Monday, July 1, 2013 By: ဘ၀ဇာတ်ခုံ

မှာတမ်း

(၁)
ကြည့်သောသူ မြင်တယ်ဆိုပေမဲ့
တခါတရံမှာ
ကြည့်လို့ မမြင်နိုင်လောက်အောင်ကို
နှင်းတွေ ဖုံးလွှမ်းနေတဲ့အခါမျိုးလည်း
ဘ၀မှာ ရှိမယ်။
(၂)
ကမ္ဘာမြေပေါ်ရပ်တည်နေကြတာချင်းအတူတူ
မင်းကအရှေ့ ငါကအနောက်
ကြားတယ်မှာ
ချစ်ခြင်းမေတ္တာတရားကလွဲပြီး
ဘာစည်းရိုးမှ မရှိဘူးနော်။
(၃)
အရွေ့မြန်လို့
အတိမ်အနက်ကို မသိလိုက်ရတဲ့ အဖြစ်မျိုးတွေရှိရင်
"နောက်တာပါ-အတည်လည်း ဒါပါပဲ" ဆိုတဲ့
အ၀န်းအ၀ိုင်းတခုမှာ
မင်းရွေ့လိုက်တဲ့အကွက်ဟာ စည်းချက်မှန်နေပါစေ သူငယ်ချင်း။
(၄)
မင်းဖန်တီးလိုက်တဲ့ အနုပညာတရပ်ဟာ
မျက်စိပိတ်နေသူတွေအတွက် အဆိပ်တခွက်ဆိုရင်
မင်းဟာ ဆိုကရေးတီးနဲ့
မိတ်ဆွေဖွဲ့ထားဖို့လည်း လိုမယ်ပေါ့။
မင်းဘ၀တခုလုံး လေးနက်နေချိန်မှာ
လူတချို့က မင်းကို ရယ်ကောင်းရယ်လိမ့်မယ်။
လူသားတွေ နေတဲ့ကမ္ဘာမှာ
လူသားအချင်းချင်းအပေါ် ချစ်တတ်ပါစေသူငယ်ချင်း
မင်းဟာ ခုတ်လွယ်ရှလွယ်ရှိတဲ့ သူမဟုတ်ဘူးဆိုတာ
ငါသိပါတယ်။
(၅)
သူငယ်ချင်းရေ....
မင်းယုံကြည်ရာတွေကို ထုဆစ်ဖို့နဲ့
မင်းမယုံကြည်ရာတွေကို ဖဲ့ထုတ်ပစ်ဖို့
(လိုရမယ်ရ ) ပုတီးလေးတကုံးတော့ ဆောင်ထားပေါ့။
စီးဝင်နေတဲ့ ရေတိုင်းဟာ
သန့်စင်နေတာ မဟုတ်ဘူးလေ။

ကိုသစ် (သီတဂူ)
24/ 6/ 2013

(2011-တုန်းက ရေးခဲ့တဲ့ အဟောင်းလေးကို တဖန်ပြန်လည် ...။ ))

0 အကြံပြုစာ: