Thursday, January 20, 2011 By: ဘ၀ဇာတ်ခုံ

ကျွန်တော်နှင့်ဘုန်းကြီး

(ပြုပြင်လိုသော စိတ်ဖြင့် ရေးသားသည့် ဆောင်းပါးဖြစ်သည်။ ဤကဲ့သို့ ဓမ္မဒိဋ္ဌာန်ကျကျ ရေးသား တင်ပြနိုင်ကြစေခြင်း အလို့ငှာ မောင်ညီလင်းဆက်၏ ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ ဦးမနက်ဖြန်ဘလော့သို့ လာရောက် မျှဝေသည့် အမည်မသိ ပုဂ္ဂိုလ်ကိုလည်း အထူးကျေးဇူးတင်ပါသည်။ ညီလင်းဆက်ဆိုသည်မှာ နယူဒေလီးကျောင်းတက်စဉ်က သိခွင်ရသည့် စစ်သံမှူးရဲ့ သားလေး ဒကာလေး တစ်ဦးပါ။ ညီမောင်ရေ မိသားစုနှင့်တကွ ကျန်းမာပါစေလို့ မေတ္တာပို့လိုက်ပါတယ်။)

ကျွန်တော်နှင့်ဘုန်းကြီး

ရှေးမင်းများကာလက သာသနာတော်ကို ကြည့်ရှုရန် မဟာဒါန်ဝန်ဆိုသည့် ရာထူးကို ခန့်ထားကြသည်။ သာသနာတော် သန့်ရှင်းရေး၊ ရဟန်းသံဃာတို့နှင့် စပ်ဆိုင်သည့် ကိစ္စများတွင် မဟာဒါန်ဝန်က ဖြေရှင်းရသည်။ ဘုန်းကြီး ၀တ်ကြသည်မှာ အကြောင်းအမျိုးမျိုး ရှိသည်။ အချို့ကလည်း တကယ့်ကို သာသနာ့ဘောင်သို့ ၀င်လိုသောကြောင့် ဖြစ်သည်။ အချို့ကလည်း နောင်ဘ၀အတွက်၊ တချို့ကလည်း စားဝတ်နေရေး ကြပ်တည်းသည့် အတွက်၊ အချို့ကလည်း အခက်အခဲ မျိုးစုံတို့ကြောင့် စသည်ဖြင့် အမျိုးမျိုး ကွဲပြားနိုင်သည်။ သို့သော် မြင့်မြတ်သော သင်္ကန်းကို ၀တ်ရုံလိုက်ပြီ ဆိုသည်နှင့် မြင့်မြတ်သော အကျင့်ကိုသာ ကျင့်ကြံသင့်ပေသည်။

၂၀၀၂ ကာလများဆီက ဖြစ်သည်။ သန်လျင်တံတားကြီးနားမှ ယုဇနဥယျာဉ်သို့အသွား ဘုန်းကြီးများကို စက်ဘီးများဖြင့် အစုလိုက် အပြုံလိုက် တွေ့လိုက်ရသည်။ လူများလည်း မနည်းပေ။ စိတ်ဝင်စားသောကြောင့် သူတို့သွားရာသို့ လိုက်ကြည့်မိသောအခါ ဟိုဘက်ဒီဘက် နှစ်ဘက်ခွဲ၍ ဘောလုံးကန်နေ ကြသည်ကို တွေ့ရသည်။ လူများက အပြင်မှ လက်ခုပ်လက်ဝါးတီးကာ အားပေးလျက်။ တစ်ဖက် ဘုန်းကြီး အသင်းက အပေါ်ရုံ သင်္ကန်းမပါ၊ သင်းပိုင်နှင့်သာ ဖြစ်သည်။ နောက်ဘုန်းကြီး အသင်းက သင်္ကန်းကို တစောင်းရုံထားသည်။ ကျွန်တော်သည် လွန်စွာမှ ရှက်ရွံ့ စိတ်ပျက်ခြင်းများစွာ ဖြစ်သွားခဲ့ရသည်။

ရပ်ကွက်များတွင်လည်း ဘုန်းကြီးအချို့ ဆိုက်ကားပေါ်တွင် လော်စပီကာတင်ပြီး ကျောင်းဆောက်ရန်၊ ဘာဆောက်ရန်ဖြင့် အလှူလိုက်ခံကြသည်။ တိုက်ခန်းများပေါ်အထိ တက်ပြီး ဆွမ်းအလှူ ခံကြသည်။ ခရီးစရိတ် ပြတ်သွားလို့ဆိုပြီး လိုက်တောင်းသူများလည်း ရှိသည်။

တစ်လောက နိုင်ငံခြားသား တစ်ယောက်နှင့် ဘုရားပေါ်တွင် စကားပြောနေခိုက် ဦးဇင်းတစ်ပါးက ကောင်မလေး တစ်ယောက်နှင့် လက်တွဲပြီး သွားသည်။ ကျွန်တော်သည် သိန်းဖေမြင့်၏ တက်ဘုန်းကြီး ၀တ္ထုကို ပြေးသတိရလိုက်မိသည်။ နိုင်ငံခြားသားကမေးသည်။ မင်းတို့ဆီက ဗုဒ္ဓဘာသာ ဘုန်းကြီးတွေလည်း မိန်းမနဲ့ မကင်းဘူးလား ဟူ၍ဖြစ်သည်။ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက် ထေရ၀ါဒတွင် ဒါမျိုး လက်မခံကြောင်း၊ အဆိုပါ ဘုန်းကြီးများမှာ သာသနာဖျက်များသာ ဖြစ်ကြောင်း ပြန်ပြောလိုက်သည်။ ထို့နောက်မကြာ ကားနှင့်ပြန်လာရာ မီးပွိုင့်တစ်ခုတွင် ဘုန်းကြီးတစ်ပါးက ကားမောင်းပြီး ဒကာလုပ်သူက ဘေးမှ ထိုင်စီးသွားသည်ကို တွေ့လိုက်ရပါသေးသည်။

ဘုန်းကြီးများ နိုင်ငံရေးစကား ပြောကြသည်။ လူမျိုးရေး တိုက်ပွဲတွေ နွှဲကြသည်။ ဆရာဝန်အလုပ် ဆရာဝန်လုပ်၊ ကားသမား ကားအလုပ်လုပ်၊ ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်မှ ဘုန်းကြီးဟု ခေါ်ဆိုခြင်းငှာ ထိုက်သည်ဟု ကျွန်တော် ထင်မိသည်။ အင်တာနက် ခေတ်ကြီးတွင် ခေတ်မီသော ဦးဇင်းပျိုများ အင်တာနက်ထဲ ၀င်လာကြသည်။ ပွန်းဆိုဒ်များ မကြည့်ဘူးဟု ဆိုသော်လည်း ချတ်ရွမ်းများတက်ကာ ပေါက်ကရများ ပြောကြသည်။ ဘာသာရေးစကားများ တွင်တွင်ကျယ်ကျယ်ပြောကာ လက်တွေ့တွင် မိန်းခလေးများကို ထိကပါး ရိကပါး ပြောတတ်သေးသည်။ အချို့ဆိုလျှင် ပစ်ပစ်နှစ်နှစ် အောက်ပိုင်းကိစ္စများကို ဘုရားဟောဆိုပြီး ပြောတတ်ကြသေးသည်။ နောက်ဆုံး ထိုဦးဇင်းများကို ဘန်းပစ်ရသည်။

ဆရာတော်ကြီးများတောင် လန်ခရုဆာ စီးနေသော ကလိယုဂ်တွင် ဦးဇင်းများ ခေတ်နှင့်အညီ အင်တာနက် သုံးခြင်းကို ကျွန်တော် လက်ခံပါသည်။ အင်တာနက်တွင် ဗဟုသုတများစွာ ရှိသည်။ အတတ်ပညာ များစွာရှိသည်။ အချို့သော ဦးဇင်းများ ကွန်ပျူတာကို မွှတ်နေအောင် ကျွမ်းကျင်ကြသည်။ အချို့လည်း ပရိုဂရမ်းမင်း၊ ဒီဇိုင်း ကျွမ်းကျင်ကြသည်။ ထို့နောက် ပါဠိ-မြန်မာ အဘိဓာန်များရေးကြသည်။ ဘုရားရှင်၏ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာတို့ကို လွယ်ကူစွာ လေ့လာနိုင်ရန် ဆော့ဖ်ဝဲလ် ရေးကြသည်။ ထိုဆရာတော်များကို ကျွန်တော်လေးစား မိပါသည်။ သို့သော်လည်း ထိုထိုသော လူကျော်များ ကြားထဲမှ သင်္ကန်းဝတ်ပြီး ပေါက်တက်ကရ လုပ်နေသော ကိုယ်တော်များကိုတော့ မနှစ်သက်မိတာ အမှန်ပင် ဖြစ်သည်။ ဘုရားရှင်၏ တရားတော်များသည် မွန်မြတ်ပါသည်။ ဘုရားရှင်၏ သာသနာတော်တွင် သင်္ကန်းရုံပြီး ဘုရားရှင်၏ သာသနာကို နိမ့်ကျ အမြင်တိမ်းစောင်းစေသည့် အမူအကျင့်များ မလုပ်သင့်ဟု ထင်မိပါသည်။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် ထိုသို့သော သံဃာပျက်များ ပေါများလာလျှင် သာသနာလည်း ပျက်လာမည်မှာ မလွဲချေ။

မင်းတကာတို့ အလေးထား ရိုကျိုးနေသောအချိန် ခမည်းတော် ဖိတ်ကြားချက်ကြောင့် တိုင်းပြည်သို့ ပြန်ကြွရာတွင် မည်သည့် ယာဉ်ရထား တန်ခိုးဣဒ္ဓိပါဒ်မှ မသုံးဘဲ တစ်နေ့လျှင် တစ်ယူဇနာနှင့် ယူဇနာခြောက်ဆယ်ကို ခြေလျှင် ကြွတော်မူသော ဗုဒ္ဓဘုရားရှင်နှင့် သာဝကများကို ကျွန်တော်သည် လွန်စွာမှပင် ကြည်ညိုနေမိပါတော့သည်။
Me, Myanmar and Monks ( ကျွန်တော်နှင့်ဘုန်းကြီး ) by Nyi Lynn Seck (ညီလင်းဆက်)

(http://www.facebook.com/notes/ashin-nayakalankara/36bf2e0b/495063628817) မှကူးယူဖော်ပြပါသည်။ (ဘ၀ဇတ်ခုံ)

0 အကြံပြုစာ: