(၁)
ကိုယ်ယုံကြည်ရာ ရူးသွပ်ကြတဲ့ကမ္ဘာကြီးထဲ
ရိုးသားမှုတွေ အနာတရဖြစ်တဲ့အခါ
တောင်ဆိတ်တကောင်လို
ကိုယ့်အနာ ကိုယ့်လျှာနဲ့လျှက်လို့
ငါတို့ဟာ ကျက်ခဲ့ကြပြီ။
(၂)
ကိုယ်ယုံကြည်ရာ ရူးသွပ်ကြတဲ့ကမ္ဘာကြီးထဲ
အသွေးအသားတွေ ရောစပ်မိတဲ့အခါ
ကိုယ့်အရှက်က ကိုယ့်အသက်ကိုသတ်လို့
နာကျင်ခဲ့ရတဲ့ ရက်စွဲတချို့ကို
ငါတို့ မာတိကာတွေ စီခဲ့ကြပြီးပြီ။
(၃)
ကိုယ်ယုံကြည်ရာ ရူးသွပ်ကြတဲ့ကမ္ဘာကြီးထဲ
ကိုယ်မယုံကြည်ရာတွေကို ထုဆစ်ကြတဲ့အခါ
ဟိုး..မြောက်ဝင်ရိုးစွန်းက ပိုလာဝက်ဝံတကောင်လို
ကိုယ့်သွေးကိုသောက်လို့
ငါတို့ ခမ်းခြောက်ခဲ့ကြပြီ။
(၄)
ကိုယ်ယုံကြည်ရာ ရူးသွပ်ကြတဲ့ကမ္ဘာကြီးထဲ
အတ္တတချို့ မားမားမတ်မတ်ရပ်ဖို့
ငါတို့ ဘယ်လောက်တောင် ငြိမ်သက်နေကြဦးမှာလဲ.?
(၅)
ညစ်ထေးခဲ့ရတဲ့ အစွန်းထင်းတွေကို ဖွပ်လျှော်သွားတဲ့
ဟိုမှာဘက်ကမ်းက သူတော်စင်တွေအတွက်တော့
ငါတို့ဟာ ယောက်မတချောင်းလို
ကိုယ့်ကိုယ်ကို ပြန်ပြန်မြည်းတာတောင်
ဘာအရသာမှ မထွက်ခဲ့ဘူး။
ကိုယ်ယုံကြည်ရာ ရူးသွပ်ကြတဲ့ကမ္ဘာကြီးထဲ
သန္တိရသကို ရဖို့
ငါတို့.....................။
ကိုသစ် (သီတဂူ)
13/7/ 2013
1 အကြံပြုစာ:
share သွားပါပီးခင်ဂျ...အကိုဆိုဒ်ကိုလဲ အောက်က ထည့်ထားပေးပါတယ် ဗျ...:)
Post a Comment