Saturday, November 6, 2010 By: ဘ၀ဇာတ်ခုံ

မျက်လုံး

မျက်လုံးအကြောင်း ဒိနေ့ စဉ်းစားနေမိသည်။ တစ်ချို့အသက်ကြီးပေမဲ့ မျက်မှန်မတပ်ကြ။ အမြင်အာရုံးကောင်းသည်။ တစ်ချို့အရွယ်ရောက်ခါစရှိသေး မျက်မှန်ကြီးနဲ့။ မျက်လုံးကို သေချာစောင့်ရှောက်သင့်သည်။ ကိုယ့်တစ်သက်တာအတွက် ဒိမျက်လုံးသည် အလွန်အရေးကြီးသည်။ မျက်စီအားနည်းသွားရင် မျက်မှန်လိုသည်။ လုံးဝအားနည်းသွားရင်တော့ သွားပြီး ကန်းသည်ဟု ဆိုကြသည်။ မျက်လုံးကန်းရင် ဘာလုပ်တော့မည်လဲ။ လူရာမ၀င်သလောက်ဖြစ်သွားမည်။ ကိုယ့်ဘ၀အတွက် အမြင်အာရုံသည် အလွန်အရေးကြီးသည်။

အမြင်အာရုံးကောင်းမှ အနီးအဝေး ကောင်းသောအာရုံ၊ မကောင်းသောအာရုံ အရာရာမြင်နိုင်သည်။ အမြင်အာရုံမကောင်းရင် ရှေ့တွင်အန္တရာယ်ရှိလား ချောက်နက်ကြီးရှိလား တွင်းကြီးရှိလား မြွေကြီးရှိလားဆိုတာတောင် မမြင်မသိ။ သွားတိုင်းသွားတိုင်းအန္တရာယ် များလှသည်။ ကိုယ့်ဘအတွက် ဒုက္ခတွင်းထဲ ရောက်သထက်ရောက်တော့မည်သာ။ ပကတိအနေအထားမှာ အမြင်အာရုံ မျက်စိသည် ဒိလောက်အရေးပါနေသည်ကို သိထားကြရင် ----- ---- ---- ---

ဉာဏ်မျက်စိ ကန်းခဲ့ရင်တော့ တစ်ဘ၀မဟုတ် ကိုယ့်လျှောက်ရမည့် အနာဂတ်ခရီးသည် မတွေးဝံ့စရာပင်။ မျက်စိကန်းတဲ့အကြောင်းပြောတော့ လောဘကြောင့် ဉာဏ်မျက်စိကန်းပုံလေး ပြောပြချင်သည်။ မြတ်ဗုဒ္ဓကတော့ လောဘသည် ကောင်းတာဆိုးတာမသိဘူးတဲ့။ လောဘဖုံးလွှမ်းလို့ ဉာဏ်မျက်စိအာနည်း နေသူတွေကို ဉာဏစက္ခုအမြင်မှန်ရအောင် ကုပေးခဲ့သည်။ တစ်ချို့ ပကတိမျက်စိကန်းနေပေမဲ့ ဉာဏ်မျက်စိမကန်း လေတော့ ဘ၀သည်အဓိပ္ပါယ်ရှိသည်။ သာယာသည်။ ငြိမ်းအေးသည်။ ချမ်းသာသည်။ ဒုက္ခကိုအဆုံးသတ် နိုင်ခဲ့ကြသည်။ ဉာဏ်မျက်စိသည် ပို၍ပင် အရေးကြီးသည်။

လောဘသည် သေ၀ိတဗ္ဗလောဘ မှီဝဲသင့်တဲ့လောဘ၊ အသေ၀ိတဗ္ဗလောဘ မမှီဝဲသင့်တဲ့လောဘ နှစ်မျိုးရှိသည်။ မိသားစု ရပ်ရွာ ကိုယ့်နိုင်ငံ ဘာသာသာသနာအတွက် လောဘနဲ့စီးပွါးရှာခြင်းသည် ရှိသင့်သည်။ ဖြစ်သင့်သည်။ ဖြစ်ထိုက်သည်။ ဒါကို တရားသောလောဘဟုနားလည်သင့်သည်။ ဖြစ်သင့်ဖြစ်ထိုက်တာ ရှိသင့်ရှိထိုက်တာထက် ကျော်လွန်လို့ မတရားလိုချင်တာသည် ဆိုးလွန်းလှသည်။ ရှက်စရာကောင်းသည်။ ကြောက်စရာကောင်းသည်။ ကဲ့ရဲ့ထိုက်သည်။ ဘာသာရေးအမြင်အရပဲ ဖြစ်ဖြစ် လူမူရေး ရူထောင့်ကပဲ ဖြစ်ဖြစ် လက်မခံထိုက်သော လောဘမျိုးသည် အသေ၀ိတဗ္ဗလောဘ၊ ၀ိသမလောဘမျိုးဖြစ်သည်။ မမွေးမြူ မပေါက်ဖွါးအောင် ကြိုးစားရမည်။

အလောင်းတော်ကြီးတွေ ပါရမီဖြည့်စဉ်ကာလ စီပွါးကို ဘယ်လိုရှာခဲ့သလဲ။ ပညာရှိတွေ အသိဉာဏ်နဲ့ ဘ၀အထက်တန်း လျှောက်လှန်းသူတွေ စီးပွါးကို ဘယ်လိုလုပ်ကြသလဲ။ စဉ်းစားသင့်သည်။ အတုယူသင့်သည်။ လိုချင်သည့်သဘောသည် အဆုံးမသတ်နိုင်ပေမဲ့ သတိရှိသူ ဉာဏ်ရှိသည် ကိုယ်ချင်းစာတရားလက်ကိုင်းထားသူ လောဘဆိုးကျိုးကို ကြိုမြင်သူတွေက ထိန်းသိမ်းနိုင်ကြသည်။ အရှိကို အသိနဲ့ ညှိကြသည်။ ရရှိလာတာကိုလဲ အများနဲ့ဝေငှလို့ သုံးစွဲကြသည်။ အကျိုးရှိရှိ အသုံးချသည်။ အံ့သြစရာပင်။

လောဘသည် အပြီးတိုင်ပယ်ရှားပစ်ရမည့် ပူလောင်စေတဲ့တရာမျိုးဖြစ်လို့ သတိထားသင့်သည်။ လောဘအစား အများနဲ့ ဝေးငှသုံးစွဲမယ်ဆိုတဲ့စိတ်၊ ကူညီမယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့ အစားထိုးသင့်သည်။ ကောင်းသောအမြင်တွေနဲ့ စိတ်ထားနှလုံးသွင်းကောင်း ထားကာ စိတ်ထဲမှာ အစားထိုးသင့်သည်။

သူများပိုင်ဆိုင်တာကို မတရားလိုချင်မူသည် အလွန်ရှက်စရာကောင်းသည်။ သတိမရှိဉာဏ်မရှိရင် ရှိခဲ့ရင်လဲ လောဘက အားကောင်လို့ ဘီလူးပူးဝင်သလို လွန်းမိုးသွားခဲ့ရင်တော့ မဖြစ်သင့်တာ ဖြစ်ကုန်တော့သည်။ လောဘအမှောင့်ပယောက ပူးဝင်ရင် နာဂစ်မုန်တိုင်း သောင်းကြမ်းသလို သောင်းကြမ်းတော့သည်။ မကြားဖူးတာတွေ အခုကြားရတော့သည်။ သနားစရာကောင်းသလို့ သံဝေဂရစရာလဲ ကောင်းသည်။ ဘ၀သည် သတိမရှိ ဉာဏ်မရှိ တရားမရှိရင် မသေခင်က မိမိဘ၀သည် သေနှင့်တော့သည်။ မနက်ဖြန်တိုင်း သည်လည်း မှောင်သထက်မှောင်တော့သည်သာ။ ဘာကြောင့်လဲ ပကတိမျက်စိကောင်းပေမဲ့ ဉာဏ်မျက်စိ ကန်းနေသောကြောင့်ပင်။

ငါစေတနာသည် အားလုံး ပကတိမံသစက္ခုလည်း ကောင်းစေချင်သည်။ ဉာဏ်မျက်စိလည်း ကောင်းစေချင်သည်။ ဘ၀ကို အမြင်အာရုံးကောင်းကောင်းလေးတွေနဲ့ ပျော်ရွှင်ငြိမ်းချမ်းစွာ လျှောက်လှမ်းစေချင်သည်။ လောဘကြောင့် ဉာဏ်မျက်စိတွေမကန်းစေချင်၊ မဖြစ်သင့်တဲ့လောဘ မဖြစ်ခင်ကသတိထားလို့ တရားအသိနဲ့ လူကျင့်ဝတ်အသိနဲ့ ရှောင်ရှားသင့်သည်။ အောင်ပါ အဖြစ်အပျက်လေးကို ဖတ်ကြည့်ရင်း လောဘဆိုးကျိုး လူလောက လူ့အသိုင်းအ၀ိုင်းမှာ ဘယ်သောအခါမှ မဖြစ်ပါစေနှင့်ဟု ဆန္ဒပြုမိသည်-------- ----- ----- ---- -- -- -
--------- --- --
လူမှားပြီး ကိုယ့်သမီး ကိုယ်သတ်မိတဲ့ မြောက်ဦး လူသတ်မှု

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဧည့်သည် အမျိုးသမီးထံမှ ငွေကို ရယူလို၍ မိဘဖြစ်သူက ကိုယ့်သမီး ကိုယ်မှားယွင်း သတ်မှု လွန်ခဲ့သည့် ကြာသပတေးနေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြောက်ဦးမြို့ တောင်ဘက် ၄ မိုင်အကွာရှိ တိမ်ညို ကျေးရွာတွင် ဖြစ်ပွားပြီး ဦးမောင်သိန်း (၄၅) နှစ်နှင့် ဒေါ်မြင့်အေး (၄၁) နှစ်က သမီး မဝေဝေလွင် (၂၃) နှစ်ကို သတ်မိခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုလင်မယားမှာ ဧည့်သည် အမျိုးသမီးကို သတ်ပြီး ငွေ (၁၅) သိန်း ရယူရန် စီစဉ်ခဲ့သော်လည်း ညအချိန်တွင် သမီးဖြစ်သူနှင့် ဧည့်သည် အမျိုးသမီး ခြင်ထောင်ပြောင်းခြင်းကို မသိလိုက်ဘဲ သတ်မှတ်ထားသည့် ခြင်ထောင် အထဲ အိပ်နေသော အမျိုးသမီးမျက်နှာကို ခေါင်းအုံးဖြင့် ဖိသတ်လိုက်ကြောင်း ရဲစခန်းတွင် ဝန်ခံပြောခဲ့သည်ဟု စခန်းသို့ လိုက်ပါပို့ဆောင်ခဲ့သည့် ရွာခံတဦးဖြစ်သူ ကိုဝင်းနိုင်က ပြောသည်။

“သူတို့ စီစဉ်ခဲ့တာက ဧည့်သည်အမျိုးသမီးနဲ့ သူ့သမီးကို အိပ်ရာ(၂)ခု ခြင်ထောင်ကိုယ်စီ သီးခြားအိပ်ခိုင်းတယ်။ ဧည်သည် အမျိုးသမီးကို လည်ပင်းကြိုးကွင်း သတ်မယ်လို့ စီစဉ်ခဲ့တာ။ အိပ်ရာဝင်တဲ့အခါ ဧည့်သည် အမျိုးသမီးက ခြင်ထောင်က ဆေးနံ့ရတယ်ဆိုပြီး သူတို့ချင်း အိပ်ရာ လဲအိပ်ကြတာကို မသိလို့ လူမှားသတ်တာ ”ဟု ကိုဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

သေဆုံးနေသော အလောင်းကို အိမ်အောက်တွင် အသင့် တူးထားသည့် တွင်းထဲကို ထည့်ရန် ပြင်ဆင်ချိန်မှ မိမိတို့ သမီးဖြစ်နေမှန်း သိရပြီး လင်မယားနှစ်ဦး ငိုကြွေးရာမှ ပတ်ဝန်းကျင်က သိသွားရခြင်း ဖြစ်သည်။

“မနက်စောစော သူတို့သမီး ကြိုးဆွဲချ သေလို့တဲ့ ဝန်းကျင်ကလူတွေကို အကူအညီတွေ တောင်းတော့ ကျနော်တို့ သိတာ” ဟု အိမ်နီးနားချင်းတဦးက ဆိုသည်။

ထိုအမှုအား တိမ်ညို ရဲစခန်းက လာရောက် စစ်ဆေးရာ မသင်္ကာဖွယ်တွေ့၍ ဧည့်သည်အမျိုးသမီး အပါအဝင် မိဘနှစ်ဦးအား ရဲခစန်းသို့ ခေါ်ဆောင် မေးမြန်းခဲ့ရာမှ ဝန်ခံခဲ့ကြောင်း ဒေသခံများက ပြောသည်။

မခင်အေးငွေမှာ မင်းပြားမြို့ မင်းကန်ကြီးရပ်ကွက်ဖြစ်ပြီး ကုန်ရောင်း ကုန်ဝယ်လုပ်ကိုင်နေသူ တဦးဖြစ်သည်။ ဦးမောင်သိန်းတို့ မိသားစုမှာ သမီးတဦးသာရှိပြီး ကျပန်း လုပ်ကိုင်စားသောက်ကြသည်။

ယခုအခါ တရားခံ လင်မယားနှစ်ဦးအား လူသတ်မှုဖြင့် တရားစွဲထားပြီး မြောက်ဦး ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်းနှင့် ဧည့်သည် အမျိုးသမီးက လူသတ်မှုကို အိမ်ရှင်လင်မယား ကြံစည်ကတည်းက သိရှိခဲ့သော်လည်း အသက် အန္တရာယ်ကို စိုးရိမ်သောကြောင့် အိပ်ချင် ယောင်ဆောင်ခဲ့ကြောင်း ရဲစခန်းတွင် ပြောကြားသည်ဟု နီးစပ်သူ တဦးက ဆိုသည်။

(ငြိမ်းချမ်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၁၈ မိနစ်)
ဒါကာ(မဇ္ဈိမ)။

0 အကြံပြုစာ: