အမြင်တဲ့။ အမြင်ဆိုတဲ့ စကားလေးကို နှစ်သက်တယ်။ ကြိုက်တယ်။ နံနက်မိုးသောက် မျက်လုံးဖွင့်တော့ မြင်စရာ အာရုံကမျိုးစုံ။ လှတာလေးတွေလဲ ပါတယ်။ မလှမပတွေလဲ ရှိတယ်။ ဆွဲဆောင်မူလေးတွေလဲ မြင်ရတယ်။ ထူးဆန်း တာတွေလဲ တွေ့ရတယ်။ မျက်လုံးအတွက်တော့ အဆင်းဟာ မြင်စရာပဲလေ။
အဆင်းကို တွေ့တော့ မြင်တယ်ပြောတယ်။ ကိုယ့်ရှေ့မှောက် လူတစ်ယောက်လမ်းလျှောက်သွားတယ်။ လှမ်းခေါ်တယ် ။ သူမြင်သားပဲလို့ ပြောတယ်။ တစ်ခါတလေကျတော့ ကိုယ့်ရှေ့ ကားလှလှလေးတွေ ကောင်လေး ကောင်မလေးတွေ သွားတာ မြင်တယ်။ သဘောကျတယ်။ မြင်လို့လေ။ တစ်ခါတလေ လူတစ်ယောက် ရှေ့တော်မှောက် ဖြတ်လျှောက်သွားတာတောင် မမြင်တဲ့အခါ ရှိတယ်။
ဘာဖြစ်လို့လဲ။ သတိမထားလွန်းလို့လေ။ သောကတွေ အပူတွေ အားကြီးတာတွေလဲ ဖြစ်နိုင်တယ်။ ပျော်လွန်းအားကြီး လို့ စိတ်ကူးနေတာလဲ ဖြစ်နိုင်တယ်။ ဒါကို ရင်းနှီးသူတွေကတော့ ပြောတယ်။ ကြောင်တောင်ကန်းတဲ့လေ။
မျက်စိပါပေမဲ့ မှိတ်ထားရင်လဲ မမြင်ဘူး။ မျက်စိပါတိုင်းလဲ မြင်တယ်မထင်နဲ့နော်။ မျက်စိအားကောင်းပေမဲ့ အလင်းရောင်မရှိရင်ကော မြင်မတဲ့လား။ သို့မဟုတ် မျက်စိ အာရုံချို့တဲ့နေရင်ကော။ မွေးရာပါ အားနည်းချက်ရှိသူတွေ ရှိတယ်။ မမြင်နိုင်ဘူး။
လှတာကို ဘယ်လိုပြောပြရမလဲ သူတို့အတွက်။ အကယ်လို့ မြင်စရာ အာရုံမရှိရင်ကော မြင်အုန်းမတဲ့လား။ ဒါတွေ ဒါတွေ ရှိနေရင်တောင် စောကလို သတိမထားခဲ့ရင်ကော မမြင်နိုင်ဘူးလေ။ တစ်ချို့ကတော့မြင်မှ ယုံမယ်တဲ့လေ။ မျက်စိနဲ့ မြင်လို့ရရင်တော့ ဟုတ်တာပေါ့။
တကယ်လို့ သာမာန်မျက်စိနဲ့ မြင်လို့မရတာဆိုရင်ကော ဘယ်လိုလုပ်မလဲ။ သာမာန်မျက်စိနဲ့ မြင်လို့ရတာတွေ ရှိသလို မမြင်ရတာတွေလဲ ရှိတယ်ဆိုတာတော့ သိသင့်တယ်။ (အမှန်တရားမှာလဲ အရောင်မရှိလို့ မမြင်နိုင်ဘူး။ ညဏ်မျက်စိတော့ လိုတယ်ပေါ့)
ဓာတ်ခွဲခန်းမှာ အလုပ်လုပ်ဘူးရင် ပိုသိမှာပါ။ ဒါကို မရှိမယုံဆိုရင်တော့ ကိုယ့်ရဲ့အားနည်းချက်ပါ။ အာရုံ လေးတွေ ကတော့ နေ့စဉ်နှင့်အမျှ မျက်စိဖွင့်ကတည်းက ရှေ့တော်မှောက် ရောက်နေမှာပါ။ ရှိနေမှာပါ။ ဒါတွေကို ဘယ်လို သဘောထားမလဲ။ ဘယ်လိုစိတ်ထားနဲ့ ကြည့်မလဲ။ တစ်ယောက်နဲ့ တစ်ယောက် မတူညီ နိုင်တာကိုတော့ သိပြီးသားပါ။ ကိုယ့်ရဲ့ခံယူချက် နှလုံးသွင်းပေါ်မှာ မူတယ်နေလို့ပါ။
စွယ်တော်ပင်နား လူတစ်ယောက်ရောက်လာတယ်။ စွယ်တော်ပွင့် လှလှလေးတွေ ပွင့်နေတာလဲ မြင်တယ်။ အညွန့် လေးတွေ အရွက်ကလေးတွေကိုလဲ သတိထားမိတယ်။ သူကစွယ်တော်မြင်တော့ အတိတ်ကို သူသတိရတယ်။ သူနဲ့ သူချစ်သူ အပြန်အလှန်ပေးခဲ့တာ စွယ်တော်လို့ ဘယ်တော့မှ------------ဘယ်တော့မှ---။ စွယ်တော်က သူ့အတိတ်ဝေဒနာကို ပိုကဲစေတယ်။ လွမ်းဆွတ်စေတယ်။ အော် သူကအလွမ်းသမားလေ။
နောက်လူတစ်ယောက် ရောက်လာတယ်။ စွယ်တော်ပွင့်တွေ အရွက်နုလေးတွေ မြင်တော့ သူကချက်ချင်း စားချင် လာတယ်။ ငပိရည်လေးနဲ့ တို့လို့သာ စားချင်တယ်။ အခြေအနေကောင်း ဈေးတောင်းရွက်လို့ ကြော်လို့သာ ရောင်းချင်တယ်။ အော် သူကဈေသည်းကိုး။
နောက်လူတစ်ယောက်ရောက်လာတယ်။ စွယ်တော်ပင်အောက်ရောက်တော့ နားတယ်။ အရွက် ကလေးတွေ ကိုလဲ သူမြင်တယ်။ အပွင့်တွေရှိတာကိုလဲ သူခံစားတတ်တယ်။ တစ်ချို့အရွက်တွေ လေအဝှေ့ကြောင့် ကြွေကျလာတယ်။
ဒါကို သူမြင်တယ်။ သတိထားမိတယ်။ ဘာကြောင့် ဘာကြောင့်များ အပေါ်ကို မကြွေပဲ-- ------------ခုလို့။ နောက်များမကြာမီ ကမ္ဘာမြေထုရဲ့ ဆွဲငင်အား The Law of Gravity ကိုဖော်ထုပ် သွားတယ်။ အော် သူကသိပ္ပံ ဆရာကိုး။
နောက်လူတစ်ယောက် စွယ်တော်ပင်အောက် ရောက်လာတယ်။ အပင်ခြေရင်း အပန်းဖြေတယ်။ အနားယူ တယ်။ သက်သောင့်သက်သာ ထိုင်နေတယ်။ အပွင့်တွေ အရွက်တွေက တစ်ပင်လုံး ဖုံးလွမ်းထားတယ်။ အရွက်ကလေးက အညှာမခိုင် ယိုင်းယိုင်ကာ အနားသို့ ကြွေကျလာတယ်။ ခဏခဏကျတယ်။ ဒါကို သူမြင် တယ်။ သတိလဲ ထားတယ်။ လေးလးနက်နက် ဆက်စပ်ကြည့်တယ်။
ဗိဇနိယာမကနေ စိတ္တနိယာမကို ဆက်သွယ်ကြည့်တယ်။ ကြောင်းကျိုးတရား တဖြေးဖြေးနဲ့ နားလည်သဘော ပေါက်သွားတယ်။ အလင်းရသွားတယ်။ သာမာန်လူတွေ မသိမမြင်တာ မြင်သွားတယ်။ သိသွားတယ်။ အပင်ရင်းမှာ ဘ၀အကျဉ်းထောင်က လွတ်သွားတယ်။ ဒါကိုခေါ်တယ်။ ပစ္စေကဗုဒ္ဓါတဲ့။
နောက်ထပ် လူတွေလာရင် ဘယ်လိုများ မြင်ကြအုန်းမယ် မသိဘူး။ ထင်းခုတ်သမား အမြင်ဆိုရင်တော့ အမြစ်ပါ တူးနှုတ်ပစ်လိုက်လေမလား။ အမြင်တွေ အမြင်တွေ။-----------။
အဲဒိတော့ မြင်စရာက ဒိမှာတစ်ခုတည်းပါနော်။ တွေ့ပုံ ခံယူပုံတွေ မတူညီကြဘူးလေ။ စဉ်းစားပုံလဲ မတူကြဘူး။ မြင်စရာက ကိုယ့်ဘ၀ကို မြင့်သွားအောင်နိမ့်သွားအောင် ဆုံးဖြတ်ပေးတာမဟုတ်တာဘူး။ မြင်စရာတွေက နေရာတိုင်းမှာ ရှိနေမှာပါ။ ကြည့်တတ်မြင်တတ်ရင် ဘ၀ဟာ လှနေမယ်။ စိတ်တွေလဲ လှနေမယ်။ စိတ်လှရင် ခန္ဓာကိုယ်လဲ လှနေမယ်။ မနက်ဖြန်တွေလဲ လှနေမယ်လေ။
ကိုယ့်စိတ်က ကိုယ့်အနာဂတ်ကို ပုံဖော်ပေးတယ်ဆိုတာ သိစေချင်တယ်။ ကိုယ့်ဟာ ကိုယ့်ဘ၀ရဲ့ ဖန်ဆင်းရှင် ပဲလေ။ မျက်စိရှိတော့ အမြင်လေးတွေ ရနေတယ်။ အမြင်တိုင်းမှာလဲ စိတ်မဆင်းရဲစေချင်။ ဘ၀လေးတွေ မနွမ်းစေချင်။
အမြင်တွေကို ကျေနပ်ကာ နေတတ်စေချင်တာပါ။ အလုပ်မှာလဲ မြင်တွေ့နေရမယ်။ ကျောင်း မှာလဲ တွေ့နေရအုန်းမယ်။ လူမူရေးတွေမှာလဲ မလွတ်ဘူးလေ။ ဘ၀ရှိ နေသရွေ့ အမြင်လေးတွေ အာရုံးတွေ ရှိနေမှာပါ။
နေ့စဉ်မြင်တွေ့ရတဲ့ အမြင်အရုံပေါ်မှာ အဆိုးမြင်တတ်တဲ့ pessimism သမားမျိုး မဖြစ်စေချင်ပါ။ ဒေါသမျက်လုံးနဲ့ မကြည့်စေချင်။ မာနမျက်မှန်တွေ အာဃာတရဲ့ သွယ်ဆောင်မူတွေ အမြင်တွေမှာ မကပ်ညှိစေချင်။ အလိုလောဘအမြင်ဆိုး ဆိုရင်ကော။ ဘာပဲဖြစ်ဖြစ် မြင်မြင်သမျှ အတာအဆီးမဲ့ အကောင်းချည်းပဲလေ ဆိုတဲ့ optimism မျိုးလဲ မဖြစ်စေချင်။
တောလမ်းခရီးမှာ မောပန်းလို့ ရေရှာတယ်။ မှော်တွေဒိုက်တွေ ဖုံးလွမ်းနေတဲ့ ရေကိုတွေတယ်။ အောက်ကရေကြည်ကို သောက်ချင်တယ်။ လက်နှစ်ဖက်နဲ့ ဟိုဖက်ဒိဖက် မလိုတဲ့အမှိုက်သရိုက် ဒိုက်တွေကို ဖယ်လိုက်တယ်။ ရေကြည်ကိုသာ ရအောင်သောက်တယ်။ အတူတူပါနော်။ ဒိမှာက အမြင်တွေ အစွန်းမရောက်စေချင်တာမျိုးကို ပြောလိုတာပါ။
အရှိနဲ့ အသိ ထင်ဟပ်မိစေချင်တယ်။ သဘောမှန်နဲ့ အမြင်တွေကို လက်ခံစေချင်တယ်။ အမြင်လေးတွေလှပစေဖို့ balance ဖြစ်စေတဲ့ realism အမြင်မျိုးသာ ဖြစ်စေချင်တယ်လေ။ အမြင်လေးတွေကြောင့် ကိုယ့်ဘ၀လမ်းကြောင်း မတိမ်းစောင်းစေချင်။ မလွဲချော်စေချင်။ မမှောက်စေချင်ပါ။
ဒါကြောင့် we should follow the way of realism avoiding the two extreme ways of pessimism and optimism. လို့ပြောလိုက်ပါရစေ။ အားလုံး အမြင်မှန်လေးတွေနဲ့ ဘ၀အလှကို ရှာဖွေနိုင်ကြပါစေ။
0 အကြံပြုစာ:
Post a Comment