Tuesday, February 1, 2011 By: ဘ၀ဇာတ်ခုံ

ဘုရားသခင်အတု


မောင်သင်းခိုင်
(၁)
“ကျုပ်သန်တုန်းမြန်တုန်းအရွယ်က
“ကနူးလှေ” ကိုထွင်းရတာ
သစ်တုံးခုတ်တာကစပြီး လှေကိုရေထဲချတဲ့အထိ
သုံးလကြီးတောင်ကြာတယ်…သုံးလ
ကျော်ချင်ကျော်မယ် သုံးလအောက်တော့မလျှော့ဘူး။
ခုတော့ဗျာ….ကမ္ဘာမြေကြီးရယ်
နေ့ရယ်ညရယ် နေရယ် လရယ်
သက်ရှိသက်မဲ့အရာအားလုံးကို
ဘုရားသခင်က….ခုနှစ်ရက်ထဲနဲ.
ဖန်ဆင်းလိုက်တယ်ဆိုတော့
ခင်ဗျားဟာက မလွန်လွန်ဘူးလား
လေနည်းနည်းတော့ လျှော့စမ်းပါအုံး
ကျူပ်ကတော့ သံသယရှိတယ် ‘နိုး’ ပဲ
လုံးဝ လုံးဝကြီးကိုလက်မခံနိုင်ဘူး
အာဖရိကတောနက်ထဲမှာနေထိုင်တဲ့
လူမျိုးစုအကြီးအကဲခေါင်းဆောင်က
သူတို့ ဒေသကိုလာပြီး ဖန်ဆင်းရှင်အကြောင်းကို
စည်းရုံးဟောပြောတဲ့တရားဟောဆရာလူဖြူကို
စိတ်အချဉ်ပေါက်ပေါက်နဲ့ ပြောလိုက်တာပါ ပြီးတော့
သူသားကိုအော်ပြီး အမိန်ပေးလိုက်တယ်။
လူညာလူဖြူကိုဖမ်းပြီး သတ်ပစ်လိုက်တဲ့…တဲ့
ကျနော်ဖတ်ဘူးတဲ့…ခင်ဗျားတို.ဖတ်ဘူးတဲ့
“ဂျက်လန်ဒန် “ရဲ . ၀တ္တုတိုထဲက ဇာတ်လမ်းကို
အရင်အတိုင်း ဖေါက်သည်ချလိုက်တာပါ။
(၂)
ဘုရားသခင်ဖန်ဆင်းတဲ့ ကမ္ဘာကြီးထဲမှာ
အမေရိကတိုက်မပါဘူးနဲ့ တူတယ်
ကျနော်ဘာပြု အဲသလိုပြောရသလဲဆိုတော့
အေဒီ ၁၄၉၂ ကျမှ အမေရိကတိုက်ကို
စပိန်နိုင်ငံသား ”ကိုလံဘတ်စ်´ ရှာဖွေတွေ့ ရှိခဲ့တာလို့
သမိုင်းစာမျက်နှာပေါ်မှာ ကျနော်
ဖတ်ဖူးမှတ်ဖူးလို့ ပြောစမ်းကြည့်တာပါ။ ။
ဧဒင်ဥယျာဉ်ထဲမှာ “အာဒန်နဲ့ဧ၀” ဆိုတဲ့
(ဣတ္ထိလိင် ပုလ္လိင်) ခွဲခြားမထားတဲ့
လူသားနှစ်ယောက်ကို ဘုရားသခင်ဖန်ဆင်းခဲ့တယ်။
ဘုရားသခင်က (မစားရ)လို့ တားမြစ်ထားတဲ့
ပန်းသီးကို အဖန်ဆင်းခံလူသားနှစ်ယောက်က
ဘုရားသခင် တားမြစ်ထားတာကို ချိုးဖောက်ပြီး
စားမိခဲ့ကြလို့ အထီးရယ်အမရယ်ဆိုတဲ့
လိင်တွေကွဲပြားခြားနားလာခဲ့ကြတော့တယ်…
အာဒန်ကယောက်က်ျား(ပုလ္လိင်) ဖြစ်  ဧ၀က
မိန်းမ(ဣတ္တိလိင်) ဖြစ်သွားကြပါသတဲ့
အာဒန်နဲ့  ဧ၀တို့ ပေါင်းစည်းမှုကြောင့်
လူ့အနွှယ်ကြီး ပွားစည်လာခဲ့တာပေါ့လေ
လိုရင်းတိုရှင်းဆိုရရင် ဘုရားသခင် က
လူကိုဖန်ဆင်းလိုက်လေသတည်း ပါပဲ။
(၃)
၁၉ ရာစုရောက်တော မနုဿဗေဒပညာရှင်
အင်္ဂလန်သား ”ဒါဝင်” – က
“လူဟာမျောက်ကဆင်းသက်လာတာဖြစ်တယ်”….လို့
အကိုးအကားသက်သေပြချက်အစုံအလင်နဲ.
မနုဿဗေဒ သဘောတရားသစ်အမြင်ကို
ဖေါ်ထုတ်လိုက်တော့ ဥရောပတခွင်လုံး
ဝရုန်းသုံးကား အုတ်အော်သောင်းနင်း အိပ်မှုံစုံမွှား
အလန့်တကြား အိပ်ယာကနိုးထကြလာပြီး
(ဒါဝင်ကို ခါချဉ်ထင်တယ် …ဟေ့လို့) မပြောရုံတမယ်
ဒါဝင်ကိုနုတ်နုတ်စင်းပြီး အမှုန့်ကြိတ်ပစ်မယ်ဆိုတဲ့
စိတ်တွေနဲ့ ဒါဝင်ကို ကက်ကက်လန်အောင်ဆန့်ကျင်တိုက်ခိုက်ကြပါတော့တယ်။
အောက်စဖို့ဒ် တက္ကသိုလ်ကျောင်းတော်သားကြီး
သူပုန်ကဗျာဆရာရယ်လို့သတ်မှတ်ခံထားရတဲ့
ကဗျာဆရာ”ရှယ်လီ”နဲ့ သူ့ သူငယ်ချင်းတစ်ဦး
ပူးတွဲပြီး (ဘုရားမဲ့ဝါဒလိုအပ်ခြင်း) ဆိုတဲ့
စာတမ်းတစ်စောင်ထုတ်ဝေဖြန်ချိခဲ့တယ်။
အဲဒီစာအုပ်(စာတမ်း)ကို ထုတ်ဝေခဲ့မှုကြောင့်
ကဗျာဆရာ “ရှယ်လီ “ကို အောက်စဖို့ဒ် တက္ကသိုလ်ကျေုာင်းတိုက်က
ရာသက်ပန်ကျောင်းထုတ်ပစ်လိုက်ပါတော့တယ်။
(၄)
ကျေးပိုင်ကျွန်ပိုင်ခေတ်က
ကျွန်လွတ်မြောက်ရေးကိုဦးဆောင်ခဲ့တဲ့
“စပါးတားကပ်စ်”ဆိုတဲ့ ကျွန် တော်လှန်ရေးသမားအကြောင်း
“ရောမကိုအာခံသူ”ဆိုတဲ့ ၀တ္တုကိုရေးခဲ့သူ
အမေရိကန်စာရေးဆရာ “ဟောဝပ်ဖတ်စ်”တစ်ယောက်
၁၉၅၆ -ဟန်ဂေရီအရေးအခင်းပြီးတဲ့အခါ
ကွန်မြူနစ်ဝါဒနဲ့ လမ်းခွဲလိုက်တယ်….အဲဒီနောက်
(Naked God) ဆိုတဲ့ကွန်မြူနစ်ဆန့်ကျင်ရေး
စာအုပ်ရေးသားထုတ်ဝေလိုက်ပါတယ်။ ။
ဆရာဒဂုန်တာရာက (Naked Road) ကို
“၀တ်လစ်စလစ်လမ်းမ “လို့-ဘာသာပြန်ခဲ့
မြန်မာမှု ပြုခဲ့သလို စုတုပြုအစဉ်အလာနဲ့
မြန်မာမှု ပြုရရင်တော့ဖြင့်
“၀တ်လစ်စလစ် ဘုရားသခင်” လို့ပဲ ဘာသာပြန်ရမှာပလေ…
အင်း-အဲ- သလိုလည်းမသင့်တော်သေးဘူး။
မာယာကော့စကီးရဲ့ (Cloud and Pant ) (Cloud and trousers) ကို
မောင်သာနိုးကဘောင်းဘီဝတ်မိုးတိမ် လို့ဘာသာပြန်ခဲ့တာ
ကိုတုပြီး (Naked God) ကို
“ဘောင်းဘီမ၀တ်တဲ့ ဘုရားသခင်”လို့ပဲ
အရမ်းအရမ်း ဘာသာပြန်လိုက်တော့မယ်။
(၅)
ဘုရားသခင် “ကြွေအံမကစားဘူး “ လို့
အိန်စတိန်းပြောတာကို မောင်ချောနွယ် ကမယုံလို့
ဘုရားသခင်နဲ့ ကြွေအန်ကစားဖြစ်အောင်ကစားမယ်ဆိုပြီး
မောင်ချောနွယ် ကောင်းကင်ဘုံကို လိုက်သွားတာ
၂၀၀၃ ခုနှစ်ကတည်းက ခုဆိုရင်၂၀၁၀ ကုန်လို့ ၂၀၁၁ ရောက်ပြီ
မောင်ချောနွယ်ဘုရားသခင်နဲ့ တွေ့သလား မတွေ့ဘူးလား
ဘုရားသခင်နဲ့ ကြွေအံကစားဖြစ်သလား မကစားဖြစ်ဘူးလား ဆိုတာ
ခုထက်ထိ ဘာသတင်းအစအနမှ မသိရသေးပါဘူး။
“ဘုရားသခင်က ကမ်းစပ်နားမှာ
သန်းခေါင်မတိုင်မီကလေးမှာ
လက်ပတ်နာရီရှာဖွေနေတယ်လို့”
အိပ်မက်နဲ့  အမှန်ဘ၀ကိုရောသမမွှေနည်းနဲ့
ရောစပ်ပြီး အမှန်လွန်ဝါဒတည်ထောင်ခဲ့ကြတဲ့
ဘရက်တန်ကပြောတာ ကြားဖူးပါတယ်။
(၆)
ဘုရားသခင်..ဘုရားသခင် နဲ့ သခင်ထဲခင်ပြီး
လေကို ပိုက်ဆံပေးမ၀ယ်ရ အလကားရသလိုမျိုး
ဘုရားသခင်ဆိုတဲ့နာမ်ပုဒ်ကို ဖေါဖေါသီသီ
ဘုံဘောလအော လူကြားသူကြားမရှောင်
ပါးစပ်ကမချတမ်းပြောတတ်တဲ့ စာပေလောကထဲက
စာသမားပေသမားတစ်ယောက်ရှိတယ်
စာပေလောကတစ်ခုလုံးကိုလည်း သိနှံ့စပ် အကျွမ်းတ၀င်ရှိတယ်
သူ့ကိုလဲ စာသမားပေသမားတိုင်းကကသိကြသလို သူကလဲ
စာသမားပေသမားတိုင်းကိုသိတယ် အထူးသဖြင့်ကဗျာဆရာတွေကို
သူကချစ်ခင်သလို ကဗျာဆရာတွေကလည်းသူ့ကိုချစ်ခင်ကြတယ်
ရန်ကုန်မြောက်ပိုင်းခရိုင်အင်းစိန်မှာနေတယ်
အရင်ကတော့ ကန်တော်လေးသားပေါ့ -
စစ်တင်လို့ ခေါ်တယ်- ကျနော်က မောင်စစ်တင်လို့ပဲခေါ်ပါတယ်
တစ်နေ့သား သူနဲ့ဆုံကြတော့-သူခမျာ ရေးကြီးသုတ်ပြာနဲ့
မင်းမှာကလဲ အမောတကောနဲ့ ဘယ်များဒိုးမလဲကွလို့
မောင်စစ်တင်ကိုကျနော်ကမေးလိုက်တော့
ဘုရားသခင်ဆီသွားပြီး ရေသွားခတ်မလိုတဲ့
အရေးထဲ မင်းကလဲနောက်နေပြန်ပါပြီ ဘယ်ဘုရားသခင်ဆီသွားမှာလဲ
ဘယ်သူဟုတ်ရမှာတုန်း အန်ကယ်ကြီးလဲသိမှာပါ (သူက ကျနော့်ကို အန်ကယ်ကြီးလို့ခေါ်ပါတယ်)
ကျနော့်ကိုအစစအရာရာကူညီစောင့်ရှောက်တဲ့ ကဗျာဆရာတွေကိုလည်း ချစ်ခင်တတ်တဲ့
ဇေယျာလင်းကိုပြောတာပါတဲ့ …
အော်… လက်စသတ်တော့… ဘုရားသခင်က ဟိုအဝေးကြီးမှာမှ
မဟုတ်ပါကလား… ကျွန်တော်တို့ အနီးအနားလက်တစ်ကမ်းမှာ
ရှိနေတယ်ဆိုတာသိရတော့တယ်…
ဘုရားသခင်ဟာ ဇေယျာလင်း… ဇေယျာလင်းဟာ ဘုရားသခင်
မောင်စစ်တင်ရှင်းမှပဲ ကျွန်တော်လည်း အလင်းရပါတော့တယ်
မောင်ချောနွယ်အတုရှိသလို… ဇေယျာလင်းတစ်ယောက်လည်း
သူ့ခမြာ နှစ်ဆယ့်တစ်ရာစု ဆယ်စုနှစ်ထဲမှာ နေရင်းထိုင်ရင်း ကဗျာရေးရင်း
စားရင်း သောက်ရင်းစားရင်းက `ဘုရားသခင်အတုဖြစ်မှန်းမသိ
ဖြစ်သွားရရှာသကို´
စစ်တင်ကောင်းမှု နတ်လူသာဓုခေါ်စေသောဝ်။
(၇)
ဘုရားသခင်သေပြီလို့
နစ်ရှေးပြောခဲ့တာကြာပြီ။

မောင်သင်းခိုင်

(http://www.maukkha.org/index.php?option=com_content&view=article&id=1312:2011-02-01-00-19-58&catid=poem&Itemid=272) မှကူးယူဖော်ပြပါသည်။ (ဘ၀ဇတ်ခုံ)

0 အကြံပြုစာ: