ပယောဂ -ဆိုတဲ့စကား မြန်မာတွေ နားမှာ မစိမ်းဟု ထင်သည်။ သိပ္ပံအမြင် ခေတ်အမြင်အရတော့ လက်မခံဟု ထင်သည်။ ပရလောကလို့ ခေါ်တဲ နတ်စိမ်းတွေ တစ္ဆေတွေ မကျွတ်လွတ်တဲ့ အရာတွေက စိတ်အား ကံအားနည်းတဲ့ သူတွေကို ပူးဝင်တတ်တာကို ပယောဂ၀င်တယ် ကုပေးတတ်တဲ့သူကို ပယောဂကုတယ်လို့ ဆိုသည်။ မယုံသူလဲ ရှိသည်။ လက်ခံသူလဲ ရှိသည်။ လက်မခံပေမဲ့ တစ္ဆေဟဲ့ဆို ကြောက်သည်။ မသွားချင်။ ဒီနေ့အဖြစ်အပျက်လေးကို ပြောပြချင်သည်။ မြန်မာနိုင်ငံက ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ ဆယ်ကျော်သက် တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ကို ပယောဂ ၀င်ပူး သည်။ သူကောင်းလေးက အေပက်တက္ကသိုလ်မှာ အခု ကျောင်းတက်နေသည်။ အလည်လာရင်းနဲ့ လာတွေ့သည်ဟုထင်သည်။ အလည်လာရင်း အခုလို တွေ့ကြုံရခြင်းဖြစ်သည်။
ကြိုတင်ဖုန်းဆက်ပြီး ပရိတ်တရားနာဖို့ ဦးဇင်းတွေရှိရာသို့ ရောက်လာကြသည်။ ကျောင်းသူလေးမှာ ဘာမှမသိရှာ။ ဆေးရုံက အိပ်ဆေးထိုးပေးလိုက်ခြင်းဖြစ်သည်။ လူမြင်ကွင်းမှာ ပယောဂ၀င်လို့ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ အကြောင်းမသိတဲ့ လုံခြုံရေးက မြင်တော့ လူနာတင်ကားခေါ်ကာ ဆေးရုံသို့သွားစေသည်။ ဆေးရုံရောက်တော့ ဆေးထိုးသည်။ မသက်သာရင် စိတ်ပညာအထူကုနဲ့ပြရမည်ဟုဆိုသည်။ ဆေးရုံက အပြန်ကားနဲ့ခေါ်လာခဲ့ကြခြင်းဖြစ်သည်။ ဦးဇင်းတွေက ပရိတ်ရေ ပရိတ်ချည်များပြင်ဆင်ကာ ပရိတ်ရွတ်သည်။ ကမ္မ၀ါစာဖတ်ကြသည်။ လူနာကောင်းမလေးကို သူရည်းစားအပါအ၀င် အခြားကျောင်းသားသုံးယောက်က ပွေ့ချီကာ ကားနဲ့ပြန်ခေါ်သွားသည်။ နေရာကြောင့်ဖြစ်တာ နေရာပြောင်း အိမ်ပြောင်းလိုက်ဟု မှာလိုက်သည်။ မနက်ကတည်းက ခဏခဏ ဖြစ်သည်ဟု ဆိုသည်။
ဒီနေ့ သက်သာလို့ ပြန်လာချင်သည် ကန်တော့ချင်သည်ဟု ဖုန်းဆက်ပြောသည်။ ရောက်လာတော့ မနေ့ကအတိုင်း ပရိတ်ရွတ်သည်။ ပရိတ်တရားမဆုံးခင် ပယောဂ၀င်ပူးပြန်တော့သည်။ ကျောင်းသား သုံးယောက်က ချုပ်ထားရသည်။ နှစ်မီနစ်လောက်ကြာသည်။ ကျောင်းသူလေးက ပိန်ပါးပါးလေးဖြစ်ပေမဲ့ တကယ်တော့ မယုံနိုင်စရာ သန်မာလှသည်။ ပရိတ်ရေနဲ့ဖျန်း တိုက်လိုက်မှ ငြိမ်သွားသည်။ ကောင်းသွားပြီဟု ထပြောသည်။ သူကြည့်တော့ လုံးဝကြည်ကြည် လင်လင်။ မေးကြည့်တော့ သူမြင်တဲ့အကြောင်းတွေ ဖြစ်ပုံတွေကို အကုန် ပြောပြ သည်။ ကြောက်စရာကောင်းသည်ဟုလဲ ပြောသည်။ တစ်ချို့ မသန့်တဲ့နေရာတွေကို သွားမိရင် ဖြစ်တတ်သည်ဟု ပြောသည်။ ခဏနေတော့ အိပ်ချင်သည်ဟု ဆိုကာ ပြန်အိပ်သွားသည်။
မနေ့က တစ်ကြိမ်လာပြီး ပရိတ်တရားလာနာတုန်းက မှာလိုက်သေးသည်။ ပတ်ဝန်းကျင်ကြောင့်ဖြစ်တာ ထင်သည်။ ပတ်ဝန်းကျင်ပြောင်းဖို့ တိုက်ခန်းပြောင်းဖို့ ဖြစ်နိုင်ရင် အမြန်ပြန်နိုင်ဖို့ ပြောခဲ့သည်။ ဒီနေ့မနက် အရင်နေတဲ့ တိုက်ခန်းကို ပြန်ခေါ်သွားမိလို့ တခါပြန်ဖြစ်ပြန်သည်ဟု ဆိုသည်။ ဒီနေ့လဲ ဖြစ်တတ်တဲ့နေရာတွေ မသွားမိဖို့ ထပ်တော့မှာလိုက်သည်။ မိဘတွေသိရင် ဘယ်လောက်ပူလေမည်မသိ။ နေရာကလဲ ကိုယ်နိုင်ငံ ကိုယ်နေရာမဟုတ်။ ကူညီပေးနေသူတွေက စေတနာထားကြပေမဲ့ ဆွေမျိုးမိဘမဟုတ်ကြ။ တာဝန်ကြီးလှသည်။ အမြန်ကောင်းသွားမှ ဖြစ်မည်။ ပြီးတော့ သူတို့လဲ ကျောင်းသားတွေ။ ကျောင်းကတဖက်။
အရပ်ဒေသတွေကို သွားသင့်သလား မသွားသင့်သလားဆိုတာ ပြောရတာတော့ ခက်သည်။ အရာရာ မသွားခင် မပြုလုပ်ခင် သတိထား ဉာဏ်နဲ့ဆင်ခြင်ပါဟု ပြောချင်သည်။ သွားရင်လဲ တာဝန်ရှိသူကို အသိပေးသွားသင့်သည်။ မသန့်ရှင်းသော နေရာ မသွားသင့်တဲ့နေရာတွေကို ရှောင်သင့်သည်ဟုလဲ ထင်သည်။ ကိုယ်မှာတစ်ခုခုဖြစ်တတ်ရင်လဲ ကြိုတင်ပြင်ဆင်ပြီးမှသွားဟု ပြောချင်သည်။ ကိုယ့်အနေအထား ကိုယ်သာအသိဆုံးဖြစ်သည်။ တကယ်ဖြစ်လာရင် မိတ်ကောင်း ဆွေကောင်း ချစ်သူကောင်း အမှန်လိုအပ်သည်။ တကယ်လို့သာ မတွေ့ မဆုံ မရှိရင် မလွယ်မလွယ်။ အခုတော့ ချစ်သူကောင်း မိတ်ကောင်းဆွေကောင်းတွေ တွေ့ပေလို့ တော်ရှာသေးသည်။ အခုတော့ ကျောင်းသူလေး ပြန်သွားရှာသည်။ ဒီည မနက်ဖြန် ဘယ်လိုနေမည်မသိ။
အိမ်ကိုတော့ နေမကောင်းဖြစ်လို့ဟုဆိုကာ သာမန်ပဲ အကြောင်းကြားထားသည်ဟု ဆိုသည်။ ဖြစ်စဉ်ကိုတော့ မပြောထားဟု ပြောသည်။ စာရေးသူတောင် ကြည့်ပြီး သူအတွက်ပူနေမိသည်။ တကယ်ပဲ ပယောဂ၀င်လို့ဖြစ်တာတလား ချစ်သူနဲ့တွေ့ဆုံးခိုက် မခွဲချင် မခွါချင် စိတ်အားငယ် ဒါတွေကြောင့်ဖြစ်တာလား စသည်စသည်လဲ တွေးနေမိသေးသည်။ ဘာပဲဖြစ်ဖြစ် တကယ်ဖြစ်လာရင် မလွယ်၊ ခက်တာက ကိုယ့်နေရာမဟုတ်။ ဘယ်သူဘယ်သူမှ ဒီလိုမျိုးတွေ မဖြစ်ချင်။ သို့သော် တကယ်ဖြစ်လာတော့ ဘာတတ်နိုင်မည်နည်း။ အကောင်းဆုံး ဖြေရှင်းဖို့သာ ရှိတော့သည်။ ကောင်းမှုလေးတွေလုပ်ပြီ မေတ္တာပို့လိုက်မိသည်။ ဆုတောင်းပေးမိသည်။
ပယောဂကြောင့်ဆိုတော့ ဆေးထိုးလဲ ရမည်မထင်။ ဆေးသောက်လဲ ပျောက်မည်မထင်။ သူနည်းသူဟန်နဲ့ သင့်တော်ရာကုပေးမှ ပျောက်မည်ဟုထင်သည်။ သို့သော် ပယောဂကု ဆရာလဲ အတု အတ္တသမား သီလမရှိ သမာဓိမရှိ ပညာမရှိ အကျင့်ကောင်းမရှိရင်တော့ ပိုဆိုးသွားနိုင်သည်။ အရာရာကို သတိနဲ့ ဉာဏ်နဲ့ သုံးသပ်ဝေဖန်ပြီး နည်းမှန်လမ်းမှန်ကိုသာ သုံးသင့်သည်။ အရာရာမှာ အဆိုးအကောင်း ရှိနေတတ်သည်ကို သတိထားစေချင်သည်။
လူတိုင်းအတွက် ဓမ္မသည် အကောင်းဆုံးဖြစ်သည်။ ကောင်းစွာကျင့်သူအတွက် ကာလမခြားပဲ ဓမ္မသည် အမြဲ ချမ်းသာကိုသာ ဆောင်လာတတ်သည်။ နောက်ဆုံးအနေနဲ့ ဓမ္မကို နေ့စဉ်ကျင့်သုံးခြင်းဖြင့် ကိုယ်တွင်းအန္တရာယ် ပြင်ပအန္တရယ်တွေမှ ကင်းဝေးကြပါစေ။ မြတ်ဗုဒ္ဓဟောထားတဲ့ တရားတွေထဲမှ ကိုယ်နဲ့သင့်တော်ရာ နှစ်သက်ရာကို အမြဲရွတ်ဖတ်သရဇ္ဈာယ်ခြင်း ကျင့်သုံးခြင်းဖြင့် ကိုယ်ခံအားကို မြင့်တင်နိုင်ကြပါစေ။ ကိုယ်မလိုလားတာတွေ စိတ်မှာကော ကိုယ်မှာကော မဖြစ်ကြပါစေနဲ့ မကြုံကြပါစေနဲ့လို့ အားလုံးအတွက် ဆုတောင်းပေးလိုက်ပါသည်။
လူတိုင်းအတွက် ဓမ္မသည် အကောင်းဆုံးဖြစ်သည်။ ကောင်းစွာကျင့်သူအတွက် ကာလမခြားပဲ ဓမ္မသည် အမြဲ ချမ်းသာကိုသာ ဆောင်လာတတ်သည်။ နောက်ဆုံးအနေနဲ့ ဓမ္မကို နေ့စဉ်ကျင့်သုံးခြင်းဖြင့် ကိုယ်တွင်းအန္တရာယ် ပြင်ပအန္တရယ်တွေမှ ကင်းဝေးကြပါစေ။ မြတ်ဗုဒ္ဓဟောထားတဲ့ တရားတွေထဲမှ ကိုယ်နဲ့သင့်တော်ရာ နှစ်သက်ရာကို အမြဲရွတ်ဖတ်သရဇ္ဈာယ်ခြင်း ကျင့်သုံးခြင်းဖြင့် ကိုယ်ခံအားကို မြင့်တင်နိုင်ကြပါစေ။ ကိုယ်မလိုလားတာတွေ စိတ်မှာကော ကိုယ်မှာကော မဖြစ်ကြပါစေနဲ့ မကြုံကြပါစေနဲ့လို့ အားလုံးအတွက် ဆုတောင်းပေးလိုက်ပါသည်။
0 အကြံပြုစာ:
Post a Comment