အင်း ၂၀၁၁-နှစ်ဟောင်းက အသက်ထွက်လုဆဲဆဲ ငါဘာလုပ်ရမလဲ မသိဖြစ်နေတယ်။ မကြာခင်မှာ ၂၀၁၂ -နှစ်သစ်က မွေးဖွါးတော့မယ်။ နောက်ပြန်ကြည့်တော့လဲ အခက်အခဲ ခံစားချက် လောကဓံရိုက်ချက်က မသက်သာ၊ လတ်တလောခံစားချက်က မီးဘေးသင့်သူတွေ သေဆုံးသူတွေ အသက်ပေးသွားသူတွေကို တွေးနေမိတယ်။ ကိုယ်နဲ့ဝေးပေမဲ့ ငါကမြန်မာသွေးဆိုတော့ ပူသည် ဆူသည် ခံစားရသည်ပဲလေ၊
ဘုရားရှင်ရှေ့မှာထိုင် ဆီမီး ပန်း နံ့သား အစုံစုံတင်လိုက်တယ်၊ ကြည်ညိုဖွယ် စိတ်ကြည်လင်အောင်အရင်ဖန်တီးယူလိုက်တယ်၊ ပရိတ် ပဌာန်း မဟာသမယ ဓမ္မစင်္ကြာ အနတ္တလက္ခဏာသုတ်တွေကို ပူဇော်လိုက်တယ်၊ အချိန်အကန့်အသတ်နဲ့ စိတ်တွေကို သတိနဲ့ မိတ်ဆက်ပေးထားလိုက်တယ်။ စိတ်လက်ကြည်သာဖြစ်နေလို့ စိတ်စွမ်းအား စေတနာ ကောင်းမူအဟုန်တွေကို စိတ်နဲ့ နှုတ်နဲ့ တိုင်းတည်ပြီး အမျှ အမျှ အမျှ ဆိုပြီး ပေးဝေနေမိတော့တယ်။
နှစ်ဟောင်းမှာ ကျွေလွင့်ခဲ့ကြတဲ့ ပြည်မြန်မာက ရှင်လူအများအားလုံးနဲ့ မီးဘေးကြောင့် အသက်ဆုံးရှုံးသူတွေ အသက်ပေးသွားတဲ့ မီးသတ်ရဲဘော်တွေကို အထူးရည်စူးပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် လုပ်နေတာပါ။ဒီနေ့နှစ်ဟောင်းကုန်တော့မည့်ဆဲဆဲမှာ ငါအလုပ်ချင်ဆုံးဟာ သူတို့အတွက်လေ၊ နှစ်ဟောင်းပျောက်သွားသလို သူတို့လဲ အသက်တွေပျောက်ကုန်ခဲ့ပြီ၊ ၂၀၁၂-နှစ်မွေးဖွါးလာသလို သူတို့အားလုံးလဲ ဘ၀သစ်မှာ မွေးဖွါးနေရောမည်၊ ဘယ်လိုအခြေမျိုးတွေနဲ့ ဆိုင်ရာဘ၀တွေကို ဖြတ်သန်းနေသည်ကိုတော့ ငါလဲတိကျမသိ၊ သောက ဒုက္ခ ကိုယ်စိတ်နှစ်ပါး ဆင်းရဲမှ လွတ်မြောက်ကြပါစေလို့ အမျှဝေရင် တောင်ဆုချွေနေမိတယ်။ မြင့်မြတ်တဲ့ဘ၀တွေကို ကိုယ်စီပိုင်ဆိုင်နိုင်ပါစေလို့လဲ ထပ်မံဆုတောင်းပေးမိတယ်။
ဘာပဲဖြစ်ဖြစ် ငါလဲ နှစ်ဟောင်း ပုံရိပ်အမျိုးမျိုးကို လှမ်းမျှော်ကြည့်ရင်း နှုတ်ဆက်လိုက်မိတော့တယ်။ နှစ်သစ်ကို စိတ်သစ်ကိုယ်သစ်နဲ့ ကြိုလိုက်မိတယ်။ ငါချစ်တဲ့ ပြည်မြန်မာသည် နှစ်ဟောင်းက ခါးသီးလှတဲ့အဖြစ်အပျက်မျိုးတွေ ၂၀၁၂-မှာ မကြုံမတွေပါရစေနဲ့။ ပြည့်သူတွေဖြစ်ချင်တဲ့ စိတ်ပိုင်း ရုပ်ပိုင်း အသိဉာဏ်ပိုင်း ပညာရေး ကျန်းမာရေး လူမူရေး ကိုယ်ကျင့်တရား အားလုံး တိုးတက်မြင့်မားပါစေ။ စည်းလုံးမူ ညီညွတ်မှုတွေ မေတ္တာ ကရုဏာ ခန္တိမြေပေါ်မှာ ရှင်သန်ပေါက်ဖွါးပေးနိုင်ပါစေ။ အသိအကျင့် ပန်းတိုင် ဟန်ချက်ညီညီ ရှောက်လှန်းနိုင်ပါစေ၊ ရောက်ရှိနိုင်ပါစေ၊ အားလုံးကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ အေးပါစေ၊ ငြိမ်းပါစေ၊ လန်းပါစေလို့ နှစ်သစ်ဆုတောင်း တောင်းပေးလိုက်ပါတယ်။
0 အကြံပြုစာ:
Post a Comment