မေတ္တာပေးတာ မေတ္တာမရဘူးဟု သူငယ်ချင်းတစ်ယောက်က ပြောတယ်။ သူက မေတ္တာကို ဘယ်လို အဓိပ္ပါယ်ဖွင့်တယ်မသိဘူး။ ငါထင်တာကတော့ သမီးရည်းစား ချစ်ခြင်းမျိုးလဲ ဖြစ်နိုင်တယ်။ နောက် ကိုယ်က အားလုံးနဲ့ အဆင်ပြေချင်တယ်။ စိတ်မညစ်ချင်ဘူး။ သဘောထားတွေ မကွဲလွဲချင်ဘူး။ တန်းတူအခွင့်အရေးမျိုး ရချင်တယ်။ တစ်ခါတလေ စိတ်ထဲမှာ တစ်စုံးတစ်ခု အဆင်မပြေတော့ မေတ္တာပို့ကြည့်တယ်။ ကိုယ့်ဖက်က ခံရရင်လဲ ခွင့်လွတ်ကြည့်တယ်။ အခြေအနေက ကိုယ်လက်ရှိလုပ်ကိုင်နေရတဲ့ ပတ်ဝန်းကျင်မှာ အထက်အရာရှိအပေါ်လဲ ဖြစ်နိုင်တယ်။ ကိုယ်နဲလုပ်ဖော်ကိုင်ဖက်အပေါ်မှာလဲ ဖြစ်နိုင်တယ်။
ကိုယ်လိုချင်သလို ကိုယ်ဖြစ်ချင်သလိုတွေ ဖြစ်မလာတော့ စိတ်ထဲမှာတွေးမိလားတယ်။ ငါက စေတနာ ထားတယ်။မေတ္တာထားတယ်။ မျှမျှတတ ဖြစ်ချင်တယ်။ အခုတော့ ငါဘယ်လောက်စိတ်ကောင်းထားထား အချည်းနှီးပဲလို့
ခံစားမိလာတယ်။ အဲဒီအခါမျိုးမှာ စိတ်က အချဉ်ပေါက်လာတယ်။ ဒေါသလဲ ဖွဲမီးလောင်သလို ဖြေးဖြေးခြင်း စိတ်မှာတွေးတောမူနဲ့အတူ လောင်မြိုက်နေတယ်။ ဘယ်သွားသွား မလွတ်လပ်သလို ခံစားရတယ်။ အိပ်မပျော်ရင် ဒီအတွေးက ပိုဆိုးပါတယ်။ ကိုယ့်အပေါ်အနိုင်ယူသွားတာ လက်တစ်လုံးခြားလုပ်တာ ကြောသွားတာ မထိတထိလုပ်သွားတာ စသည် အတွေးတွေ အများကြီးနေရာယူတယ်။ သေချာတာတော့ ကိုယ့်စိတ်မှာ အေးချမ်းမူ တည်ငြိမ်မူ မရှိတာပါပဲ။
ဒါဟာ နုတ်နဲ့ ပြောတဲ့အဆင့်မရောက်သေးပါဘူး။ စိတ်ထဲမှာ ကြံစည်တဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ဒေါသအနုစားပေါ့။ ဒီဒေါသ ပူလောင်မူကို မေတ္တာဆိုတဲ့ စိတ်စွမ်းရည် တစ်မျိုးနဲ့ အစားထိုးရမှာပါ။ တကယ်တော့ မေတ္တာဆိုတာ ဒေါသနဲ့ ဆန်ကျင်ဘက်ပါ။ မီးရဲ့ ဆန့်ကျင်ဘက်က ရေဖြစ်လို အဖျက်သဘောဆောင်တဲ့ ဒေါသရဲ့ ဆန့်ကျင်ဘက်ဟာ အပြုသဘောဆောင်တဲ့ မေတ္တာပါ။ မေတ္တာစေတသိက်ဆိုပြီးတော့ ဗုဒ္ဓအဘိဓမ္မာမှာ သီးခြားမလာပါဘူး။ အဒေါသစေတသိပ်သည်ပင် မေတ္တာခေါ်တာပါ။
မေတ္တာဆိုတာ ကျင့်စဉ်တစ်ခုပါ။ တကယ်ကျင့်ရင် ဈန်အဆင့်ထိ တက်နိုင်တယ်။ ဘုရားလောင်းတွေ ကျင့်တဲ့ထဲမှာလဲ မေတ္တာကျင့်စဉ်ဟာ ပါရမီတစ်ခုအနေနဲ့ ပါတယ်။ အဆင့်သုံးဆင့်ခွဲပြီးတောင် ကျင့်ကြတယ်။ ရိုးရိုးသတ္တာဝါတွေအပေါ်မှာ ကောင်းကျိုးလိုလာတာကို အခြေခံပြီး ပွားများတယ်။ မေတ္တာရှိတဲ့အတိုင်း ကိုယ်နဲ့တန်းတူထားပြီး သူတို့အပေါ်မှာ မညှင်းဆဲဘူး။ မသတ်ဖြတ်ဘူး။ ကိုယ့်ကြောင့် သူတို့ဘယ်လိုနည်းနှင့်မျှ ကိုယ်စိတ်နှစ်ပါး ဒုက္ခမရောက်စေဘူး။ ဒီလိုကျင့်တဲ့အခါမှာ အခက်အခဲနဲ့ တွေ့ရင်တော့ ခန္ဓာကိုယ်အစိတ်အပိုင်းသာ အပျက်အစီးခံတယ်။ ကိုယ့်ထားတဲ့မေတ္တာစွမ်းရည်ကို အပျက်အစီးမခံဘူး။ နောက် အသက်သာအသေခံလိုက်မယ် ကိုယ်ကျင့်တဲ့ မေတ္တာစွမ်းရည်ကို အပျက်အစီးမခံဘူး။
ဒီလိုသုံးခုလောက်ထိ ခွဲခြားပါတယ်။ တကယ်တော့ မေတ္တာဆိုတာ စစ်မှန်ရင် သူ့အတွက် ကောင်းကျိုးလိုလို့ ကျင့်ပေမဲ့ ကိုယ့်အတွက် ဖြစ်နေပါတယ်။ "မေတ္တာ သူ့တွက် ရည်ရွယ်လျှက် ကိုယ့်တွက်အကျိုးထင်"တဲ့လေ။ တကယ်စွမ်းရည်တတ်တာက ကိုယ့်မေတ္တာပို့ခံရတဲ့သူမဟုတ်ပါဘူး။ ကျင့်သူထားသူ ပဲဖြစ်ပါတယ်။ မေတ္တာရဲ့ အာရုံဟာ ဝေးနီးထက်အောင် မြင်အပ်မမြင်အပ် အရပ်ရှစ်မျက်နှာမှာ ရှိတဲ့သက်ရှိသတ္တ၀ါအားလုံးပဲ ဖြစ်ပါတယ်။ ကိုယ့်တကယ်မုန်းသူကိုလဲ မေတ္တာပို့ရင် အရင်ဆုံးမပို့ရပါဘူး။ ကိုယ့်တကယ်ချစ်သူကိုလဲ အရင်ဆုံး မေတ္တာမပို့ရပါဘူး။ အားလုံးပြီးမှ ပို့ရပါတယ်။ ဖြစ်နိုင်တာကတော့ ဒေါသအဆိပ် လောဘအဆိပ်တွေ တက်လာစိုးလို့ပါ။ လောဘဟာလဲ ရယူချင်သဘောဆောင်ပါတယ်။ လောဘကြောင့် မပိုင်ဆိုင်ရ မခံစားရရင် ဒေါသဆိုတာ ထပ်ဝင်လာပြန်ပါတယ်။ မေတ္တာဆိုတာ ဒေါသမဟုတ်သလို လောဘအကုသိုလ်တရားမျိုးလဲ မဟုတ်ပါဘူး။ ကောင်းကျိုးကို ဖြစ်စေတဲ့ ကုသိုလ်တရားမျိုးပဲ ဖြစ်လို့ပါ။ မေတ္တာဟာ အအေးဓာတ် အငြိမ်းဓာတ်မျိုးဖြစ်ပါတယ်။ ဒေါသဖြစ်နေတဲ့အခိုက် မေတ္တာပွါးမရပါဘူး။ လောဘဖြစ်နေတဲ့အခိုက်လဲ မေတ္တာပွါးလို့ မရပါဘူး။ အာရုံပေါ်ထားတဲ့ စိတ်ချင်းလဲ မတူလို့ပါပဲ။
မေတ္တာရဲ့ သဘောကို ထင်ရှားအောင်ပြောကြရာမှာ မိခင်နဲ့သားသမီးကို စံထားပြောကြပါတယ်။ မိခင်ရင်ခွင်ထဲက သားသို့မဟုတ် သမီးဟာ မသိရှာသေးတော့ မိခင်ရင်ခွင်ထဲမှာပဲ အညစ်အကြေးစွန့်ချင်လဲ စွန့်မယ်၊ ဆံပင်ဆွဲချင်လဲ ဆွဲမယ်၊ ခြေထောက်နဲ့ ကန်ချင်လဲ ကန်မယ်။ ဘယ်လိုပဲလုပ်လုပ် မိခင်မှာ သူသားသမီးကို အပြစ်ရယ်လို့ နဲနဲလေးမှ မမြင်ပါဘူး။ ပိုချစ်သလို ခွင့်လဲခွင့်လွတ်နိုင်ပါတယ်။ ဒီနေရာမှာ ကိုယ့်အပေါ် လူတစ်ယောက်တုန့်ပြန်လာရင် ကိုယ်စိတ်မှာ ဘယ်လိုသဘောထားအခြေခံ စိတ်နဲ့ လက်ခံလဲ ဆိုတာစကားပြောပါတယ်။ မေတ္တာနဲ့ သည်းခံခြင်း ခန္တီနဲ့ဆိုရင် ကိုယ့်ဟာစွမ်းအားမြင့်တဲ့ သူတစ်ယောက်ပါ။ မာနလား ဒေါသလား လောဘလား မနာလို့ ၀န်တို့မူနဲ့လား အခြေခံရင်တော့ အပူဖြစ်မှာပါ။ ဒါကို မေတ္တာဆိုခဲ့ရင်လဲ အစစ်မဟုတ်နိုင်ပါဘူး။ အပူနဲ့စပ်ယှဉ်နေတဲ့ အကျိုးဆက်ဖြစ်နိုင်ပါတယ်။
မေတ္တာကျင့်စဉ်ဟာ စိတ်စွမ်းရည်တစ်မျိုးဖြစ်နေတော့ မလွယ်ကူပါဘူး။ ပါစပ်ပြောလွယ်ကူသလောက် လက်တွေထားဖို့ ခက်တဲ့အနေအထားမျိုး နေ့စဉ်ဘ၀မှာ တွေ့ရမှာပါ။ ဒါကြောင့်လဲ ပါရမီခေါ်တာပါ။ သူမြတ်တို့ကျင့်စဉ်တဲ့လေ။ မြတ်ဗုဒ္ဓကတော့ မေတ္တာနဲ့လောကကိုစောင့်ရှောက်တယ်။ ကရုဏာနဲ့လောကကို စောင့်ရှောက်တယ်။ မြတ်ဗုဒ္ဓ သားရာဟုလာပေါ်ထားတဲ့ မေတ္တာနဲ့ ဒေ၀ဒတ်ပေါ်ထားတဲ့ မေတ္တာစွမ်းရည်ဟာ အတူတူပါပဲ။ ဘယ်သူကိုမှ သာစေနာစေမရှိပါဘူး။ မြတ်ဗုဒ္ဓကို လုပ်ကြံတဲ့အမူကြီး နတ်တွေထဲကကော အမျိုးသမီးထဲကတော့ အမျိုးသားထဲကကော ရှိခဲ့ပါတယ်။ ဘယ်လိုပဲတွေ့ကြုံ တွေ့ကြုံ မြတ်ဗုဒ္ဓကတော့ မေတ္တာနဲ့ အေးချမ်းချမ်း အနိုင်ယူခဲ့ပါတယ်။ ခန္တီ သည်းခံခြင်းနဲ့လဲ အနိုင်ယူခဲ့တယ်။ မေတ္တာကို စွမ်းအားမြင့်စေတာကတော့ ခန္တီပါ။ ကမ္ဘာမြေကြီးဟာ လူတွေ ကောင်းတာလုပ်လုပ် မကောင်းတာလုပ်လုပ် သည်းခံသလိုမျိုး ကောင်းတဲ့သဘော မကောင်းတဲ့သဘောတွေနဲ့ တွေ့ရင်လဲ တည်တည်ငြိမ်ငြိမ်နဲ့ နေတတ်တာ ဖြေရှင်းတတ်တာ ခန္တီပါပဲ၊ မေတ္တာနဲ့ ခန္တီကိုပေါင်းထားရင် ပိုကောင်းပါတယ်။
မြတ်ဗုဒ္ဓကတော့ မေတ္တာပါရမီကို အဆုံးစွန်ကျင့်ထားပြီးသာ ဖြစ်နေလေတော့ ဘယ်သူမှာ အနိုင်မယူနိုင်ပါဘူး။ ရှင်းရှင်းပြောရရင် အခုကျင့်အခုစွမ်းအားပါဝါမြင့်ချင်တာကတော့ မလွယ်ပါဘူး။ ဘုရားရှင်ကို စံနမူနာထားပြီး အတုလိုက်နာကျင့်သုံးရင် အချိန်ကြားလေ စွမ်းအားတွေ တိုးလေးဖြစ်မှာပါ။ သေချာတာတစ်ခုကတော့ မေတ္တာပွါးနေခိုက် ယုတ်မာတဲ့အလိုဆိုး အဖျက်သဘောဆောင်တဲ့ ဒေါသဆိုးတွေ မိမိစိတ်ကို မလွမ်းမိုးနိုင်ပါဘူး။ တဒင်္ဂအခိုက်အတန့် အေးချမ်းမူ ငြိမ်းချမ်းမူရပါတယ်။ မေတ္တာစွမ်းရည်ကြောင့် စိတ်တွေ ကြည်လင်လာပါတယ်။ စိတ်ကြည်လင်ရင် စိတ်ကြောင့်ဖြစ်တဲ့ ရုပ်ဓာတ်နာမ်ဓာတ်တွေလဲ ကြည်လင်တော့ မိမိမှာ တကယ်ကျက်သရေရှိပါတယ်။ မိမိမျက်နှာဟာ အမတန်မှ အေးချမ်းပြီး တည်ငြိမ်ခြင်း လှပခြင်းတွေ ပြည့်နေပါတယ်။ နှလုံးသွေးလဲ ကြည်လင်လာတာမို့ စိတ်ကြောင့်ဖြစ်တဲ့ ရောဂါတွေပါ ပျောက်ကင်းနိုင်ပါတယ်။ သွေလည်ပတ်မူဟာ မေတ္တာဓာတ်တွေပါနေတာမို့ မိမိနေထိုင်ရတာ ပေါ့ပါးပြီး သန့်ရှင်းပါတယ်။ လွတ်လပ်ပါတယ်။ စိတ်လွလပ်ပေါ့ပါရင် ခန္ဓာကိုယ်လဲ ပေါ့ပါးလန်းဆန်းပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်ကို စွမ်းအားပြည့် အလုပ်လုပ်နိုင်ပါတယ်။
ခွန်းအားဆိုတာ မေတ္တာစွမ်းရည်ပါလားဆိုတာ နာလည်လာပါတယ်။ ခွန်အားဆိုတာ ဒေါသမှာ လောဘမှာ တကယ်မရှိဘူး။ ဘ၀ကို အောင်မြင်စေတဲ့တရားလဲ မဟုတ်ဘူးဆိုတာ နားလည်လာပါတယ်။ အခြေခံမေတ္တာကစ အဆင့်မြင့် မေတ္တာထိ အဆင့်ဆင့်တည်ဆောက်နိုင်ရင် သမာဓိအဆင့်ကူး ပညာကျင့်စဉ်နဲ့ပေါင်းလိုက်ရင် ဘ၀ဒုက္ခကိုတောင် အဆုံးသတ်နိုင်တဲ့အထိ အကျိုးကျေးဇူးတွေ ရရှိပါတယ်။ မေတ္တာစွမ်းရည်ဟာ တကယ်တော့ လေးနက်ဆန်းကြယ်ပါတယ်။ မကျင့်သူတွေအတွက် မယုံနိုင်စရာတွေ အများကြီးပါ။ ဘာပဲဖြစ်ဖြစ် ဒေါသကြောင့် ရန်ပွဲတွေ ပဋိပက္ခတွေ တိုးသထက်တိုးနေတဲ့ လက်ရှိအနေအထားမှာ မိမိကစ မေတ္တာအလင်းရောင် အငြိမ်းဓာတ် အအေးဓာတ်ပေးနိုင်ရင် အကောင်းဆုံးပါ။
ကိုယ့်ကြောင့် သတ္တ၀ါတွေ ကောင်းကျိုးဖြစ်ကြပါစေ။ ကြီးပွါးကြပါစေ။ အောင်မြင်ကြပါစေ။ သတ္တ၀ါတွေရဲ့ ကောင်းကျိုးတွေကို ကိုယ့်အတွက်မဟုတ်ပဲ သူတို့အတွက် လိုလာတာ ဖြစ်စေချင်တာ အောင်မြင်စေချင်တာတွေဟာ မေတ္တာပါ၊ ဒေါသအပူမီးမပါပဲ မေတ္တာစွမ်းရည် အငြိမ်းဓာတ် အအေးဓာတ်နဲ့ အားလုံးကို လွမ်းခြုံပြီး စောင့်ရှောက်ပေးတာ၊ မိမိကြောင့် သတ္တ၀ါတွေ ကိုယ့်စိတ်နှစ်ပါး ဒုက္ခမရောက်စေချင်တဲ့ သဘောသဘာဝတွေဟာ မေတ္တာပါလို့ ပြောလိုပါတယ်။ ဒါဆို မေတ္တာပေးရင် မေတ္တာမရစရာအကြောင်း မရှိဘူးဆိုတာ သိလောက်ပါပြီး။ အားလုံး မေတ္တာပန်းတွေ ဆင်မြန်းနိုင်ကြပါစေ။ မေတ္တာစွမ်းရည်နဲ့ မိမိဘ၀မြင့်သထက်မြင့်အောင်တည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

သီတဂူသူရိယ
0 အကြံပြုစာ:
Post a Comment