Tuesday, October 23, 2012 By: ဘ၀ဇာတ်ခုံ

(((ကာရံမှားတဲ့ ည)))

ကာရံအလွဲများနဲ့
ကခုန်နေတဲ့ ကပွဲတခုပါ။
အစွန်းရောက်တဲ့ အကြည့်တွေနဲ့ မကြည့်ပါနဲ့
အငွေ့တထောင်းထောင်းထနေတဲ့ မျက်ဝန်းတစုံဟာ
ရာဇ၀တ်မှုမြောက်တယ်။
ဆာလောင်မှုတွေ တနံတလျားစီးဆင်း
အညွှန့်ချိုး အကိုင်းချိုင်
အုံနဲ့ကျင်းနဲ့ ငံနေမှတော့
ဘာဆေးသောက်သောက်
ဒီရောဂါမပျောက်ဘူးရယ်။
ရေလောင်းပေါင်းသင်
စိတ်စိတ်ချင်းငြိရုံနဲ့
တပင်လုံးသေတဲ့ခေတ်မှာမှ
အပင်ဖြစ်ခွင့် ရခဲ့သူပါ။
၂၄ နာရီ ကမ္ဘာတခြမ်းမှောင်ချိန်မှာ
ငါတို့အမျိုးက တနေ့လုံးမှောင်တယ်။
တကယ်ဆို…ဇာတ်ညွှန်းအမှားများနဲ့
တင်ဆက်နေတဲ့ ပြဇာတ်တပုဒ်မှာ
အရံလူအဖြစ်နဲ့တောင်
မျက်နှာပြဖို့မကောင်းဘူးရယ်။
နေလုံးကြီးက ပင်လယ်ကို ငုံ့သောက်
သင်္ခါရတရားတို့ မချုပ်ပျောက်ခင်
လမ်းနည်းနည်းလောက် ဖယ်ပေးကြပါ။

ကိုသစ် (သီတဂူ)
(23/10/2013)

0 အကြံပြုစာ: