Wednesday, January 26, 2011 By: ဘ၀ဇာတ်ခုံ

စိတ်ရင်းကောင်း



မြင်ခြင်း၌ စွမ်းသော
မျက်စိသည်
အနီးဆုံးဖြစ်သော
မျက်ချေးကို မမြင်သလို
သိခြင်း၌စွမ်းသော
စိတ်သည်
အနီးဆုံးဖြစ်သော
နီဝရဏများကို မမြင်ချေ။

နီဝရဏ ဟူသည်
ပိတ်ပင်တားဆီးတတ်သော
စိတ်၏ အညစ်အကြေးများတည်း။
ထိုနီဝရဏတို့သည်
တပ်မက်ခြင်းလည်း တစ်ပါး။
စိတ်ပျံ့လွင့်ခြင်းလည်း တစ်ပါး။
မသိခြင်းလည်း တစ်ပါး။
ယုံမှားခြင်းလည်း တစ်ပါး။

ရေသည် ပကတိအားဖြင့်
ကြည်လင်အေးမြခြင်းရှိ၏။
ထို့အတူ
စိတ်သည် ပကတိအားဖြင့်
ကြည်လင်အေးမြခြင်းရှိ၏။
ရွှံ့ ညွန် အမှိုက်တို့သည်
ကြည်လင်သောရေကို
ပိတ်ပင်နောက်ကျူစေတတ်၏။
ထို့အတူ
နီဝရဏတို့သည်
ကြည်လင်သောစိတ်ကို
ပိတ်ပင်နောက်ကျူစေတတ်၏။


မီးကြောင့်ရေသည်
ပူလောင်ဆူပွက်ရ၏။
ထို့အတူ
ဒေါသကြောင့်စိတ်သည်
ပူလောင်ဆူပွက်ရ၏။

သူ့အလိုလိုအားဖြင့်
ရေသည် အမြင့်မှ အနိမ့်သို့
စီးဆင်းသွားသကဲ့သို့
သူ့အလိုလိုအားဖြင့်
စိတ်သည် အမြတ်မှ အယုတ်သို့
စီးဆင်းသွားတတ်ကြောင်းကို
ရှင်တော်မြတ်စွာ ဟောကြားပါသည်။

ရေမှာကျက်စားသောငါးကို
ရေမှထုတ်ယူ၍
ကုန်းပေါ်သို့ပစ်တင်လျှင်
ဆွေ့ဆွေ့ခုန်တုန်လှုပ်သကဲ့သို့
ကာမဂုဏ် အာရုံ၌ ကျက်စားသောစိတ်ကို
ကိလေသာမာရ်နယ်မှ ထုတ်ယူ၍
ကမဌာန်း ဘာဝနာပေါ်သို့ပစ်တင်လျှင်
ဆွေ့ဆွေ့ခုန်၍ တုန်လှုပ်၏။

မျက်စိဖြင့်မမြင်နိုင်သော
ထိုစိတ်ကို
ဥာဏီဖြင့် ရှု့သောသူသည်
ကောင်းစွာဖြင်ရ၏။
မြင်ပုံကားစိတ်သည်
တုန်လှုပ်နေ၏။
အာရုံတစ်ခု၌ အမြဲမတည်
ပြေးလွှားနေ၏။
လျှပ်ပေါ်နေ၏။
လျှင်မြန်ပေါ့ပါးနေ၏။
အဝေးအာရုံသို့လည်း
ရောက်သွားတတ်၏။
တည်တံ့ခြင်း အလျှင်းမရှိ
ပူပန်တတ်၏။
ကြောင့်ကြတတ်၏။
တောင့်တတတ်၏။
လိုချင်တတ်၏။
ဝမ်းသာတတ်၏။
ဝမ်းနည်းတတ်၏။
ချစ်တတ်၏။
မုန်းတတ်၏။
ငြူစူတတ်၏။
ဝန်တိုတတ်၏။
လွမ်းဆွေးတတ်၏။
မော်ကြွားတတ်၏။
ရှုတ်ချတတ်၏။
ခက်ထန်တတ်၏။
အထင်ကြီးတတ်၏။
အထင်သေးတတ်၏။
နောင်တရတတ်၏။
ထိုင်းမှိုင်းတတ်၏။
ပျင်းရိတတ်၏။
ယုံမှားတတ်၏။
ယုံကြည်တတ်၏။
အောက်မေ့တတ်၏။
ရျက်တတ်၏။
ကြောက်တတ်၏။
ငြီးငွေ့တတ်၏။
သိမ်မွေ့တတ်၏။
သိမြင်တတ်၏။
သနားတတ်၏။
အားရရွှင်လန်းတတ်၏။
နှစ်သက်တတ်၏။
ဥပေက္ခာလည်းရှု့တတ်လေသည်။

ဆင်းရိုင်းနှင့်တူသည်ဆိုသော
ထိုစိတ်ကို သူတော်ကောင်းတို့သည် ပညာချွန်းဖြင့် ထိန်းအုပ် ပြုပြင်ရာ၏။
ယဉ်ကျေးသိမ်မွေ့အောင်
ဆုံးမပြုပြင်ရာ၏။
စောင့်ထိန်း နှိပ်ကွပ်ရာ၏။
လုံခြုံအောင် သိမ်းဆည်းရာ၏။
တောက်ပြောင်အောင်
ကြေးချွတ် ပွတ်တိုက်ရာ၏။
ငြိမ်သက်ပိပြားအောင်
ဖိနှိပ် အုပ်စိုးရာ၏။

မဖြစ်သေးသော
အကုသိုလ် မဖြစ်အောင်
ဖြစ်ပြီးသော
အကုသိုလ် ပပျောက်ရအောင်
မဖြစ်သေးသော
ကုသိုလ် ဖြစ်အောင်
ဖြစ်ပြီးသော ကုသိုလ်
ပွားများခိုင်ခံ့အောင်
အားထုတ်သောသူသည်
ဦးစွာစိတ်ကို
အစိုးရအောင် အားထုတ်၏။

အစိုးရပြီးသောစိတ်သည်
ကြည်လင်၏။ ယုံမှားမရှိ။
ကြိုးစားအားထုတ်ခြင်းရှိ၏။
မေ့လျော့ပေါ့ဆခြင်းကင်း၏။
တည်ကြည်ခိုင်ခံ့၏။
အရိယသစ္စာ ကိုလည်းမြင်၏။

ကောင်းစွာ ဆုံးမပြီးသော
ကောင်းစွာ လေ့ကျင့်ပြီးသော
ကောင်းစွာပွတ်တိုက်ပြီးသော
ကောင်းစွာ ထူထောင်ပြီးသော
ကောင်းစွာထိန်းသိမ်းပြီးသော
ထိုထို စိတ်ရင်ကောင်းရှိသော
အကြင်သူတော်ကောင်းသည်
အရိယသစ္စာနှင့်တကွ ဗောဇ္ဈင်္ဂသိမြင်နိုင်သော
အကြောင်း အဂါင်္တို့ဖြင့်လည်း ပြည့်စုံ၏။

ဗောဓိ အင်္ဂါဟူသော
ဗောဇ္ဈင်္ဂတရားသည်
ခုနှစ်ပါး အပြားရှိ၏။
ထိုခုနှစ်ပါးဟူသော်ကား
(၁)သတိ သမ္ဗောဇ္ဈင်လည်းတစ်ပါး
(၂)ဓမ္မဝိစယ(ပညာ)သမ္ဗောဇ္ဈင်
လည်းတစ်ပါး
(၃) ဝီရိယ သမ္ဗောဇ္ဈင်လည်းတစ်ပါး
(၄) ပီတိသမ္ဗောဇ္ဈင်လည်းတစ်ပါး
(၅) ပဿဒ္ဓိ သမ္ဗောဇ္ဈင်လည်းတစ်ပါး
(၆) သမာဓိသမ္ဗောဇ္ဈင်လည်းတစ်ပါး
(၇) ဥပေက္ခာ သမ္ဗောဇ္ဈင်လည်းတစ်ပါးတည်း။

သတိ ရှိသောစိတ်သည်
မေ့လျော့ခြင်းကင်း၏။
ဓမ္မဝိစယ(ပညာ) ရှိသောစိတ်သည်
အနိစ္စ ဒုက္ခ အနတ္တ ကိုသိ၏။
ဝီရိယ ရှိသောစိတ်သည်
တက်ကြွရှင်သန်ခြင်းရှိ၏။
ပီတိ ရှိသောစိတ်သည်
နှစ်သကါခြင်းနှင့် ပြည့်စုံ၏။
ပဿဒ္ဓိ ရှိသောစိတ်သည်
ငြိမ်းအေးခြင်းရှိ၏။
သမာဓိ ရှိသောစိတ်သည်
ငြိမ်သက်တည်ကြည်ခြင်းရှိ၏။
ဥပေက္ခာ ရှိသောစိတ်သည်
သင့်လျော်စွာရှု့မြင် သုံးသပ်ခြင်းရှိ၏။

ဤလောက၌
စိတ်ရင်းကောင်းကိုမွေးမြူသူအား
ပညာရှိသူတော်ကောင်းဟုခေါ်ကြကုန်၏။

(http://www.facebook.com/home.php?sk=group_180278142002789&view=doc&id=183473338349936) မှပြန်လည်ဖော်ပြသည်။ (ဘ၀ဇတ်ခုံ)

0 အကြံပြုစာ: