလောက်လေး ပံ့ပိုးပါတယ်။ ကိုယ်လုပ်ပေးနိုင်တာလေး လုပ်ပေးပါတယ်။ သီလရှင်မှရယ် သံဃာတော်မှရယ် မဟုတ်ပါဘူး ဒီလိုပါပဲ နိုင်ငံခြားထွက်လာပြီး အလုပ်လုပ်ချင်တဲ့ လူငယ်ကလေးတွေလဲ ဆက်သွယ်ပေးပါတယ်။ ဘာအကျိုးတစ်စုံတစ်ရာမှ မျှော်လင့်လို့ ငွေကြေးတစ်စုံတစ်ရာ ရလို့ မဟုတ်ရပါဘူး။ သူတို့သူတို့ ကိုယ့်ကြောင့် အသီးသီး အဆင်ပြေသွားရတာကိုပဲ ပီတိဖြစ်လို့ပါ။ 

အဲဒါကို တစ်ချို့ စပ်စပ်စုစုလုပ်တယ်ထင်လို့လား နိုင်ငံရေးလုပ်တယ်ထင်လို့လားမသိပါဘူး။ အလုပ်ရှုပ်နေရတဲ့ကြားထဲ လာမစပ်စုနဲ့ဆိုတာမျိုးတွေ တစ်ချို့သာသနာဝန်ထမ်းအမည်ခံတွေက အွန်လိုင်းကနေ ငေါက်တာလဲ ခံရဖူးပါတယ်။
အော် ဒါကြောင့် ကိုယ့်ထက်ပိုတတ်လို့ ကိုယ့်ထက်ပိုပြီး သီလသိက္ခာရှိလို့ ကိုယ်က ထိုင်ရှိခိုးရတဲ့ သာသနာတော်ဝန်ထမ်း ရဟန်း သံဃာ ဆရာလေးတွေကို ရာသက်ပန်လုံး စိတ်ကြည်ကြည်နဲ့ ဦးချ ရှိခိုးချင်ပါတယ်။
ဒါကလဲ ပါချုပ်ဆရာတော် ဦးနန္ဒမာလာ ဦးဇင်းလေးတစ်ပါးကို ဆုံးမဖူးတဲ့စကားလေးတစ်ခွန်းကို ကြားယောင်မိလို့ပါ။ ကိုယ်တော်ရ ရဟန်းဆိုတာ လူလုပ်တာတွေအကုန်လျှောက်မလုပ်ရဘူး။ လူနဲ့ဘုန်းကြီး အတူတူပဲဆို မင်းဘယ်သူက ထိုင်ရှိခိုးမလဲကွ ဆိုတဲ့စကားလေးပါ။ ဒါပေမဲ့ ကျွန်မတို့ကတော့ ကိုယ်မလုပ်နိုင်သေးတဲ့ လူဝတ်ကြောင်ကို စွန့်နိုင်တယ်ဆိုတာနဲ့တင် ရှိခိုးထိုက်လို့ ရှိခိုးနေအုံးမှာပါ။ စိတ်ကြည်ကြည်နဲ့ ရာသက်ပန်လုံး ဦးတိုက်ပါရစေလို့ ဒီစာလေးနဲ့ ဆုမွန်ကောင်းတောင်းပါတယ်။

 (by Paing Soe Yu on Tuesday, September 27, 2011 at 10:56am on face-book)

0 အကြံပြုစာ: