Sunday, October 31, 2010 By: ဘ၀ဇာတ်ခုံ

ကဗျာစာအုပ် !

ကဗျာအကြောင်းပြောရင် နားစွင့်မိတယ်။ ကဗျာစာအုပ်တွေ့ရင် ဖတ်ချင်တယ်။ စာပေးရင်တောင်း ကဗျာလေးနဲ့ဆို ပိုထိရောက်တယ်။ ကဗျာက လူတွေရဲ့စိတ်ကို ပြောင်းလဲစေတယ်။ အနန္တသူရိယ အမတ်ကြီးရဲ့မျက်ဖြေလင်္ကာတွေကြည့်ပေါ့။ ကောင်းလိုက်တာ။ လူတွေရဲ့စိတ်ဓာတ်အိပ်မောကျနေတာကို နိုးစက်ချပေးသလို  ဖြစ်စေတာလဲ ကဗျာတွေပါတယ်နော်။

ငယ်ကဆိုခဲ့တဲ့ တိုဗမာ သီချင်းတွေကလဲ ကဗျာဆန်ဆန်။ မျိုးချစ်စိတ်ကို တက်ကြွစေတယ်။ ရှင်သန်စေတယ်။ အမျိုးမှန်ရင် အဖိုးတန်တဲ့ ပြည်တန်ပတ္တမြားလို သီးချင်းဆိုပြီးတိုင်း ရင်ထဲစွဲခဲ့တာပါ။ ခေမာ မိဘုရားကျောင်းတော်သွားအောင်လဲ ကဗျာတွေ ဓမ္မတေးတွေက အောင်သွယ်တော်လုပ်ပေးခဲ့တယ်မို့လား။

အကျိုးဆက်က သူလှချင်တဲ့ဘ၀အလှ ခန္ဓာအလှကို အစစ်အမှန်ရသွားခဲ့တာပါ။ မြတ်ဗုဒ္ဓက သူမကို အလှအပ အတုတွေမှာ မနစ်မြောစေချင်ဘူး။ ဘ၀ဆိုတာက အလှပြင်ဖို့ပဲ မဟုတ်လား။ ခေမာရသွားခဲ့တာကတော့ တကယ့်ဘ၀အလှ။ မပျက်စီးတဲ့ဘ၀အလှ။ အစဉ်ထာဝရအလှ။ ကဗျာကဘ၀ကို မြင့်တင်ပေးသွားတာလေ။ အခုလဲ ကဗျာကြိုက်သူများအတွက် ကဗျာစားအုပ်တစ်အုပ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ တွေ့ရင်ဖတ်ဖြစ်အောင် ဖတ်လိုက်ကြပါ။

ရသတွေစုံအောင် ပေးပါလိမ့်မယ်ဗျာ။ အသင်္ခယာရှင်ထွေးရေးတဲ့ ယသော်ဓရာ၏ ညများဆိုတဲ့ ကဗျာစာ အုပ်ပါ။ ဖတ်သင့်တယ်။ ကာမရတိ၊ ဓမ္မရတိ စသည်စည် စုံအောင်ပေးနိုင်လွန်းလို့ပါ။ အခုတော့ နဲနဲလေးအထဲက ကိုယ်ကြိုက်တာလေး တစ်ပိုဒ်လောက် တင်ပေးလိုက်ပါတယ်။
မင်းသားထွက်သွားပြီးနောက်ပိုင်း ခြောက်နှစ်ကျော်ကြာပြန်ဆုံးတဲ့အခါ တွေ့တွေ့ချင်းယသောဓရာ လွမ်းပုံ က---------
မနက်ခင်း များစွာ
ညနေခင်းများစွာ
သန်းခေါင်ယံများစွာ
အခါခါ ရော်ယမ်း
ရင်ထဲက နှင်းဆီပန်းတွေ
တစ်ပွင့်ချင်း တစ်လွှာချင်း
တစ်ဖတ်ချင်း ကြွေကျ
အရှင့် ခြေဖျားမှာ ခခဲ့ရပြီ။

ရင်တစ်ခုလုံး ဗြောင်းဆန်
ဘယ်ညာပြန် လှိမ့်လူး
အရှင့်ရဲ့ ခြေတော်ဦး
နှင်းခမျက်တောင် စိုလူး
နဖူးတိုက်လို့ ဦးခိုက်မိပြီ။

အရှင် သိပါ
အရှင် နားလည်ပေးပါ
ကျွန်မအရှင် သည်းခံတော်မူပါ
ဘ၀ါဘ၀ အဆက်ဆက်က
အာသ၀ မိုးစက်များ
ခမ်းခြောက်သွားမှာ စိုးထိတ်
ခန်းခြောက်သွားမှာ နှမြော
ပြောစရာများ ဖြစ်ခဲ့ပြီလား အရှင်။

အရေးအသားကတော့ လက်ဖြားခါရလောက်အောင် ယသော်ဓရာရင်တွင်း ၀င်ကာရေးနေသလို ခံစားမိတယ်။ ဟုတ်မှာပါ၊ ယသော်ဓရာလဲ ဒိထက်မက ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘ၀ါဘ၀က ပါရမီဖြည့်ပေးလာကြတာကိုး။ တစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊ တစ်ဘ၀မဟုတ်ဘူးလေ။ ကလေးလေးကို ပြောပြသလိုမျိုး အများကြီးပါ။ အများကြီး။
 
တကယ့်ရွှေနန်းတော်စည်းစိမ် သူမလို့စွန့်ခွါသွားနိုင်ခဲ့တယ်။ လောကလူသား တန်ဘိုးထားတဲ့အရာကိုမှ သူကလေ---------။ ဒါတွေဒါတွေရှိစေတော့ ငါလိုယသော် ရွှေစိတ်တော်ညှိုးရလေအောင် သူမလို့လုပ်ရက်နိုင်တယ်။ သူတွေးလေးနဲ့သူ။ ပူခဲ့တာပါ။ ဆူခဲ့တာပါ။ မူးခဲ့တာပါ။ နောက်တော့လဲ ဘ၀ဆိုတာကို ဓမ္မကဗျာ၊ ဓမ္မရတိရသတွေနဲ့ သူတို့ အစားထိုးနိုင်ခဲ့ကြတယ်ဗျာ

0 အကြံပြုစာ: