Saturday, September 22, 2012 By: ဘ၀ဇာတ်ခုံ

ရေငတ်နေတဲ့ အိမ်

‎မီးလျှံတွေကြားမှာ
ပန်းကလေးတွေ နွမ်းကြွေသွားခဲ့ရ
လှိုင်းလုံးတွေအောက်မှာ
နေထွက်မှာကို မကြိုချင်နဲ့ညီလေး။
ခေတ်ကိုက
မူရင်းက မိတ္တူဖြစ်ပြီး
မိတ္တူက မူရင်းဖြစ်တဲ့ခေတ်
စိတ်မညစ်နဲ့နော်
ငါတို့အမျိုးတွေ
ရေငတ်တတ်တာ မင်းသိတယ်။
သွားတိုက်ဆေးနဲ့ ကျွန်းသစ်
အရောင်းအ၀ယ်ဖြစ်တဲ့ခေတ်မှာ
ကျောက်ဆောင်တခုဖြစ်ကြောင်း သက်သေပြဖို့
ခပ်ပြင်းပြင်းတိုက်ခတ်နေတဲ့
အဲဒီမုန်တိုင်းတွေကို
မင်းအသက်နဲ့လဲပြီး ကာကွယ်တတ်ဖို့လိုလိမ့်မယ်။
အမျိုးသားရေးဝါဒီတွေ
နှုတ်ပိတ်ဆွံ့အ နေချိန်မှာ
သွေးမအေးနိုင်တဲ့ အညတရတွေကိုတော့
မင်းရင်ဘတ်နဲ့ချစ်တတ်ဖို့လည်း လိုမယ်ပေါ့။
အခန်းကကျဉ်းလို့
လေကောင်းလေသန့်ရချင်တယ်ဆိုရင်တော့
ပြတင်းပေါက်တွေကို ရဲရဲသာ တွန်းဖွင့်လိုက်ပါ။
ညီလေးရေ..
အမှောင်ယာမ် ညဥ့်နက်နက်မှာ
ကြယ်စင်တွေ အိပ်မောကျနေတာတောင်
မျက်လုံးတွေက အစာရှာထွက်ဆဲ။
အရှိန်အ၀ါ မမဲ့ဖို့ထက်
အလိမ္မာမမဲ့ဖို့က
ပိုအရေးကြီးပါတယ်လေ။

ကိုသစ်
(22/9/2012)

1 အကြံပြုစာ:

Anonymous said...

ဇတ်ဆရာရဲ့ လက်ရာလေးတွေ ပျောက်နေပါ့လား