ငှက်ကလေးတွေက တောတောင်ကို ချစ်တယ်။ ငါးလေးတွေက ရေကိုချစ်တယ်။ လိပ်ပြာလေးတွေက ပန်းလေးတွေကို ချစ်တယ်။ လူတွေကြတော့ရော။ ပြောကြတယ်။ အချစ်မရှိရင် မနေတတ်ကြတဲ့။ သူငယ်ချင်းကတော့ ပြောတယ်။ တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးတာကို အချစ်တဲ့။ ဟုတ်လားတော့မသိ။ အခုလဲရေးမိ ရေးရာ ရေးချမိတယ်။ သဘောထားခြင်းလဲ တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မှာပါ။
ပတ်ဝန်းကျင်ကိုလဲ ကြည့်တယ်။ ကိုယ့်ကိုယ်ကိုလဲ သတိထားတယ်။ ငါကတော့ရော။ ဘာကိုချစ်သလဲ။ မေသင့်တယ်။ ဖြေသင့်တယ်။ လူမတူသလို အချစ်လဲ တူမှာမဟုတ်။ ချစ်ဖို့ကြိုးစားနေချိန်မှာလဲ စိတ်ရဲ့ ခံစားချက် emotion ကိုသထိ ထားသင့်တယ်။ ချစ်နေချိန်မှာလဲ How to feel ပေါ့။ ဒါဆိုအချစ်ဆိုတဲ့ အရသာ ပိုသိမှာပါ။ ငရုတ်သီးစားရင် ပူသလားဆိုတာတော့ မေးစရာမလို။ မပူအောင်စာတဲ့ သူလဲ ရှိတယ်လေ။
ကဲပါ။ လိုချင်ရင် အချစ်တဲ့ တစ်ချို့က။ ရယူချင်တာကိုပြောတာပါ။ ဒါဆို ဆင်းရဲသူကို ပေးကမ်းလိုတာ။ စာတွေ ကွန်ပြူ တာတွေ သင်ယူချင်တာ။ ဒိလို လိုချင်တာကိုကြတော့ရောဗျာ။ ပေးကမ်းလိုလို့ ပစ္စည်းတွေလိုချင်တာတွေ ရှိသေးတယ်။ ဘယ်လိုပြောမလဲ။ ဒါတွေကတော့ ဆန္ဒတွေပါ။ အချစ်ဆိုတဲ့ သဘောမှာ ကြိုးသဘောပါတယ်။ ကပ်ငြိတဲ့ သဘောမျိုးရှိတယ်။ ဆင်ကော်လိုပဲ။ မခွဲချင်ဘူး။ မခွါရက်ဘူး။
မွေကင်းစကလေးက အမေ့နို့ချိုကို ကြိုက်တယ်။ ချစ်တယ်။ နှစ်သက်တယ်။ အရွယ်ရောက်တော့ အဖေအမေကို ချစ်တယ်။ ကစားဖော်တွေကို ချစ်တယ်။ အစ်ကိုမောင်နှစ်မတွေကို ချစ်တယ်။ ဆွေမျိုးတွေကို ချစ်တယ်။ ဒိလိုချစ်တာက သံယောဇဉ်လိုခေါ်တယ်။
တစ်ချို့က မင်းသမီးမင်းသားလှလှလေးတွေကို ချစ်တယ်။ သီချင်းဆိုကောင်းရင် ချစ်တယ်။ အရသာကောင်းကောင်းနဲ့ အနံ့လေး သင်းနေတာ။ နုညံ့သိမ်မွေတဲ့ ထိတွေ့မူ အသုံးအဆောင် ထူးခြားဆန်းကြယ်တာ ဒါတွေကိုချစ်တယ်။ ကြိုက်တယ်။ ဒါလေးတွေကလဲ ကြိုးလိုပဲ နှောင်ဖွဲ့ထားတယ်။ ဖိတ်ခေါ်နေတယ်။ မခံစားရ မနေနိုင်ဘူး။ သတိရတယ်။
ဒိထက်တဆင့်တက်ရင် နှစ်သက်ရာ ဖူးစာဆုံးမယ်။ ဒါဆိုအချစ် Degree-က အရင်ပြောတာထက် increase ဖြစ်သွားတယ်။ ဒါတွေကို အဆင့်လိုက်ပြောတော့ sincere love/ craving /clinging or attachment လို့သုံးတာတွေ့ရတယ်။ မူရင်းကတော့ ပေမ၊ တဏှာ၊ ရာဂ ပေါ့။ ဘယ်သူမှ မကင်းပါဘူး ဒါက။ လူမှန်ရင် ဒိကျည်ဆံမှန်ပြီးသားပါ။ နေ့စဉ်ရှိနေမှာပါ။ ဒိနေ့လဲ ရှိနေမှာ။ မနက်ဖြန်များမှာလဲ ရှိနေမှာပါ။
မြစ်ရေလိုပဲလေ။ ဒုက္ခဖြစ်ကြောင်း ဒုက္ခလောင်းတဲ့။ မြစ်ရေခန်းသွားရင် ဟိုဖက်ကမ်းနဲ့ ဒိဖက်ကမ်းဟာ အတူတူဖြစ် သွားကြမှာပါ။ တဏှာမြစ်ရေ ဘယ်တော့ ခန်းမလဲတော့ ငါလဲမသိ။ ဒါပေမဲ့ ordinary တွေမှာတော့ နေ့စဉ်စီးဆင်းနေတာတော့ သိတယ်။ တဏှာက ထွက်မြောက်ရင် ဘ၀ဟာ အတည်ငြိမ် ဆုံးပဲလေ။ အအေးချမ်းဆုံးပဲ။
တစ်ချို့က ချစ်ကြိုးလေးတွေနဲ့ ချည်ထားချင်ကြတယ်။ မခွဲချင်ကြဘူး။ အသဲနာချင်နာပါတဲ့။ ချည်ချင်လဲ ချည်ပေါ့ဗျာ။ ကောင်းကောင်းမွန်မွန် လေးတော့ ချည်သင့်တယ်။ တစ်ဦးနဲ့တစ်ဦး အမြင်ချင်းအသိချင်း တူမှ။ ၀ါသနာအလေ့အလာ အကျင့်လဲ တူမှ။
ယုံကြည်ချက်တွေလဲ ခိုင်မာမှ တူမှ။ ပေးတာ ကမ်းတာ စွန့်ကြဲတာ သူ့ဖက်ကိုယ့်ဖက် အရာရာမှာ စိတ်တူကိုယ်တူ လုပ်ပါမှ ဖြစ်နိုင်တာမို့ပါ။ အဲလိုကြိုးလေးပါ ချည်ရင်တော့ မပြေတော့ဘူးပေါ့ဗျာ။ သံသရာအဆက်ဆက် until Nibbana လို့ပြောချင်ပါတယ်။ ချစ်ပါ ချစ်နိုင်ပါတယ်။
တစ်ချို့က ကိုယ့်ရဲ့အကျင့်သိက္ခာကို ချစ်တယ်။ အထိမခံဘူး။ အသက်နဲ့ လှဲယူတဲ့အထိ ချစ်တယ်။ မြတ်နိုးတယ်။ စောင့်ရှောက်တယ်။ တစ်ချို့က နိုင်ငံကို ချစ်တယ်။ ဒါက ဆင်းရဲချမ်းသာမရွေး ချစ်ကိုးချစ်ရမဲ့ must be ပဲ။ စိတ်ဓာတ်အရည်အသွေး တောက်ပြောင်တဲ့ သူတွေကြတော့ လောကကို ချစ်တယ်။
လောကကို ကိုယ်နဲ့တစ်သားတည်း ထားတယ်။ လောကဖျားရင် ကြီးမားတဲ့ကရုဏာ သက်တယ်။ လောက ချမ်းသာရင် သူ့လောက် ၀မ်းသာသူ မရှိလောက်အောင် ဖြစ်တယ်။ သားတစ်ယောက်တည်းရှိတဲ့ မိခင်ဟာ သားအပေါ်မှာ ချစ်သလိုမျိုးပဲ။
လောကကြီး ကျန်းမာရေး မကောင်းလို့ ကောင်းမယ်ဆိုရင် သူဘာမဆို သူလုပ်တယ်။ ယုံကြည်ချက်ခိုင်မာတယ်။ ပြတ်သားတယ်။ ဒိလိုလူက ရတနာတစ်ပါးပဲ။ ရှားပါပစ္စည်း။ တွေ့ခဲ့ရင် ဦးညွတ်ဖို့ ၀န်မလေးသင့်ဘူး။ အဲဒိအချစ်က ပိုလို့ အထက်တန်းကျတယ်။ အဆင့်မြင့်ဆုံးပဲ။ ငါ့ကတော့ ချစ်တဲ့နေရာမှာ စံတစ်ခုထားတယ်။ အားကျတာတစ်ခုရှိတယ်။
ငါအားကျတာက ဝေဿန္တရာရဲ့ ချစ်ခြင်းကိုပါ။ သူ့ရဲ့ တိုင်းပြည့်နဲ့ လူမျိုးအပေါ်ထားတဲ့ စေတနာချစ်ခြင်း မေတ္တာကို အသဲထိအောင် ခိုက်တယ်။ ချစ်တယ်။ အားကျတယ်။ မြတ်နိုးတယ်။ ခုံမင်တယ်။ အတုယူမယ်။ အသိမှတ်လဲ ပြုတယ်။
ဘာပဲဖြစ်ဖြစ်ပါ ချစ်နိုင်ပါတယ်။ အစွန်းမရောက်တဲ့ ချစ်ခြင်းတရားလေးနဲ့ သူ့ဖက်ကိုယ်ဖက် မထိခိုက်အောင် ချစ်နိုင်ပါစေ။ အချစ်နှောင်ကြိုးလေးတွေနဲ့ မိသားစု မပြိုကွဲအောင် ချစ်သူ ခင်သူ မပြိုကွဲအောင် အမျိုးဘာသာ မပြိုကွဲအောင် ချည်နိုင်ကြပါစေ။ အချစ်တရားနဲ့ အလှတရားကို ရှာဖွေနိုင်ပါစေ။
မိသားစု သူငယ်ချင်း မိတ်ဆွေ ချစ်သူ ခင်သူ တိုင်းပြည် လောကကို အမုန်းတရားကင်းလို့ အချစ်တရားလေးသာ ပွင့်လန်း နိုင်ပါစေ။ အမုန်းမီးတွေနဲ့ လောကကြီးကို ကျေးဇူးမဆပ်သင့်ပါ။ အနည်းဆုံးတော့ ကိုယ့်ကိုယ် ချစ်တတ် မြတ်နိုးတတ် ရမယ်ဗျာ။
မလ္လိကာမိဖုရားကတော့ ဘုရင်ကောသလကို အဖြေပေးတယ်။ ကိုယ့်ကိုယ်အချစ်ဆုံးတဲ့လေ။ ကောသလရင်ထဲ ဘယ်လိုခံစား ရမယ်တော့မသိ။ ကာမရတိသင်္ဂါရရသ လိုချင်လိုမေးမှ ဓမ္မရတိဖြေလိုက်တော့ ကျေနပ်မယ်တော့ မထင်ဘူး။
ငါကတော့ ဝေဿန္တရာလို အားလုံးကို ချစ်ပါတယ်။ ဝေန္တဿရာရဲ့ ပါရမီဖြည့်ဖက်တွေကိုလဲ ကျေးဇူးတင်ပါတယ်။ ဂုဏ်ပြုပါတယ်။ အခုတော့ တိုးတိုးတိတ်တိတ် လူမသိအောင် ကဗျာလေး ဖတ်နေမိပါတယ်။
အချစ် အချစ်။ ချစ်တိုင်းချစ်၍။ ချစ်လေချစ်လေ။ ချစ်မပြေတည်း။ ဆားငန်ရေနောက်။ ငတ်တိုင်းသောက်က။ သောက်သောက်လေ။ ငတ်မပြေသို့။ ပေမအရာ။ တဏှာဖွဲ့ရစ်။ ထိုအချစ်လဲ။ အပြစ်မမြင်။ မဆင်ခြင်ပဲ။ ချစ်လျှင်ပျော်နိုး။ ချစ်စပျိုးသည်။ ချစ်ရိုးချစ်စဉ် ချစ်လမ်းတည်း။ ။ ။
(ကိုသူ)

0 အကြံပြုစာ:
Post a Comment