Tuesday, October 26, 2010 By: ဘ၀ဇာတ်ခုံ

အနိုင်မခံ!

ဘ၀တစ်ခုတော့ ရနေတယ်။ ကံကောင်းတာက လူဖြစ်နေခြင်းပါ။ လူမှန်ရင် မျှော်လင့်ချက် ရည်မှန်းချက် ရှိရမယ်။ ကိုယ်ရည်မှန်းတာကို ရောက်ဖို့ လမ်းစဉ်လဲ ရှိရမယ်။ ပန်းတိုင်နဲ့ လမ်းစဉ်ဟာ ညီမျှနေရမယ်။ goal and guide တွဲထားသင့်တာပါ။ လမ်းစဉ်သာ ရှိပြီး ပန်းတိုင်မရှိရင်လဲ ပယ်လယ်မှာ မျောနေတဲ့ လှေလေးပါ။ ပန်းတိုင်ရှိပေမဲ့ လမ်းစဉ်မရှိတော့လဲ ထိုင်နေရင်း စိတ်ကူးနေသလို ဖြစ်နေမှာပါ။ လှေမလှော် မစီးပဲဟိုဖက်ကမ်း ရောက်ချင်သလို ဖြစ်နေမှာပါ။

ဘ၀က ကောင်းတာရော မကောင်းတာရော တွဲစပ်ထားလေးတော့ အကောင်းချည်းပဲ မျော်လင့်လို့မရဘူး။ အဆိုးချည်းပဲလဲ မျော်လင့်လို့မရဘူး။ ကောင်းတာလဲ တွေ့ရမယ်။ ဖြတ်သန်းရမယ်။ ဒါလဲ ကောကဓံပါ။ ကောင်းတာကို တွေ့ရင်လဲ ခံနိုင်ရည်ရှိဖို့လိုတယ်။ ဆိုးတာတွေလဲ တွေ့ရမယ်။ ဖြတ်သန်းရမယ်။ မကြုံချင်လို့မရဘူး။ ဒါလဲ လောကဓံပဲ။ ဒါကိုလဲ စိတ်ရှည်သည်းခံဖို့လိုတယ်။ ကောင်းကောင်းဆိုးဆိုး စိတ်မခိုင်ရင်တော့ ကျရူံးတတ်တယ်။

နောက်ဆုံး စိတ်ဓာတ်ခိုင်မာလို့ အသိညဏ်နဲ့ ကြိုးကြိုးစားစား ရှေ့ဆက်သွားသူသာ အောင်မြင်တာပါ။ ထူးချွန်တာပါ။ ကိုယ်ပိုင်တဲ့ အချိန်တိုင်းမှာ အပြောလေးတွေ အလုပ်လေးတွေ အတွေးလေးတွေ၊ အသိညဏ်တွေ၊ နောက် self-effort လုံ့လအင်အားတွေကို ကောင်းတဲ့ဖက်မှာ ကြိုးစားလို့ invest လုပ်ပါ။  ရင်းနှီးလိုက်ပါ။ အကျိုးလုံးဝမယုတ်စေရပါဘူး။

တကယ်တမ်းမှာတော့ အကျိုးရှိတာသိပေမဲ့ မကောင်းတဲ့ဖက်မှာ အသုံးချတာများတယ်လေ။ ဒါပေမဲ့ အကျိုးတရားက တူမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲ၊ စွမ်းအားချင်းမတူလို့ပါ။ ကောင်းသော energy ဟာဘ၀ကိုမြင့်တင်ပေးတယ်။ ချမ်းသာ သုခကိုဆောင်ပေးတယ်။ စိတ်ဓာတ်တော့ ဘယ်အခြေအနေမှာပဲ ရှိရှိ လုံးဝမကျပါနဲ့။ လဲရင်ထလိုက်ပါ။ ကျနေရင် ကောက်ကိုင်လိုက်ပါ။ ပျက်နေရင် တည်ဆောက်လိုက်ပါ။ လိုနေရင် ဖြည့်လိုက်ပါ။ လက်ရှိအချိန်ဟာ နောက်ကျတယ်ဆိုတာ မရှိဘူး။ အနိုင်မခံစိတ်ဓာတ်ကို မွေးလိုက်ပါ။

ကိုယ်ဟာ ကိုယ့်ဘ၀ရဲ့ အရှင်သခင်ဖြစ်နေလို့ပါပဲ။
အကြီးအမူးဖြစ်နေလို့ပါပဲ။

လက်ရှိဘ၀ကို အကြောင်းကောင်းအောင် ဖန်းဆင်းလိုက်စမ်းပါ။ ဒိနေ့ လှလှပပ ဖန်ဆင်းရင် မနက်ဖြန်တိုင်းဟာ လှနေမှာပါ။ ကိုယ့်ရဲ့ ကံအား ညဏ်အား ၀ီရိယအင်အားတွေကို ဘ၀ကျောက်ပြင်မှာ အရောင် တစ်လက်လက် တောင်ပြောင်နေအောင် သွေးလိုက်စမ်းပါ။ ရင်ထဲမှာ ရှိနေတဲ့စိတ်ဓာတ်ရတနာတွေကို တူးဖော်လိုက်စမ်းပါ။ စိတ်ကောင်းစိတ်မြတ်ရတနာတွေနဲ့ ဘ၀ကိုလျှောက်ကြမယ်ဆိုရင် ဘ၀ဟာ မဆင်းရဲပါဘူး။ ပျော်စရာကောင်းသလို ပန်းခင်းသောလမ်းလေးတွေ ဖြစ်နေမှာပါဗျာ။

ဒါကိုပြောချင်တာလား။ အိုဝေမဂ္ဂဇင်း စားသားလေး တွေ့လိုက်တော့ ဘ၀အဘိဓမ္မာတွေ ပိုလို့တောက်ပလာတယ်။ အိုဝေပြောတာလေးက -------

ငါ့အား ဖုံးလွမ်းထားသော လကွယ် သန်းခေါင်
ဤအမှောမိုက်တွင်းမှနေ၍ အနှိုင်မခံ အရူံးမပေးသော ငါ့၏စိတ်ဓာတ်ကို
ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား
ငါကျေးဇူးဆိုပါ၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်အတွင်းသို့
ကျရောက်နေရသော်လည်း ငါကား မတုံလှုပ်၊ မငိုကြွေး။
ကံတရားရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။
ညွတ်ကား မညွတ်။
ဤလောဘ ဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ သေခြင်းတရားသည်
ကြောက်မက်ဖွယ်ရာ ငံ့လင့်လျှက်ရှိ၏။
သို့သော် ငါ့အား မတုံလှုပ်သည်ကိုသာ တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ။
ယမမင်း၏ ခွေးပရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာရေးသားထားသည်ဖြစ်စေ
ငါ့ကား ဂရုမပြု။
ငါ့သာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအမှူးဖြစ်လေသည်။

ဒါလေးက အိုဝေရဲ့ ဘ၀ဒဿန၊ ဘ၀အဘိဓမ္မာအမြင်လေးပါ။ ကောင်းတယ်ဗျာ။ ဘ၀ဆိုတာ အလှပြင်ဖို့ပါ။ အသိနောက်မကျရင်တော့ ဘ၀အလှကို ရှားတွေ့သွားမှာပါ။ အနှိုင်မခံတဲ့စိတ်ဓာတ်တော့ ရှိပေါ့ဗျာ။ ။ ။

0 အကြံပြုစာ: