ခန္ဓာ ငါးပါးသည် ကိုယ်အုပ်ချုပ်ရသော နိုင်ငံတစ်ခုသာ ဖြစ်သည်။
ကိုယ်ပိုင်သော နိုင်ငံလဲ ဖြစ်သည်။
ကိုယ့်စိတ်သည် ခန္ဓာနိုင်ငံ၏ အရှင်သခင် အကြီးအကဲ ဘုရင် သမ္မတပင်ဖြစ်သည်။
အကြား အမြင် အနံ့ အရသာ အတွေ့အထိ အတွေ့အကြုံမှ ရသော စိတ်ကူး စိတ်သန်း အတွေးအတောမှန်သမျှသည် ခန္ဓာ၏ အရှင်သခင် သမ္မတပိုင်ဆိုင်သော
ကြီးကျယ်ခမ်းနားမှုပင် ဖြစ်သည်။
ထိုနိုင်ငံကို ခန္ဓာအရှင်သခင် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ် ဖြစ်တည်မှု
အကြောင်းတရားအရ တသက်တာ ကိုယ်ပိုင်သော ကိုယ်ပိုင်နိုင်ငံ ဖြစ်သည်။
အိပ်ပျော်ချိန်မှ အပ ဒီနိုင်ငံ၏ တံခါးခြောက်ပေါက်သည် ဖွင့်လျှက်ရှိသည်။
တံခါးဆိုသည်မှာ ကောင်းသောလေလည်း ၀င်သည်၊ မကောင်းသောလေလည်း ၀င်သည်။ ၀င်ရာ ထွက်ရာ ခန္ဓာတံခါးမှ ၀င်လာသူသည် ကောင်းသူလဲ ပါ၏၊ မကောင်းသူလဲ ပါ၏။
ကောင်းမကောင်းဖြစ်ရခြင်းသည် အုပ်ချုပ်သူ အရှင်သခင်၏ ၀န်ကြီးများကို စီမံနိုင်မှု ကောင်းမကောင်း အလေးထားမှု မထားမှု စသည်ပေါ် မူတည်၏။
သတိ၊ သမာဓိ၊ ပညာ၊ ၀ီရိယ၊ သဒ္ဓါတို့သည် အားထားရသော ခန္ဓာဘုရင်၏ သစ္စာအမှုထမ်းတို့ဖြစ်သည်။ သူတို့ကို စွမ်းအားမြင့်သူ ဗိုလ်းငါးပါးဟု ခေါ်၏၊ တန်ဘိုးထား နေရာမှန် ချီးမြှောက်ဖို့လို၏။ စုပေါင်းအင်အားဖြင့် ကျွမ်းကျင်နိုင်နင်းမှုကို သရုပ်ဖော်နိုင်၏။
ဒီခန္ဓာနိုင်ငံ ငြိမ်းချမ်းမှု ရချင်ရင် အတွင်းက ကိလေသာ အပြင်က ကာမဂုဏ် ပေါင်းပြီး ငြိမ်းချမ်းမှုပျက်အောင် သူတို့ကြံဆောင်ခွင့် မရအောင် ထိုစိတ်သည် အဓိပတိတတ်ကာ စံမံစောင့်ရှောက် အုပ်ချုပ်ဖို့လိုသည်။ ရန်သူသည် အတွင်းလည်း ဖြစ်နိုင်၏၊ အပြင်လဲ ဖြစ်နိုင်၏၊ ထို့ကြောင့် ကိုယ်ပိုင်သော ကိုယ့်နိုင်ငံကို ငြိမ်းချမ်းမှုရအောင် ထားနိုင်သူကို မြင့်မြတ်အထက်တန်းကျသူတို့က ပဏ္ဍိတလို့ ခေါ်ကြသည်။
ခန္ဓာနိုင်ငံ၏ အပျက်သဘောဆောင်မှုသည် သယာဖွယ်လည်း လာတတ်၏၊ ကြောက်မက်ဖွယ်လည်း လာတတ်၏၊ အဝေး အနီး အပ္ပမာဒ လက်ကိုင်ထားဖို့သာ လို၏၊ ခန္ဓာရှိရင် ခန္ဓာဝန် ပြဿနာသည် ရှိမည်သာ ဖြစ်၏၊ ရှောင်းပြေး၍ ငြိမ်းအေးသော အရာမဟုတ်၊ မေ့လျှော့ ပေါ့ဆ ညည်းညူမနေပဲ အတွင်းအင်အားဖြစ်တဲ့ သတိ၊ သမာဓိ၊ ပညာ၊ ၀ီရိယ၊ သဒ္ဓါဝန်ကြီးတွေနဲ့ စနစ်တကျ တိုင်ပင် အဖြေမှန်ရှာကာ ခန္ဓာဒုက္ခငြိမ်းတဲ့ သန္တိပထလမ်းစဉ်ကို မြဲမြဲကြီး လျှောက်လှမ်းသင့်၏။ ထို့သို့ လျှောက်သူကို ဧကာယန တစ်ခုတည်းသော အစွန်းမရောက်တဲ့ မဂ္ဂင်လမ်းကို လျှောက်သူဟု ခေါ်ကြ၏။
ကိုယ်ပိုင်တဲ့ ကိုယ့်ခန္ဓာနိုင်ငံကို ကောင်းစွာလည်း မစောင့်ရှောက် ၀င်လာသမျှလည်း လက်ခံ စုစည်းမှုလည်းမရှိ ဗိုလ်ငါးပါး ကင်းတဲ့တဲ့ အရှင်သခင်ကို ဗာလလို့ အမည်နာမပေးကြ၏။ ဗာလဆိုသည်မှာ မငြိမ်းချမ်းသူဟု ဤ၌ဆိုလိုသည်။ အသီးသီးခန္ဓာသည် အသီးသီးသော နိုင်ငံဖြစ်သည်။ အသီးသီးသော နိုင်ငံကို အသီးအသီးသော စိတ်သည် အုပ်စိုးသည်၊ အုပ်ချုပ်သည်၊ ကိုယ်အုပ်ချုပ်ရသော ဆံဖျားမှခြေဖျား တစ်လံမျှသော ဤခန္ဓာကိုယ်ကို ငြိမ်းချမ်းသင့်၏။ တာဝန်ယူသင့်၏။
ခန္ဓာအရှင်သခင်စိတ်သည်ကား စွမ်းအားကြီး၏၊ စိတ်သည် မေတ္တာ၊ ကရုဏာနဲ့ပေါင်းသော် တည်ဆောက်၏၊ ဗိုလ်ငါးပါးနဲ့ပေါင်းသော် စွမ်းအားမြင့်၍ ပိုငြိမ်းချမ်း၏၊ ထို့သို့မဟုတ် လောဘနဲ့ပေါင်းသော် အတ္တလွန်ကဲ၍ ခန္ဓာအိမ်သူ အိမ်သားများ ငတ်တတ်၏၊ ဒေါသနဲ့ပေါင်းသော် ကရုဏာကင်းမဲ့ မျက်ရည်ပွဲဆန်တဲ့ စစ်မြေပြင်ပမာ ဖန်တီးတတ်၏။ မောဟနဲ့ပေါင်းသော် ကြောင်းကျိုးဆင်ခြင်မှုမပါတဲ့ မျက်ကန်းကမ္ဘာ ဖန်တီးတတ်၏၊ အဖျက်စွမ်းအား အကြမ်းဖက်သမားများသည် အသီးအသီးခန္ဓာ၌ ကိန်းနေတဲ့ ကိလေသာအပူစိတ်ပင် ဖြစ်သည်ကို နားလည်ရ၏။ အစပျိုးမှုကား အတ္တကိုကြီးကြီးရေး၍ ၀မ်းမမြောက်နိုင်မှု မနာလိုမှုပင် ဖြစ်သည်။
ကိလေသာဆိုသည်မှာ ခန္ဓာနိုင်ငံကို ပူလောင်စေတတ် နှိုပ်စက်တတ်သော သဘာဝဟု ဆို၏၊ ကိုယ့်အပူကိုယ်သိပြီး ကိုယ့်ငြိမ်းချမ်းရေး ကိုယ်တိုင်ရှာမှ ရပါမည်။
ကိုယ့်စိတ်သည် ဘယ်အရာနဲ့ပေါင်းနေသည်ကို ဗိုလ်ငါးပါးနဲ့ တိုင်ပင်ကြည့်သော် မြင်နိုင်ပါသည်၊ မြင်အောင်ကြည့်ရင် မြင်ရပါသည်။ ကိုယ့်နိုင်ငံကိုယ် နိုင်နိုင်နင်းနင်း ကိုယ့်စိတ်ဖြင့် အုပ်ချုပ်နိုင်ကြပါစေ။
ကိုယ်ကိုယ်တိုင်ပင် ငြိမ်းချမ်းသူ ဖြစ်နိုင်သလို ကိုယ်ကိုယ်တိုင်ပင် မငြိမ်းချမ်းသူလည်း ဖြစ်နိုင်သည်၊ ကိုယ့်ကိုယ်တိုင်ပင် ပဏ္ဍိတဖြစ်နိုင်သလို ကိုယ်ကိုယ်တိုင်ပင် ဗာလလည်း ဖြစ်နိုင်သည်၊ လူမျိုးဘာသာ အသားအရောင် နေရာဒေသနဲ့ မဆိုင်၊ ကိုယ့်အပြော အဆို အလုပ်မှန်သမျှသည် ကိုယ်ရမည့် အမွေပင်ဖြစ်သည်၊ ကိုယ့်အမူအရာနဲ့ ထိုက်တန်သော ကောင်းသော အမွေခံများသာ ဖြစ်နိုင်ကြပါစေ၊ ကိုယ့်စိတ်ကို အခါခပ်သိမ်း အောင်နိုင်သူများသာ ဖြစ်နိုင်ကြပါစေ။
ဘ၀ဇတ်ခုံ

0 အကြံပြုစာ:
Post a Comment