လွယ်လွယ်ပဲ ပြောကြပါစို့
ငါဟာ နာမ၀ိသေသနတွေကို
ခေါင်းအုံးမအိပ်နိုင်သူပေါ့။
ခြေချော်လက်ချော်
ကံစမ်းမဲ့ပေါက်မှ
တောင်ထိပ်ကို ရောက်မယ့်သူပေါ့။
ကြေကွဲခြင်းနိဂုံးတွေနဲ့ ရောမွှေထားတဲ့
ခေါင်းစဉ်မဲ့ ကဗျာတစ်ပုဒ်လည်းဖြစ်ရဲ့
မိုးသံလေသံကြားတိုင်း
ကိုယ့်ဝန်းကျင်ထဲကပဲ မရဲတရဲ
သူလိုငါလို ခေါင်းထောင်ကြည့်ဖို့ ကြိုးစားရင်း
ဘ၀ရဲ့အမည်မဲ့ မှတ်တိုင်ထဲကိုခုန်ချ
တကယ်တော့ -------- ငါဟာ
နေ၀င်နေထွက် လွဲခဲ့တဲ့
ခပ်ညံ့ညံ့သတ္တ၀ါတစ်ကောင်ပါ။
အံ့ပါရဲ့ ------------
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ
လိပ်စာကလေး မှားပြီးတော့တောင်
ရောက်မလာဘူး။
ကြိုဆိုပါတယ်
လမင်းကိုပြုံးပြဖြစ်ဖို့
ဒီနေ့တော့ စောစောထမှ ဖြစ်မယ်။
(ထက်မင်းပိုင်)
0 အကြံပြုစာ:
Post a Comment