Sunday, October 24, 2010 By: ဘ၀ဇာတ်ခုံ

ပင်ဂွင်!

မနေ့က လက်ဖက်ရည်ဆိုင်ထိုင်တယ်။ သူငယ်ချင်းမိန်းခလေး တစ်ယောက်က ရင်ဖွင့်တယ်။ သူခံစားချက် သူမကျေနပ်ချက်လေးတွေပါ။ လိုရင်းကတော့ အမေ့ကိုလဲ စိတ်နာတယ်။ သူ့ကိုယ်သူလဲ စိတ်နာတယ်။ ၀မ်းနည်းတယ်။ တစ်ခုခုလုပ်မိတော့မယ်။ အားပေးစကားပြောပါအုန်းတဲ့။ နောက်ပထွေးလို့ ခေါ်သံကြားရင် ပိုစိတ်နာတယ်တဲ့။

သူအမေက ခုနောက်အိမ်ထောင်ပြုထားတာပါ။ သူအဖေကတော့ သူဆယ်တန်းနှစ်က မျက်စိမှိတ် သွားခဲ့တယ်။ အဲဒိအချိန် သူက ဘော်ဒါဆောင်မှာ ရောက်နေခဲ့တယ်။ မသိလိုက်ရဘူးလေ။ သူမိခင်ကို နောက်အိမ်ထောင်လုံးဝ မပြုစေချင်။ အရွယ်ကလဲ လေးဆယ်လောက်ပဲ ရှိသေးတော့ အားလုံးတားတဲ့ ကြားက ဒိလိုသူမိခင်က ရွေးချယ်ခဲ့တာပါ။ သူငယ်ချင်းက ဒါကို မကျေနပ်ဘူး။

အတူမနေချင်ဘူး။ မိခင်ကို အရွဲ့တိုက်တယ်။ မကျေနပ်ချက်နဲ့ ရည်းစားတွေ အများကြီးထားတယ်။ စိတ်ထဲမှာ မကျေနပ်လို့ လုပ်တာမို့ ဘယ်သူကိုမှ အတည်မတွဲခဲ့ဘူး။ နောက်ဆုံးရလာဒ်ကတော့ သူပဲ အပွေအရူပ်ဆိုတဲ့ ဘွဲ့သူရခဲ့တယ်။ သူစိတ်ထဲမှာတော့ အားငယ်နေတာတော့ အမှန်။ ဒါတွေကို ငါကသိတော့ အားပေးရတယ်။ သိသလောက်ရှင်းပြရတယ်။

ရွေးချယ်မူ မမှားစေချင်။ ပြင်လို့ရတာရှိတယ်။ ပြင်လို့မရတာလဲ ရှိတယ်လေ။ ကိုယ်ကပြင်ဆင်ချင်တယ်။ ပြင်ဆင်လို့မရတော့တဲ့ အချိန်ရောက်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဒေါသ အခြေခံထား အကျိုးတရားကလဲ အပူပဲ ဖြစ်မှပေါ့။

သူငယ်ချင်း ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်လို့မရတော့ဘူးလေ။ ဖြစ်လာတာကို လက်ခံရတော့မယ်။ လွန်ကုန်ပြီ။ မရတော့ဘူး။ အမေကိုလဲ စိတ်မနာနဲ့။ ကိုယ့်ကိုယ်လဲ စိတ်မနာနဲ့။ အားလဲ မငယ်ပါနဲ့။ ဒိလိုပဲပြောမိတယ်။

စိတ်နာလို့ အားငယ်နေရင် ကိုယ်လုပ်ရမဲ့အလုပ်တွေ မလုပ်နိုင်တော့ဘူး။ လစ်ဟင်းကုန်မယ်။ နောက်ကျန် ကုန်မယ်။ ကိုယ့်မှာ အရူံးထဲက အရူံးတွေပဲ ထပ်ထပ်ဖြစ်နေမယ်။ ဘာပဲဖြစ်ဖြစ် မိခင်ဟာ ကိုယ့်မိခင်ပဲလေ။ ကိုယ့်မိခင်ဟာ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ ကောင်းချင်လဲကောင်းမယ်။ အများသဘောမကျတာလဲ ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုအဆင့်မှာပဲ ရှိစေ။ မိခင်ဟာ မိခင်ပဲ။

သစ်ပင်လေးတွေတောင် မျိုးစေနဲ့ ကင်းလို့မဖြစ်ကြဘူး။ မျိုးစေ့လဲ မြေကြီးနဲ့ ကင်းလို့မဖြစ်ကြဘူး။ ဒိသစ်ပင်လေးတွေဟာ အရွက်တွေ ကြွေကျတော့ မြေပြင်ကို မြေဆွေးအဖြစ် ကျေးဇူးဆပ်သွားကြ သေးတယ်။ ငါ့တို့လဲ မိခင်ဖခင်တို့ကြောင့် လူဖြစ်လာတာပါ။ လူဖြစ်လာတာတော့ မကျိုးမကန်း မဆွံမအ။ အသိညဏ်လဲရှိပြီးသားလေ။ စိတ်နားဖို့ လူဖြစ်လာတာလား။ မဟုတ်ပါဘူးနော်။

ကိုယ်လုပ်ရင် ဘာမဆိုဖြစ်နိုင်တယ်လေ။ ဒိအသက်ဒိအရွယ်ထိ ရောက်အောင် မိခင်ဖခင်တွေဟာ မနဲစောင့် ရှောက်ခဲ့ရတာပါ။ မိခင်နဲ့ကင်းလို့ မဖြစ်နိုင်တာကို သတိရစမ်းပါလို့ ပြောမိတယ်။ လူမဆိုးထားနဲ့ ပင်ဂွင်ငှက် လေးတွေတောင် သူတို့သားသမီးတွေကို အသက်ရှင်အောင် စောင့်ရှောက်တာ မြင်ရတော့ ပိုလို့မိခင်ဖခင် တွေကို ကျေးဇူးကြီးမှန်း သိခဲ့ရတယ်။

ပင်ဂွင်ငှက် (penguin) ၁၈ မျိုးလောက်ရှိတယ်။ တောင်အီကွေတာ (equator) အကုန်နေကြတယ်။ အကြီးဆုံး ကတော့ emperor ပင်ဂွင်တွေပဲ။ Antarctica မှာရှိကြတယ်။ ဥအုတဲ့အခါ ပင်လယ်ကမ်းခြေနဲ့ မိုင်းငါးဆယ် ကွာလောက်မှာ ဥတယ်။ သူတို့မှာ အသိုက်ဆိုတာမရှိဘူး။ ဒိလောက်အေးတဲ့နေရာမှာ သူတို့ဥကို ရေခဲပြင်မှာ မဥဘူး။ ဥရင်လဲ ခဲသွားမယ်လေ ရေခဲ့ကြောင့် ။ ဒါကြောင့် အထူးစောင့် ရှောက်ရတယ်။

မိခင်က ဥတစ်လုံးဥရင် ဖခင်ကချက်ချင်း အဲဒိဥကို လိမ့်ကာသူခြေထောက်ပေါ် ရောက်အောင် အမြန်ယူထားရတယ်။ အောက်လဲ ကျမသွားအောင်ပေါ့။ သူတို့အရေခွံထူထူနဲ့ ဖုံးကာ ဥကိုအအေးဒဏ်မှ ကားကွယ်ပေးထားတယ်။ နှစ်လလောက် ပင်ဂွင်ဖိုတွေဟာ အတူတူဥနဲ့ ပူးကပ်နေရတယ်။ ဥတွေကိုလဲ ခြေထောက်တွေပေါ်မှာ အထူးစော့ရှောက်ရတယ်။ မရွေ့ရဘူး။ အစာလဲ သူတို့မစားရဘူး။

အမေဖြစ်တဲ့ ပင်ဂွင်ကတော့ ဥပြီးရင် ချက်ချင်း အစာရှာတန်းထွက်ရတယ်။ နှစ်လလောက်ကြမှာ မိခင်ကပြန် လာတယ်။ ဖခင်ပင်ဂွင်ဆီမှ သူဥထားတဲ့ဥကို လွဲပြောင်းယူပြန်တယ်။ အဒိတော့မှ နှစ်လလောက် အစာမစားရသေးတဲ့ ဖခင်ပင်ဂွင်က ပင်လယ်ကိုသွားရတယ်။

ဥပေါက်တော့လဲ မိခင်ဖခင်တွေဟာ တစ်ယောက်တစ်လဲ့ ခြေထောက်ပေါ်မှာပဲ သယ်ဆောင်ထားရတယ်။ နေရာက အရမ်းအေးတယ်။ ရာသီဥတု တအားအေးရင် ကလေးကို အနွေးဓာတ်ရအောင် အသားရေတွေနဲ့ ဖုံးအုပ်ထားရတယ်။ ဒိလိုဒိလိုနဲ့ အရွယ်ရောက်အောင် သူတို့စော့ရှောက်ကြတယ်လေ။

အဟိတ်တိရိစ္ဆာန်တွေတောင် ဒိလိုသားတွေသမီးတွေကို စောင့်ရှောက်မွေးမြူသေးတာလေ။ သူတို့လဲ ချစ်လို့ပေါ့။ မချစ်ရင် ဒိလောက်ခက်ခက်ခဲခဲ လုပ်မှာမဟုတ်ဘူး။ သူတို့စောင့်ရှောက်လို့ သူတို့ချစ်လို့ ခုသူတို့ကို မြင်တွေ့နေရတာပါ။ အသိညဏ်မြင့်တဲ့ လူသားမှာတော့ ဆိုဖွယ်ရာမရှိဘူးပေါ့။ အမေကို စိတ်မနာသင့်ပါ။ စိတ်လဲ မဆိုးသင့်ပါ။ ကိုယ့်ကိုယ်လဲ စိတ်လဲမနားသင့်ပါ။ သဘောထားမှန်အောင်သာ ကြိုးစားသင့်ပါတယ်။

လက်ရှိအချိန်မှာ ငါဘာလုပ်သင့်တယ်။ ဘာလုပ်ရမယ်ဆိုတာကိုပဲ သိသင့်တယ်။ ငါ့တာဝန်က ဘာလဲပေါ့။ ကိုယ်လဲ မိခင်ဖခင်နေရာရောက်လာအုန်းမှာပါ။ ဒိအခါကျ ပိုနားလည်မှာပါ။ မြန်မြန်သိချင် မြန်မြန်ရောက် အောင် သွားကြည့်ပေါ့။ ရောက်နေရင်လဲ ပိုသိမှာပါ။ ကျေးဇူးမဆပ်နိုင်သေးရင်တောင် ကျေးဇူးလေးတော့ မကန်းလိုက်ပါနဲ့လို့ ပြောခဲ့တယ်။

သူမိခင်ကို မေးကြည့်တော့လဲ သူသမီးကို ချစ်တယ်တဲ့။ သူမသိဘူးတဲ့။ ညှိလို့မရဘူးဖြစ်နေတယ်တဲ့။ မိခင်ကို အကဲခတ်တော့ သူသမီးကို အချစ်လျှော့တာ နဲနဲမှမတွေ့ရပါ။ ဘ၀ဆိုတာကို ရင်ဆိုင်ဖို့ နောင်တစ်ပင် ထူးလိုက်တာများလား။ ဒိပြဿနာတွေကတော့ ရှိနေအုန်းမှာပါ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင် အောင်သာ ကြိုးသင့်တယ်။ တကယ်တော့ ကိုယ့်လမ်းကိုယ်ဆက် လျှောက်ရမှာပါ။

အဖေအမေခေါ်စရာ မရှိတဲ့သူတွေလဲ အများကြီးပါ။ မိခင်ဖခင်တွေကို မမြင်လိုက်ရသူတွေလဲ ရှိတယ်။ တစ်ချို့ဆို orphan တွေပါ။ ရေအဆန် လေအထန်မှာ ခြေကန်ပြီး ကူးနေရတယ်။ ဒါတောင် ပြဿနာ အမျိုးမျိုး အခက်အခဲအမျိုးမျိုး ကျော်ဖြတ်လို့ ထိပ်ရောက်သွားသူတွေလဲ ရှိတယ်။ ဘ၀ဆိုတာရလာတာ အလှပြင်ဖို့ပါ။ တောင်ပြောင်အောင်သွေးဖို့ပါ။ အရူံးပေးဖို့မဟုတ်။ တန်ဘိုးရှိဖို့ပါ။ တန်ဖို့မဲ့ဖို့ မဟုတ်ဘူးလေ။

ကိုယ်က ဘယ်လိုစိတ်ထား ဘယ်လို့အမြင်တွေနဲ့ လျှောက်မှာလဲ။ ကိုယ့်ဘ၀ကို ဘယ်လိုပုံဖော်မှာလဲ။ မိခင်ဖခင်ကတော့ လောကအလယ်ရောက်အောင် ပို့လိုက်ပြီးလေ။ နေရတကာ သူတို့ချည်းအားမကိုး စေချင်။ အပြစ်လဲ မမြင်စေချင်။ အချစ်တွေလဲ မလျှော့စေချင်။ nurse တွေတောင် လူနာကို ကရုဏာနဲ့စောင့်ရှောက်တာ တွေ့နေရသေးတာ။ ဒိမာက ဖိခင်အရင်းလေ။
========
ဒိနေ့တော့ သူတို့သားအမိ ပျော်ပျော်ရွင်ရွင် စကားပြောတာ နေတာထိုင်တာတွေ့ရတယ်။ ထမင်းလဲ အတူတူ စားတာ တွေ့တယ်။ တစ်ခါတစ်လေ ချွဲချွဲနွဲ့နွဲ့ ပြောတာလေးတွေတွေ့တော့ ငါဝမ်းသာမိတယ်။ ဘာရယ် မဟုတ် အလိုလို မျက်ရည်တောင်ရစ်ဝဲမိပါတယ်။ ၀မ်းနည်းတာတော့ မဟုတ်တာသေချာတယ်။ ပင်ဂွင်လေး အရွယ်ရောက်ပြီလေ။ အားလုံးမိခင်ဖခင်ကို ချစ်နိုင်ကြပါစေ။

0 အကြံပြုစာ: