Wednesday, August 22, 2012 By: ဘ၀ဇာတ်ခုံ

နာမည်

သူများအကြောင်းတော့ မပြောလို။ ကိုယ့်အကြောင်းလေးကို ပြောပြချင်သည်။ သတိထားစေချင်လို့ပါ။ ကိုယ့်လိုလဲ ဘယ်သူမှ ဖြစ်မယ်လို့ မထင်။ အကြောင်းအရာက ရိုးပေးမဲ့ မဖြစ်သင့်ဟု ဆိုချင်သည်။ တန်ဘိုးမထားရာ နမော်နမဲ့နိုင်ရာကျသည်။ ဒီလိုပါ။ ဟိုအရင်တလောက အကြောင်းတိုက် ဆိုင်လို့ ပြောမည်လုပ်တော့ ဝေးကွာနေတဲ့ သူငယ်ချင်းနာမည်ကို လုံးဝဖော်မရတော့။ တကယ်တော့ အတူနေခဲ့ဘူးသည်မှာ ငါးနှစ်လောက်ရှိသည်။ မြို့နာမည်ကို သိနေပေမဲ့ နာမည်ရင်းကို မေ့နေသည်။ အကြိမ်ကြိမ်စဉ်းစားတော့လဲ မရ။ တပတ်လောက်ကြာအောင် ဆက်စပ်စဉ်းစားမှ အဖြေရခဲ့သည်။ သူငယ်ချင်းသိရင်တော့ စိတ်ဆိုးလိမ့်မည်။

တစ်ခါကလဲ အတူနေသူငယ်ချင်းတစ်ယောက်နဲ့ ကွဲကွာသွားပြီးမှ နောက်ပြန်ဆုံးကြသည်။ နာမည်ခေါ်ပြီး နှုတ်ဆက်မယ်လုပ်တော့ ခေါ်မရတော့။ နောက်ဆုံးတစ်လုံးပဲ မှတ်မိနေခဲ့သည်။ နောက်မှ ဟန်မပျက် သူများခေါ်တာကို ကြည့်ပြီး ပြန်မှတ်သားထားရသည်။ မလွယ်မလွယ် ငါနယ်။

ရန်ကုန်တိုယ်ဖယ်သင်တန်းတက်တုန်းက အဖြစ်အပျက်ကို သတိရမိသည်။ ရန်ကုန် အရင်ရောက်နေတဲ့သူငယ်ချင်းက အခုစစ်ကိုင်းကလာတဲ့ ငါ့ကို မေးသည်။ စစ်ကိုင်းက အဆောင်နေသူငယ်ချင်းတွေကော နေကောင်းလားတဲ့။ အင်းကောင်းတယ်လို့ တစ်ယောက်ချင်း နာမည်ကို ပြောပြပြီး ဖြေလိုက်သည်။ ဒါပေမဲ့ သူငယ်ချင်းတစ်ယောက်၏ နာမည်ကို ဘယ်လိုမှ ဖော်မရ။ ဒါနဲ့သူကို ထပ်မေးတော့လဲ သူလဲ မသိ၊ ရုတ်တရက် မေ့နေကြသည်။ အမှန်တော့ အားလုံးသူငယ်ချင်း အတူနေ အဆောင်တူတွေသာဖြစ်သည်။ နှစ်ယောက်သား ပြောပြီး မေ့တတ်ကြပုံကို အံ့သြကာ ရယ်မောခဲ့ကြသည်။ နောက်သုံးရက်လောက်မှ သတိရမှတ်မိခဲ့ကြသည်။ စစ်ကိုင်းပြန်ရောက်တော့ သူငယ်ချင်းတွေကို ပြောပြတော့ အမေ့ခံသူငယ်ချင်းက စိတ်မကောင်းဖြစ်သွားသည်။ 

ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စပါ။ ကိုယ့်ကိုယ် ပြန်ဆန်းစစ်တော့ သတိမထားတာ နာမည်ရင်းကို မခေါ်တာ မေ့တတ်တာလဲ ပါသည်။ long term memory နဲ့ short term memory နှစ်ခုမှာ ငါ့က short term memory ဖြစ်မည်။ ကိုယ့်ကိုယ်လဲ သိသည်။ အဲဒီအတွက် သူငယ်ချင်းတွေကြာမှာ ငါက ဟာသ တစ်ပုဒ်ဖြစ်ခဲ့သည်။ ငယ်ကလဲ ငြုတ်မှုန့်နဲ့ ဟင်းချိုမှုန့်ကို အမေက ဈေးဝယ်ခိုင်းတိုင်း ငါမှားသည်။ ခဏခဏ အမေက ငါ့ကိုဆူသည်။

ပြောချင်တာက သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းကြားမှာ ဘာက အရေးကြီးဆုံးလဲ မေးရင် အဖြေက အမျိုးမျိုးဖြစ်နိုင်သည်။ ငါ့အတွက်တော့ နာမည်လို့ ပြောချင်သည်။ ဟုတ်တယ် နာမည်သည် အရေးကြီးသည်။ ကိုယ့်နာမည်ကို လူကြားမှာခေါ်တာ တွေ့တိုင်းခေါ်တာ နှုတ်ဆက်တာကို သဘောကျသည်။ ဝေးကွာပြီးမှ မထင်မှတ်ပဲ ပြန်ဆုံလို့ ကိုယ်နာမည် ခေါ်ရင် ကြည်နူးသည်။ ၀မ်းသာသည်။ ကိုယ့်သူငယ်ချင်းကိုလဲ ပိုတန်ဘိုးထား ချစ်ခင်သွားသည်။

စစ်ကိုင်းရွှေဟင်္သာဆရာတော်ဘုရားကြီးရှိစဉ်က ဆွမ်းလာကပ်တဲ့ ဒကာဒကာမတွေ ကိုရင် ဦးဇင်းတွေ နာမည်ကို အရမ်းမှတ်မိတယ်လို့ ပြောသည်။ ဆရာတော်ဘုရားကြီးက နာမည်တွေကို အာရုံပြုပြီး မေတ္တာပို့တတ်သည်ဟု သူငယ်ချင်းတစ်ယောက်က ပြောဘူးသည်။ နာမည်ပြော၍ တစ်ခါ ဖူးဘူးသူက သုံးနှစ်လောက်ကြာမှ ဆရာတော်နဲ့ ပြန်တွေ့ရင် ချက်ချင်းနာမည်ခေါ်၍ နှုတ်ဆက်သည်ဟု ဆိုသည်။ အခေါ်ခံရသူက ၀မ်းသာပီတိဖြစ်ကြသည်။ ဒီအကြောင်းသိတော့ သတိအားကောင်းတဲ့ ဆရာတော်ကို ပိုကြည်ညိုမိသည်။

အင်း ငါ့နဲ့တော့ ကွာပါ့။ ဆီနဲ့ရေ။ မိုးနဲ့မြေ။ ငါ့မှာ မိတ်ပျက်တာတွေ ခဏခဏ။ တန်ဘိုးမထားလို့တဲ့လေ။ သူတို့ဖက်က တွေးရင်လဲ တွေးချင်စရာ။ ပြောချင်စရာ။ ငါ့ကလဲ ဟုတ်သည်။ အမှတ်မရှိ။ ငါ့နာမည်တောင် ကြာရင် မေ့မလားမပြောတတ်။ ဒါပေမဲ့ တစ်ခုတော့ ရှိသည်။ ငါ့မမေ့တော့ဘူးဆိုရင်လဲ သူများနဲ့ မတူ ငါ့နာမည်ထက်တောင် ပိုမှတ်မိသေးသည်ဟု ဆိုလိုက်ချင်သည်။

နာမည်အရေးကြီးတယ်ဆိုတာကို အသိပေးချင်တာပါ။ ငါ့လို့ မဖြစ်ကြပါစေနဲ့။ သူငယ်ချင်း မိတ်ဆွေကြားမှာ ဘယ်တော့မှ မမေ့သင့်တာတစ်ခုက နာမည်ပါ။ ဘယ်တော့တွေ့တွေ့ ကိုယ်က အရင် နှုတ်ဆက်ပါ။ နာမည်ရင်းကို ခေါ်ပါ။ ကွယ်ရာမှာလဲ သူငယ်ချင်းနာမည်ကို ထုပ်ဖော်ပြီး ချီးကျူးပါ။ ဝေးနေရင် ဖုန်းဆက်ပါ။ ငယ်ကအကြောင်းတွေကို ပြန်ဖော်ပေးပြီး ရယ်မောနိုင်အောင်ကြိုးစားပါ။ နောက်ဆုံး အိပ်ရာဝင်ရင်တောင် ကိုယ်သူငယ်ချင်းတွေကို အားရုံပြု နာမည်ကိုခေါ်ပြီး ကျန်းမာပါစေ ချမ်းသာပါစေ အေးချမ်းပါစေ အန္တရာယ်တွေ ကင်းပါစေ လိုရာဆန္ဒပြည့်စုံပါစေလို့ မေတ္တာပို့လိုက်ပါလို့ ပြောလိုက်ပါရစေ။

0 အကြံပြုစာ: