သူငယ်ချင်း
လောကကြီးထဲ ခြေချတော့
အူဝဲဆိုတာနဲ့ ချခဲ့တယ်။
ငိုခြင်းနဲ့ စခဲ့တဲ့ဘဝ
အဆုံးသတ်ပါတော့။
တစ်ခါရူံးတိုင်း တစ်ခါငိုလည်း
ဘ၀ဟာ စိုပြည်လာမှာမှ မဟုတ်ဘဲ
ယနေ့ ရယ်နေသူတွေဟာ
မနေ့က ငိုခဲ့တဲ့သူတွေပါ။
ဒီအချိန်ကျော်နေသူတွေဟာ
ဟိုတစ်ချိန်က ချော်ခဲ့တဲ့သူတွေဆိုတာ
မင်း နားလည်စမ်းပါ။
ရူံးရာမှ ကုံးထ
လောကကြီးကို ပြုံးပြလိုက်စမ်းပါ
အားလုံး အိုကေနေတာ တွေ့ရမယ်။
အားတင်းပြီး ခေါင်းမော့
ရင်တစ်ချက်ကော့ပြလိုက်တာနဲ့
လောကကြီး တုန်လှုပ်သွားလိမ့်မယ်။
လူသားမှာ စွမ်းအားရှိနေတာ
သူသိနေတယ်လေ။
နဖူးက ချွေးတစ်စက်
မြေကြီးထက် ဆင်းသက်တာနဲ့
ရွှေအသီးတွေ ထွက်လာလိမ့်မယ်။
မျက်ရည်တွေ တောက်တောက်ကျ
အသနားခံပြတာကိုတော့
လောကကြီးက တာ့တာ့------တဲ့။
မွေးဖွားလာတဲ့ လူသားတိုင်း
အငိုနဲ့ စခဲ့လို့
လောကကြီးက ရိုးသွားပြီ။
ဒါကြောင့် --------
ရုန်းထ ပြုံးပြ
လူသားရဲ့ စွမ်းအားကိုပြ
လောကကြီးက မင်းကို သြချလိမ့်မယ်။
ငိုနေလို့တော့ အပိုပဲ သူငယ်ချင်း။ ။ ။
0 အကြံပြုစာ:
Post a Comment