ကိုယ့်တွက်ကိုယ်တာ ကျင့်ကြံပါလို့ဆိုတယ်။ ကိုယ့်အတွက်သာကျင့်ဆိုတော့ တကိုယ်ကောင်းဆန်နေသလို။ လမ်းစဉ်ကတော့ လောကကောင်းကျိုးလုပ်ရမယ်။ ကိုယ့်အမျိုး ကိုယ့်ဘာသာအကျိုးလည်း လုပ်ရမယ်။ ကိုယ့်အတွက်လည်း လုပ်ရမယ်တဲ့။ ဒါက မလုပ်မဖြစ်လုပ်ရမယ် ဘ၀ပေးတာဝန်ဆိုပါတော့။ ကိုယ်လေးစား အားထားရတဲ့ပိုဂ္ဂိုလ်ကြီးကတော့ လောကဟိတကို ရှေ့တန်းတင်ထားရမယ်ဆိုတယ်။ ဘာကြောင့်လဲ။ လောကမှာ လိုအပ်ချက်တွေများနေတယ်။ စီးပွားရေးတွေ လိုနေတယ်။ လူမှုရေးပိုင်းကလဲ လိုနေတယ်။ ပညာရေးကော လိုနေတယ်။
ပြည့်စုံတယ်လို့ မရှိဘူး။ တလောကလုံးလိုနေတယ်။ အဆိုးဆုံးက စိတ်ပိုင်းဆိုင်ရာ လိုနေမှုပါ။ စီးပွားရေးတွေလဲ ဘယ်လောက်ပြည့်ပြည့်စုံ စိတ်မှာ လုံခြုံမှုမရကြဘူး။ အပူတွေ ကြောင့်ကြတွေ သောကတွေနဲ့ ပေါင်းသင်းနေကြရတယ်။
ကိုယ့်ကျင့် တရားပိုင်းကလဲ မွဲလာကြတယ်။ ဆင်းရဲသား/သူတို့အတွက် ကိုယ့်ကျင့်တရားဟာ အရင်းအနှီးပါ။ ဘ၀လွတ်မြောက်ဖို့ဆိုတာထက် လောလောဆယ် လက်ရှိဘ၀မှာ ပညာတတ်ပြီး စိတ်ထားကောင်း အကျင့်ကောင်းလေးတွေ ရလာအောင်လုပ်ပေးရမယ်။ ဒါက ဦးစားပေး ပထမပါ။ ကိုယ့်ကျင့်တရားဝတ်စုံကို နေ့စဉ်ဘ၀မှာ ၀တ်စေချင်တယ်။ ကိုယ့်ကျင့်တရားဟာ ဘ၀အလှသရဖူပါ။ အရွယ်သုံးပါး မရွေး လှပတဲ့အရာပါ။
ပညာရယ် ကိုယ့်ကျင့်တရားရယ် ဒိနှစ်ခုဟာဘ၀မှာ အမြတ်ဆုံး ဥစ္စာတွေပါ။ ဒိနှစ်ခုကို လျှော့လို့မဖြစ်ဘူး။ တိုးပွားအောင်နဲ့ တောင်ပြောင်အောင်ပဲ လုပ်သင့်တယ်။ လက်တစ်ဖက်မှာ ညစ်ကြေးပေနေရင် ကျန်တဖက်နဲ့ ကူလို့ဆေးပေးရသလိုမျိုးပါ။ ပညာနဲ့ကိုယ်ကျင့်တရားဟာ မျက်လုံးနဲ့ ခြေထောက်လိုပါပဲ။ ဘ၀ရဲ့ ပန်တိုင်ကို အသိအကျင့် ၀ိဇ္ဇာနဲ့စရဏ၊ ပညာနဲ့သီလကသာ ရောင်အောင်ပို့ပေးနိုင်တာပါ။ တကယ် အရေးကြီးတာကို သိပါ။
ဒိနှစ်ခုပြည့်စုံရင် လောကအကျိုးလည်း လုပ်နိုင်တယ်။ ဆွေမျိုးအကျိုးလည်း လုပ်နိုင်တယ်။ ကိုယ့်အကျိုးအတွက်လည်း လုပ်နိုင်တယ်။ ကိုယ့်ကိုယ်ပိုင်လုပ်ငန်းမှာတောင် ဘယ်လိုလူမျိုးကို လိုချင်လဲ မေးရင် အဖြေကရှင်းမှာပါ။ အခုလဲ သူနေရာနဲ့သူ ကြိုးစားနေကြတာပါ။ နေရာရဖို့၊ နေရခိုက်မှာ အလုပ်တွေလုပ်နိုင်ဖို့၊ အနည်းဆုံးတော့ ကိုယ့်ဘ၀မပင်ပန်းစေချင် အဆင်ပြေစေချင်တဲ့ စိတ်ရင်းလေးတွေနဲ့ ကြိုးစားလုပ်ကိုင်နေကြတာလေ။ မလုပ်လို့လဲ မဖြစ်ဘူး။ ဘ၀ကလိုအပ်ချက်တွေများတယ်မို့လား။
နေ့ဆိုတာတောင် တစ်ရက်တည်းနဲ့ မပြီးဘူးနော်။ မနက်ဖြန်တွေရှိနေသေးတယ်။ ဘ၀ဆိုတာလည်း တစ်ဘ၀တည်းနဲ့ မပြီးသေးဘူး။ ဒါလဲ မေ့မနေနဲ့ဗျာ။ ညဏ်ကစားကြည့်ရင် သိလာမှာပါ။ ကိုယ့်ဘ၀ အောင်မြင်အောင်လဲ လုပ်လိုက်စမ်းပါ။ ဆွေးမျိုးတွေကိုလဲ ကူညီပါ။ အများအကျိုးကိုလဲ နိုင်သလောက် ကျင့်လိုက်ပါ။ စီးပွားရေးက အခုစီးပွား နောက်ဘ၀အတွက် စီးပွားဆိုတော့ ကြိုးစားရမှာပါ။ နှစ်ခုစလုံး ရအောင်စုဆောင်းရမယ်ပေါ့။
အခုတော့ ကိုယ့်ဘ၀အကြောင်းလေးတွေကို စဉ်းစားကြရအောင်။ နေ့စဉ်သူများအကြောင်းတွေချည်း စဉ်းနေရလို့ မေ့နေမှာ စိုးရတယ်။ ဘ၀ဒဿန အမှန်တွေကို ကဗျာလေးနဲ့ ၀ိဇ္ဖောဒယဆရာတော် က အခုလိုတင်ပြခဲ့တယ်လေ။

ဆိုပိမ့်ဟုတ်ရာ၊ စဉ်းစားပါလော့၊ ခန္ဓာဘာရ၊ ပဉ္စကကား၊ ယုယခင်မင်၊ စိန်ရွှေဆင်၍၊ ပြုပြင်ပိုက်ထွေး၊ နင်ကျွေးမွေးလည်း၊ အရေးမရောက်၊ သဲရေမှောက်သို့၊ နင့်နောက်မပါ၊ နင်လိုရာကို၊ ဘယ်ခါမလိုက်၊ နင့်အကြိုက်နဲ့၊ တိုက်ရိုက်ဖိလာ၊ ဆန့်ကျင်ပါခဲ့။
ရုပ်ဝါနုနယ်၊ ရူစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစရင်း၊ သူကသွင်း၏၊ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကိုမညှာ။ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏၊
နင်နဲ့တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊ ချစ်စွာမယား၊ သမီးသားနှင့်၊ စီးပွားဥစ္စာ၊ ညတကာကို၊ ဘယ်ခါမကွဲ၊ အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊ နင့်ကိုမထောက်၊ နင့်နောက်မလိုက်၊ အပူတိုက်၍၊ နင်ဟိုက်နေခွေ၊ နင့်ကိုသေအောင်၊ ကျားမြွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏။
လ ရက် နှစ်တွေ၊ အသေင်္ချနှင့်၊ လွန်လေဘ၀၊ အနန္တက၊ ဆုံးစမပိုင်၊ ယခုတိုင်အောင်၊ နိုင်နိုင်နင်းနင်း၊ ညဏ်မသွင်း၍၊ သေမင်းသူလျှို၊ ခန္ဓာကိုယ်ကို၊ မငြိုငြင်ရက်၊ စွဲလမ်းချက်ဖြင့်၊ မြိုင်နက်စွန်ဖျား၊ တောသစ် ကျားကို၊ မယ်ဘွားမိခင်၊ နွားငယ်ထင်သို့၊ အမြင်မဖြောင့်၊ ၀ိပလ်မှောင့်၍၊ တကြောင့်ကြကြ၊ ပြုခဲ့လှပြီ၊ ဘုရားသာသနာ။ ခုအခါ၌၊ ပညာစက္ခု၊ ဖန်ဖန်ရူလော့။ ။
ဥတု ဂိန်မာန်၊ အချိန်တန်သော်၊ သူရကန်ဝှေ့၊ အပူငွေ့ကြောင့်၊ ရေသွေ့ခန်းငြား၊ အိုင်ပက္ကားဝယ်၊ ကျက်စားနေကြ၊ ငါးမစ္ဆတို့၊ ရေကလည်းနဲ့၊ သိမ်းစွန်ဝဲ၍၊ ပျော်ပွဲမည်မျှ၊ ရှာမရပဲ၊ သေကြဖို့သာ၊ နီးကပ်လာသို့။
သူငါကစ၊ ရှိသမျှလည်း၊ နေ့ညဥ့်မလပ်၊ အစဉ်စပ်လျှက်၊ ဥပါဒ် ဌီ ဘင်၊ မပြတ်နှင်လျှက်၊ ပျော်ရွှင်စရာ၊ မရှိပါဘဲ၊ ဖျားနာကိုက်ခဲ၊ ရောဂါစွဲ၍၊ သေပွဲ သေတမ်း၊ သေစခန်းနှင့်၊ သေလမ်းသို့သာ၊ နီးကပ်လာ၏။
ငါ ငါ တက်ကြွ၊ မာန်မာနနှင့်၊ လောဘ ဒေါသာ၊ အစဖြာသား၊ ယုတ်မာလှစွာ၊ အဓမ္မာကို၊ ဝေးကမလာ၊ ကင်းရှင်းကွာအောင်၊ ခါခါမပွား၊ အပျင်းများမူ၊ လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချက်လော့။
လူရပ် နတ်ရွာ၊ ထက်ဗြဟ္မာနှင့်၊ မဟာသုခ၊ နိဗ္ဗာနသို့၊ ရှစ်ဝမဂ္ဂင်၊ သင်္ဘောယာဉ်ဖြင့်၊ ဆောလျင်ကပ်ခို၊ ရောက်ရလိုမူ၊ ထိုထိုပုည၊ ကုသလကို၊ နေ့ညမစဲ၊ လုံ့လသဲလော့။
ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊ ယခုတွေ့ပြီ၊ မေ့မေ့မူးမူး၊ နင်မရူးနဲ့၊ ဆီဦးထောပတ်၊ ရသာဓာတ်ကို၊ အမြတ်တစ်ခု၊ မှတ်မရူပဲ၊ ရွာသူ့ဝက်မိုက်၊ မစင်ကြိုက်သို့၊ အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါးအာရုံ၊ မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့်၊
ထက်မြက်အဖျား၊ သင်တုန်းသွားဝယ်၊ ပျားသဖွယ်ဟု၊ ညဏ်ကျယ်သလောက်၊ အပြစ်ကောက်၍၊ တောင် ချောင် မြိုင်ကြား၊ သမင်းများကို၊ သစ်ကျားပုန်းအောင်း၊ အရချောင်းသို့၊ တောင်ခေါင်း ရိပ်မြှောင်၊ သင်္ခမ်းချောင်ဝယ်၊ တိမ်းရှောင်တစ်ကိုယ်၊ တော တောဆို၍၊ မဂ် ဖိုလ် မနှောင်း၊ အရချောင်းမှ၊ အပေါင်းဒုက္ခ၊ ကင်းလွတ်ရဟု၊ ဗုဒ္ဓရွှေနှုတ်၊ ကြာကမုခ်မှ၊ လှစ်ထုတ်မြွက်ကြား၊ မိန့်တော်ထားသည်၊ နင်ကားနင့်တွက်၊ ကျင့်တော့တည်း။ ။ ။

ဘ၀မှာ အရှိတရားကိုမမေ့စေချင်တာပါ။ အခုလိုဖတ်လိုက်ရတာကိုက နက်နဲတဲ့အသိညဏ်ဖြစ်ပေါ်စေဖို့ လမ်းစပါ။ အထောက်အကူတွေပါ။ အကျိုးမယုတ်စေရပါဘူး။ တန်ဘိုးတက်တဲ့နေ့ သိလာမှာပါ။ သဘော ကျရင် ဖတ်နေရတာကိုက အရသာတစ်ခုဖြစ်နိုင်တယ်။
စိတ်မှာလဲ ဓမ္မရတိရသ ပြည့်ပြည့်၀၀ ပေးနိုင်ပါတယ်။ ရပါတယ်။ ကိုယ့်အကြောင်းကိုသိသူတွေဆိုတော့ ဒိလိုရေးတတ်ကြာတာကိုး။ ငါတို့ကတော့ ကိုယ့်အကြောင်းကိုယ်သိဖို့ ရေးတတ်ဖို့ နောက်ကအမြဲလိုက်နေရ အုန်းမှာလား-------------------------လို့စဉ်းစားနေမိတာပါ။
0 အကြံပြုစာ:
Post a Comment